Local News Peace political news

ဗိုလ်ချုပ်မှူးကြီးက ရခိုင်တပ်တော်ကို အကြမ်းဖက်အဖွဲ့ဟု မခေါ်ဘဲ ULA/AA ဟု တရားဝင် ခေါ်ဆို၊ ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် သမ္မတ မေတ္တာရပ်ခံ

ဗိုလ်ချုပ်မှူးကြီးက အကြမ်းဖက်ဟု မသုံးဘဲ ရခိုင်တပ်တော်ကို ULA/AA ဟု တရားဝင်အသိအမှတ်ပြု ၊ ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် သမ္မတ မေတ္တာရပ်ခံ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ယနေ့ကျရောက်သည့် ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ တွင် သမ္မတဦးဝင်းမြင့်က ရွေး ကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ်များတွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး အထူးမေတ္တာရပ်ခံလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်တပ်တော်ကို အကြမ်းဖက်အဖွဲ့ဟု မသုံးနှုန်းတော့ဘဲ ULA/AA ဟု သူ၏ သဝဏ်လွှာ တွင် တရားဝင် အသိအမှတ်ပြု သုံးစွဲလိုက်သည်။

ယနေ့ ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သမ္မတဦးဝင်းမြင့်က ပေးပို့သည့် သဝဏ်လွှာတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် အစိုးရ၏ ဆောင်ရွက်ချက်များကို အသေးစိတ်ဖော်ပြထားပြီး ရခိုင်ဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ရန်လည်း အထူးမေတ္တာရပ်ခံထားသည်။

“လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေး အခြေ အနေ မရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူများအားလုံးအတွက်လည်း အထူးပင် စိတ်မကောင်း ဖြစ်ရပါသည်။ ယင်းနယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံအပ်ပါသည်” ဟု သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ရေးသားထားသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရခိုင်တပ်တော်ကို ယခင်ကဲ့သို့ အကြမ်း ဖက်အဖွဲ့ဟု သုံးနှုန်းခြင်းမရှိတော့ဘဲ ULA/AA ဟု သူ၏ ၄၆ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် တရားဝင် အသိအမှတ်ပြု သုံးစွဲလိုက်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် “၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေတချို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ရွေးကောက်ပွဲ ကျင်းပစေလိုသည့် ULA/AA အဖွဲ့ရဲ့ ကြေညာချက်အပေါ် မိမိတို့ တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့် ဆောင်ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်” ဟု ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် ဂျပန်အစိုးရအထူးကိုယ်စားလှယ်၏ ဝင်ရောက်ညှိနှိုင်းပေးမှုဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့မှစတင်၍ ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံး တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ အေးချမ်းလျက်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts