Crime interview Peace political news

တာဝန်ယူမှု တာဝန်ခံမှုမရှိသော ပြည်ထဲ ရေးဝန်ကြီး၊ ရဲတပ်ဖွဲ့နှင့် ဗစ်တိုးရီးယားအတွက် ပျောက်ဆုံးနေဆဲ တရားမျှတမှု၊ အမှန်တရား ဘယ်လိုရှာကြမလဲ

တာဝန်ယူမှု တာဝန်ခံမှုမရှိသော ပြည်ထဲရေးဝန်ကြီး၊ ရဲတပ်ဖွဲ့နှင့် ဗစ်တိုးရီးယားအတွက် ပျောက်ဆုံးနေဆဲ တရားမျှတမှု၊ အမှန်တရား ဘယ်လိုရှာကြမလဲ

By ရန်ကုန်ခေတ်သစ်

၂၀၁၉ ခုနှစ်၊ နေပြည်တော်တွင် ဗစ်တိုရီးယားဟု ပြည်သူများက ခေါ်ဆို လျှို့ဝှက်ပေး ခဲ့သော ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှု ခံခဲ့ရပြီး ယခုအချိန်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိပေ။

မူလကကိုအောင်ကြီး ကို တရားခံဟု ရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီး တရားရုံးတင်ခဲ့သော်လည်း တရားရုံးက အပြစ်မရှိ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ရဲတပ်ဖွဲ့သည် တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသည့်အပြင် ဗစ်တိုရီးယားကလေးငယ်၏ အမည်၊ မိဘ၊ အလုပ်အကိုင်များကို စာရွက်စာတမ်းများနှင့်တကွ ကျင့်ဝတ်သိက္ခာမဲ့စွာ ဖော်ထုတ်ပြောဆိုခဲ့ပြန်သည်။

ယင်းသို့ တရားခံကို မဖော်ထုတ်နိုင်ခြင်း၊ ကျင့်ဝတ်သိက္ခာမဲ့စွာဖြင့် ကျူးလွန်ခံခဲ့ရသော ကလေးငယ်၏ အမည်၊ မိဘ၊ အလုပ်အကိုင်နှင့် လျှို့ဝှက်ထားအပ်သော ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့မှုအတွက် တာဝန်အရှိဆုံးသော ပြည်ထဲရေးဝန်ကြီးကလည်း ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ခဲ့ခြင်းမရှိပေ။

လက်ရှိ အချိန်အထိ ကျူးလွန်ခံခဲ့ရသော ဗစ်တိုရီးယားအတွက် အမှန်တရားပျောက်ဆုံးနေဆဲဖြစ်ရာ တရားမျှတမှု ရှာဖွေနိုင်မည့် နည်းလမ်းများကို ဥပဒေပညာရှင်တချို့ကို ရန်ကုနေ်ခတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်

ဗစ်တိုးရီးယား ကိစ္စနဲ့ပတ်သက်လို့ ဗစ်တိုးရီးယားလေးရဲ့ ကလေးသူငယ် ဥပဒေကို ချိုးဖောက်ပြီးတော့ မပြောသင့်မပြောထိုက်တဲ့ဟာတွေကို ပြောတဲ့အတွက်ကြောင့်မို့လို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ရဲသုံးယောက်ကို တရားစွဲဖို့ ရှေ့နေတွေကနေပြီးတော့ အဲဒီဟာ အခုထက်ထိ နိုင်ငံတော် အစိုးရက ရှင်းရှင်းပြောရရင် တရားစွဲခွင့် ခွင့်မပြုလို့ ဘာမှကို တိုးတက်မှုမရှိဘူးပေါ့။

အဲလိုရှိတယ်။ ဒီ NLD သက်တမ်းအတွင်းမှာ ရုပ်အပျက်ဆုံးပေါ့။ ရဲတွေကို တရားစွဲဖို့လို့ ဥပဒေနဲ့အညီ တောင်းတာကို ချမပေးဘူးပေါ့။ အဲတာဟာဗစ်တိုးရီးယားအတွက် အတော် နစ်နာတာပေါ့။ ဗစ်တိုးရီးယားနဲ့ ပတ်သက်လို့ကတော့ ဒီဟာက အစတည်းက ဆရာတို့က ကြိမ်ဖန်များစွာပြောတယ်။

ဒီအမှုက အသစ်ပြန်တည်ဆောက်ရမှာ ဗစ်တိုးရီးယား အမှုက အသစ်ပြန်တည်ဆောက်ပြီးတော့ ဒီအမှုက ပြန်ပြီးတော့ အမှုတည်ဆောက်ရမယ်။ တည်ဆောက်ပြီးတော့ ရဲကနေ အမှုပြန်တည်ဆောက် တည်ဆောက်ပြီးတော့ ဥပဒေကိုတင် ဥပဒေနဲ့ ညှိပြီးတော့ တရားစွဲရမယ်။

ဗစ်တိုးရီးယားလေးကနေပြီးတော့ ဖော်ထုတ်ထားတဲ့ ကိုကိုနဲ့ ညီညီပဲဆိုတဲ့ ကိစ္စရယ်။ ဆရာမနှင်းနုပြောတယ်ဆိုတဲ့ ကိစ္စတွေပေါ်မှာပဲ မူတည်ပြီးတော့ အမှုတည်ဆောက်ပြီးတော့ တရားစွဲပါဆိုတဲ့ ကိစ္စကို အဲတာကို လုပ်ရမယ့်ဟာကို ရဲတပ်ဖွဲ့က လုံးဝမလှုပ်ဘူး။ ဥပဒေကလည်းပဲ မထိန်းကျောင်းနိုင်ဘူး။

ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက ရဲတပ်ဖွဲ့ကြီးကို ကြီးကြပ်ရမယ့် ဥပဒေက အစွမ်းမရှိဘူးဖြစ်နေတယ်။ ရဲကတော့ ထားပါတော့ စစ်တပ်အောက်က ရဲဆိုတဲ့အခါကျတော့ သူ့မှာတော့ ဖိအားတွေ အများကြီးရှိတယ်ပေါ့။ ဒါပေမယ့် ဥပဒေကတော့ ဒေါ်အောင်ဆန်းစုကြည်ခန့်ထားတဲ့ ရှေ့နေချုပ် ဥပဒေက လွတ်လပ်တယ်။ ဥပဒေက ကိုယ့်အလုပ်ကို ကိုယ်မလုပ်နိုင်ဘူး။

ရဲတပ်ဖွဲ့ကြီးကို ကောင်းကောင်းမကြီးကြပ်နိုင်ဘူးဖြစ်နေတယ်။ အဲလိုဟာမျိုးဖြစ်နေတဲ့ အတွက်ကြောင့်မို့ ဗစ်တိုးရီးယားလေးတင်မကဘူး။ အကုန်လုံးရှိသမျှသူတွေ အကုန်နစ်နာတာပဲလေ အဓိကကတော့ ရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးနဲ့ ရဲတပ်ဖွဲ့ကြီးပေါ်မှာ ကောင်းစွာ မထိန်းနိုင်တာ မညွှန်ကြားနိုင်တာ အဓိကပဲ။

အဲတာကြောင့်မို့ လာမယ့် ဒီ၅နှစ်သက်တမ်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်ယူနိုင်တဲ့ တာဝန်ယူရဲတဲ့ ရှေ့နေချုပ်ကို ခန့်ထားပြီးတော့ ရဲတပ်ဖွဲ့ကြီးကို ထိန်းကြောင်းသင့်တယ်။ သေသေချာချာအဲလို မဟုတ်တာတွေ ဟုတ်တာတွေလုပ်ပြီးတော့ အမှုတွေတည်ဆောက်တည်ဆောက်ပြီး တရားစွဲ သေသေချာချာ တည်ဆောက်ပြီးတော့ ပြန်တရားစွဲရမယ့် အမှုတွေကျတော့ အမှုမတည်ဆောက် တရားမစွဲ အဲတာတွေဖြစ်နေတယ်။ ပြောင်းပြန်ဖြစ်နေတယ်။

လာမယ့် ၅နှစ်မှာ အဲလိုပဲ ရဲတပ်ဖွဲ့ကြီးကို ထိန်းကျောင်းရမယ့် ရှေ့နေချုပ်အောက်က ဥပဒေရုံးတွေဟာ ဒီလိုပဲ အိရော အိရော နဲ့သွားမယ်ဆို တို့နိုင်ငံဘယ်လိုမှ တရားဥပဒေ စိုးမိုးမှာ မဟုတ်ဘူး။ ဗစ်တိုးရီးယားအပါအဝင်အများကြီး နစ်နာလိမ့်မယ်လို့ အဲလိုမှတ်ချက်ပြုချင်တယ်။

ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)

မြန်မာနိုင်ငံရဲ့ ဥပဒေစနစ်အရတော့ ရာဇဝတ်မှုပေါ့။ ရာဇသတ်ကြီး ဥပဒေမှာပြဌာန်းထားတဲ့ ရာဇဝတ်ပြစ်မှုတွေဟာ သက်ဆိုင်ရာ တကယ်ကျူးလွန်တဲ့ တရားခံကို သူ့ဥပဒေနဲ့ ညီညွတ်တဲ့ အပြစ်ဒဏ် သက်ဆိုင်တဲ့တရားရုံးက မပေးသေးသ၍ ပျောက်ပျက်သွားရိုး ထုံးစံမရှိပါဘူး။

ထုံးစံမရှိဘူး ဆိုတဲ့အခါကျတော့ တစ်ခါတရံ ဖြစ်တတ်တာက အခုလိုမျိုး ဗစ်တိုးရီးယား အမှုလိုမျိုး သံသယ တရားခံတစ်ယောက်ကို စွဲတင်လိုက်တယ်။ အဲဒီ သံသယ တရားခံကလည်းပဲ သူဟာ ဒီပြစ်မှုကို ကျူးလွန်ကြောင်း အခြေအမြစ်မရှိဘူး။ ခိုင်လုံမှုမရှိဘူးဆို သူ့ကိုလွှတ်လိုက်တဲ့ အခါမှာ တကယ်ပင်မ ကျူးလွန်ခဲ့တဲ့ တရားခံကို နောက်တစ်ကြိမ် ထပ်ပြီး တရားစွဲဆိုတင်ပို့ပြီးတော့ အပြစ်ပေးနိုင်ဖို့ဆိုတဲ့ အပိုင်းတစ်ပိုင်းကျန်ပါတယ်။

ဗစ်တိုးရီးယား အမှုမှာက ကိုအောင်ကြီးကို လွှတ်လိုက်ပြီ။ ရုံးတင် စွပ်စွဲလိုက်တာနဲ့ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးအဆင့်ဆင့်က သူတို့တာဝန်တွေ ပြီးသွားပြီလို့ ဒီတိုင်းပဲ ခံယူပြီးတော့မှ နိုင်ငံတော် သမ္မတကနေမှ အမှန်အတိုင်းဖြစ်ဖို့ ဆောင်ရွက်ဖို့ ညွှန်ကြားသည့်တိုင်းအောင် ဒီနေ့ထိ ဆောင်ရွက်တာ သိသာထင်ရှားတဲ့ ဆောင်ရွက်ချက်တွေ ကျွန်တော်မတွေ့ဘူးပေါ့။

အဲ့တော့ ဥပဒေမှာကတော့ လုပ်လို့မရဘူးလားဆိုရင် ရဲလက်စွဲမှာလည်းပဲ အတိအလင်း ပြဌာန်းထားတာရှိပါတယ်။ ဒီလိုမျိုး ရာဇဝတ်မှုတစ်ခုကို ကျူးလွန်တယ်။ စွဲဆိုတင်ပို့လိုက်တဲ့ သံသယ တရားခံက ဒီပြစ်မှုနဲ့ ပတ်သက်လို့ အခြေအမြစ်မရှိဘူး။ မခိုင်လုံဘူး။ ဒီအမှုနဲ့ သက်ဆိုင်မှုမရှိလို့ လွတ်သွားတယ်ဆိုရင် အမှန်တကယ် ဒီပြစ်မှုဟာ ကျူးလွန်တဲ့ တရားခံတစ်ယောက် ပေါ်ပေါက်ဖို့ လိုအပ်နေတယ် ဆိုခဲ့ရင် မြို့နယ် ရဲတပ်ဖွဲ့မှူးကနေမှ ဒီအမှုကို ကူးယူပြီးတော့မှ ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့အတွက် ဥပဒေရုံးနဲ့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားသလို ဒီရှေ့နေချုပ်ရုံး ဥပဒေမှာလည်းပဲ ဥပဒေရုံး အဆင့်ဆင့်က ဒီကျူးလွန်လိုက်တဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်သူ တရားခံကို ဖော်ထုတ်ဖမ်းဆီးပြီးတော့မှ ဥပဒေနဲ့အညီ အပြစ်ပေးနိုင်တဲ့ အဆင့်ဆင့်ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိပြီးဖြစ်ပါတယ်။

အဲတော့ ဒီညွှန်ကြားချက်တွေ ဥပဒေတွေ ရှိနေသလို တရားရုံး ညွှန်ကြားလွှာတွေမှာလည်း တရားစီရင်ရေး တိမ်းစောင်းခြင်းဆိုတာဟာ အပြစ်မရှိတဲ့ သူကိုမှားယွင်းပြီး အပြစ်ပေးရုံသာ မကဘဲနဲ့ အပြစ်ရှိတဲ့ တရားခံကို ဖော်ထုတ်ဖမ်းဆီးပြီးတော့မှ ဥပဒေနဲ့ ညီညွတ်တဲ့ ပြစ်မှုပြစ်ဒဏ် မပေးနိုင်ရင်လည်းပဲ ဒါဟာ တရားဥပဒေ တိမ်းစောင်းခြင်းဖြစ်တယ်။ ဒါမျိုးတွေ မဖြစ်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားလွှာတွေလည်း ရှိပြီးသားပါ။ သို့ပေမယ့် ဒီအမှုမှာကျတော့ ခုနကပြောသလို တစ်အချက်က သက်ဆိုင်ရာတာဝန်ရှိသူတွေပေါ့။

သက်ဆိုင်ရာ တရားရှိတဲ့ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးတွေကလည်းပဲ ကိုအောင်ကြီးကို တင်လိုက်တဲ့ တရားစွဲဆိုတင်ပို့ပြီးရင် သူတို့ရဲ့လုပ်ငန်းတာဝန်တွေ ပြီးသွားပြီလို့ ယူဆပြီးတော့ ဆက်မလုပ်ဘူး။ အဲဆက်မလုပ်တဲ့အပေါ်မှာ နိုင်ငံတော် သမ္မတရုံးကနေမှ ထပ်ဆင့်ပြီးတော့ ညွှန်ကြားချက်တွေထုတ်တယ်။ အဲဒီမှာကျတော့ ဘယ်သူပေါ်မှာ တာဝန်ရှိသွားလည်းဆိုတော့ နိုင်ငံတော် သမ္မတရုံးမှာ သွားပြီးတော့ တာဝန်တယ်။

မိမိ ထုတ်လိုက်တဲ့ ညွှန်ကြားချက်အပေါ်မှာ ညွှန်ကြားခံရတဲ့ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးတွေက ဆက်မလုပ်ဘူးဆိုရင် သူတို့ကို ဘယ်လိုအရေးယူမလဲ။ ဆက်လုပ်အောင် ဘယ်လိုကြီးကြပ် ကွပ်ကဲမလည်းဆိုတဲ့ နောက်ဆက်တွဲလုပ်ငန်းတွေ လုပ်ဖို့လည်း နိုင်ငံတော် သမ္မတရုံးက ပျက်ကွက်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲတော့ ဒီ ၂ဝ၁၅နဲ့

၂ဝ၂ဝ ကြားထဲမှာ တာဝန်ယူအုပ်ချုပ်ခဲ့တဲ့ NLD ပါတီက ဖွဲ့စည်းလိုက်တဲ့ အစိုးရပေါ့။ သမ္မတဦးထင်ကျော်နဲ့ သမ္မတဦးဝင်းမြင့် အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ အကြီးမားဆုံးပျက်ကွက်မှုကတော့ ဒီဗစ်တိုးရီးယား အမှုကို တကယ်ကျူးလွန်တဲ့ တရားခံ အစစ်ကို ရုံးရှေ့ရောက်ပြီးတော့ ဥပဒေနဲ့ ညီညွတ်တဲ့ အပြစ်ပေးဖို့အတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ ဆောင်ရွက်ဖို့ တရားစွဲ အဖွဲ့အစည်းကို ထိထိရောက်ရောက် ကြီးကြပ်ကွပ်ကဲ ညွှန်ကြားဖို့ ပျက်ကွက်နေခြင်းလို့ ပြောလို့ရပါတယ်။

အဲဒါကလည်းပဲ တကယ်ကို သက်ငယ်မုဒိမ်းမှုတွေ မြင့်မားနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ တော်တော်စိတ်မကောင်းစရာနဲ့ စိုးရိမ်ဖွယ်ကောင်းတဲ့ ပျက်ကွက်မှုလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါက ရာဇဝတ်ကြောင်းပေါ့။ နောက်တစ်ခါ တစ်ဖက်က ဒီရာဇဝတ် ပြစ်မှုကို တရားခံဖော်ထုတ်ဖမ်းဆီးပြီး အပြစ်ပေးသည့်တိုင်အောင် ဒီကလေးငယ်လေးအပေါ်မှာ ဘာအကျိုးသက်ရောက်မှုရှိမလည်းဆို တရားခံထောင်ကျသွားတာလွဲလို့ ဒီကလေးပေါ်မှာ အကျိုးသက်ရောက်မှုမရှိဘူး။

ဒီကလေးအတွက် နစ်နာမှုအတွက် အကျိုးရှိအောင်က တရားမကြောင်းအရ လျော်ကြေးရလိုမှုတွေ နစ်နာကြေးရလိုမှုတွေ ကျွန်တော်စွဲဆိုဖို့ရှိတယ်။ အဲဒီမှာကျတော့လည်းပဲ ဒီကလေးမလေးအမှုကို ကိုယ်တွယ်စီမံဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ တုံ့ဆိုင်းတွေဝေမှုကြောင့် ခုနသက်ဆိုင်ရာ ကျောင်းကိုလည်းပဲ နစ်နာကြေး လျော်ကြေးရလိုမှုနဲ့ တရားမ စွဲဆိုနိုင်ခြင်းမရှိသေးသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲမှူးချုပ် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ကျူးလွန်ပြီးတော့မှ ကလေးမလေးရဲ့ အမည်၊ မိဘရဲ့ အမည် ဒါမှုခင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ထားရမယ့် အချက်တွေကို ထုတ်ဖော်ပြီးတော့ ပြောကြားခဲ့တဲ့ ဟာတွေနဲ့ ပတ်သက်လို့လည်းပဲ ရဲတပ်ဖွဲ့ကို တရားစွဲဆို အရေးယူနိုင်တဲ့ တရားမကြောင်းအရ အရေးယူနိုင်ခြင်းမရှိဘူး။

မရှိတော့ ကျွန်တော်တို့မြင်တာကတော့ ဒီကျူးလွန်ခံလိုက်ရတဲ့ ကလေးမလေးနဲ့ သူရဲ့ မိဘတွေဟာ ရာဇဝတ်ကြောင်းအရကော တရားမကြောင်းအရကော နစ်နာနေတယ်။ တစ်ဖက်ကလည်းပဲ ဒီနစ်နာမှုအပေါ်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကကော ပံ့ပိုးကူညီကျမယ့် အရပ်ဖက်အဖွဲ့အစည်းတွေကကော ပျက်ကွက်မှုရှိနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

ဒီပျက်ကွက်မှုတွေက ဥပဒေမှာ ဘာမှလုပ်မရလို့ ပျက်ကွက်တဲ့ ပျက်ကွက်မှု မဟုတ်ဘဲနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ဖို့ဆန္ဒ အားနည်းနေတဲ့ အတွက်ရယ်။ ဒါပေါ်မှာ တင်းတင်းကြပ်ကြပ် ဖိဖိစီးစီး ကြီးကြပ်ပြီးတော့မှ ကွပ်ကဲ ဆောင်ရွက်ပေးရမယ့် နိုင်ငံတော် သမ္မတရုံးရဲ့ ပျက်ကွက်မှုတွေကြောင့်ပဲလို့ ကျွန်တော်တော့မြင်ပါတယ်။

ဦးသိန်းသန်းဦး ( တရားလွှတ်တော်ရှေ့နေ)

တရားစွဲ အဖွဲ့အစည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ရှိတာပေါ့။ နောက်တစ်ခုကတော့ အစိုးရပေါ့။ တစ်ခုလုံးတာဝန်ခံရှိတာ အစိုးရ သူအောက်မှာ ကဏ္ဍအလိုက်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲပေါ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားခံရှာပေးဖို့ ဘာဖြစ်လို့လည်းဆိုတော့ ရဲအရေးပိုင်တဲ့အမှုဖြစ်နေတယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်တော့ သူတို့မှာ တာဝန်ရှိတယ်။

ကျန်တဲ့ပြည်သူတွေက မတတ်နိုင်ဘူး။ သူတို့လုပ်မှရမှာ ကျွန်တော်တို့မှာ အဲဒီအခွင့်အာဏာမရှိဘူး။ ဗစ်တိုးရီးယားနဲ့ ပတ်သက်လို့ ဗစ်တိုးရီးယားလေးကို ၂ဝ၁၉ခုနှစ် ကလေးသူငယ်ဥပဒေ အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ပြီးတော့ အမည်နာမ အတိအကျပြောတဲ့ ရဲအရာရှိကြီးတွေကို တရားစွဲဖို့ ကျွန်တော်တို့ခွင့်ပြုမိန့် တောင်းလို့မရဘူး။ ကျွန်တော်တို့ ဥပဒေနဲ့ အညီတောင်းတာ ကျွန်တော်တို့ကတော့ ဆက်တောင်းမှာပေါ့။

မိသားစုက သဘောတူတယ်ဆို ကျွန်တော်တို့ ဆက်ဆောင်ရွက်သွားမှာ ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းတော့ အဲတာပဲ ဗစ်တိုးရီးယားအတွက် တရားမျှတအောင် ဆောင်ရွက်ဖို့သည်။ နံပါတ်တစ် ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ လုံးဝတာဝန်ရှိတယ်။ ဒုတိယ တာဝန်ရှိတာက ပြည်ထဲရေးဝန်ကြီးဌာနဖြစ်တယ်။ ရဲတပ်ဖွဲ့ကို ထိန်းကွပ်ရတဲ့အတွက် တတိယ တာဝန်ရှိတာက ပြည်ထောင်စု အစိုးရအဖွဲ့ မြန်မာနိုင်ငံတော် အစိုးရဖြစ်ပါတယ်။

ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts