All News Crime Local News

ပြည်မြို့တွင် မောင်တောမှ မွတ်စလင် ၁၃ဦးဖမ်းဆီး၊ လိုင်စင်မဲ့သာသနာယာဉ် မောင်းနှင့် သံဃာတစ်ပါး ထွက်ပြေးတိမ်းရှောင်

ပြည်မြို့တွင် မောင်တောမှ မွတ်စလင် ၁၃ဦးဖမ်းဆီး၊ လိုင်စင်မဲ့သာသနာယာဉ်မောင်းနှင့် သံဃာတစ်ပါး ထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်း ပြည်မြို့နယ် ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် ရွှေဘုန်းပွင့်ဘုရား အနီးတွင် လိုင်စင်မဲ့ကားဖြင့် လိုက်ပါလာသော ရခိုင်ပြည်နယ် မောင်တောဘက်မှ မွတ်စလင် ၁၃ဦးကို ယနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်းကပြောဆိုသည်။

“ ဒီနေ့ ၁နာရီခွဲပေါ့။ ၁၃း၃ဝ အချိန်ပေါ့။ ပြည်မြို့က ကျောင်းကြီးအိုးတန်းရပ်ကွက်ပေါ့။ ရွှေဘုန်းပွင့်ဘုရားနားက တရုတ်ဘုံကျောင်းအနီးက သာသနဓမ္မဂုဏ်ရည်ကျောင်းတိုက် YGN RLG-7015 Alphard အဖြူရောင်ယာဉ်က ရှေ့ဘီးထွက်ပြီး ရပ်တန့်သွားတယ်။ အနီးအနားက ရဲတပ်ဖွဲ့ဝင်တွေကော ပြည်သူတွေကော အကုန်လုံး မသင်္ကာတာပေါ့။ မသင်္ကာတဲ့အခါမှာ ယာဉ်မောင်းအမျိုးသားတစ်ဦးနဲ့ သံဃာတစ်ပါးတွေ့ပြီးတော့ သူတို့ကထွက်ပြေးသွားတယ်။ ကားထဲကိုစစ်တဲ့အခါကျတော့ မသင်္ကာဖွယ် အမျိုးသားကျား ၁ဦးနဲ့ မိန်းမ ၁၂ဦး ပေါင်း ၁၃ဦးပေါ့။ အဲတာကိုတွေ့တယ်။ စိစစ်တဲ့အခါကျတော့ မောင်တောက ကနေပြီးတော့ ထွက်လာတယ်ပေါ့။ မောင်တောက လာတယ်ဆိုတာကို တွေ့ရှိရတယ်။ ဒီမှာ Quatrain Center လုပ်ထားတယ်ပေါ့။ သူနာပြုကျောင်းပေါ့။ Quatrain Center လုပ်ထားတယ်။ ဒီလဝကတို့ ကျန်းမာရေးတို့ တို့ရဲတပ်ဖွဲ့တို့ အကုန်လုံးပူးပေါင်းပြီးတော့ စိစစ်နေတယ်ပေါ့” ဟု ၎င်းကပြောဆိုသည်။

မွတ်စလင် များကို ခေါ်ဆောင်လာသော သံဃာတစ်ပါးနှင့် ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်းက ဆက်လက်ပြောဆိုသည်။

“ အဲနေရာကို ကျွန်တော်တော့မရောက်သေးဘူးပေါ့။ ဒါပေမယ့် ကျွန်တော်သတင်းတော့ကြားတယ်ပေါ့။ သတင်းကြားတယ်ဆိုတာ ၁၃ဦးမိတယ်။ ဘုန်းကြီးတစ်ပါး ကားနဲ့ ပါလာတယ်။ အဲလိုတော့သိရပါတယ်။ သူနာပြုသင်တန်းကျောင်း Quatrain Center မှာ ထိန်းသိမ်းထားပါတယ်” ဟု ပြည်မြို့နယ် ပဲခူးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်းပြောဆိုသည်။

လက်ရှိတွင် မွတ်စလင်များကို ယာယီအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားပြီး သက်ဆိုင်ရာ၏ ညွှန်ကြားချက်နှင့်အညီသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေသအာဏာပိုင်များ၏ အဆိုအရ သိရှိရသည်။

Photo Credit – လှိုင်းခတ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts