Election Local News Peace political news

တပ်မတော်၏ နိုဝင်ဘာ ၃၀ ရက်နေ့ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက် ဆီလျှော်ညီညွတ်မှု မရှိဟု NLD ပြော

တပ်မတော်၏ နိုဝင်ဘာ ၃၀ ရက်နေ့ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက် ဆီလျှော်ညီညွတ်မှု မရှိဟု NLD ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁

တပ်မတော်က တပ်မိသားစုဝင်များ မဲပေးခဲ့ကြသည့် မြို့နယ် ၂၁၈ မြို့နယ်မှ ရွေးကောက်ပွဲ ဖြစ်စဉ်များ စိစစ်နေပြီး လိုအပ်လျှင် စာရွက်စာတမ်းများ ကူးယူခွင့်ရရှိရေး တောင်းဆိုသော တပ်မတော်၏ ထုတ်ပြန်မှုသည် ဥပဒေနှင့်ဆီလျှော်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဒေါက် တာ မျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ အပြီး သတ် ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ပြီးဖြစ် ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ အပြီးအပြတ်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ် ထပ်မံစိစစ်မည်ဆိုခြင်းသည် ရှေ့နောက်ညီညွတ်မှု မရှိကြောင်း၊ တပ်မိသားစုများ မဲပေးမှုနှင့်ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်းများကို ကူးယူခွင့်တောင်းယူခြင်းသည် ဥပဒေများနှင့် ဆီလျှော်မှုမရှိကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

“အဲဒါကလည်း ကျွန်တော်တို့ သက်သေခံဥပဒေ နောက်ပြီး ရွေးကောက်ပွဲဥပဒေတွေနဲ့ဆီလျှော်မှု မရှိပါဘူး။ ကျွန်တော်တို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်က အပြီးအပြတ်ဖြစ် သည်လို့ ဖော်ပြထားပြီး အပြီးပြတ်ဖြတ်ပြီးတဲ့ ဆုံးဖြတ်ချက်ကို ထပ်မံစိစစ်မယ်ဆိုက ရှေ့နောက် ညီညွတ်မှုမရှိဘူးလို့ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲတစ်ခုလုံးကို ခြုံငုံပြောဆိုခြင်းထက် မည်သည့် မဲဆန္ဒနယ်တွင် မည်သို့ မဲမသမာမှု ဖြစ်ခဲ့သည်ဆိုသော အခြေအနေ အချက်အလက်များကိုသာ ပြောဆိုလျှင် သင့်လျှော်မည်ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က တုံ့ပြန် ပြောဆိုထားသည်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရာခိုင်နှုန်းတွေ မဲပေးသူ အချိုးအစားတွေ အကုန်လုံး ထုတ်ပြန်လိုက်ပြီဆိုတာတွေ့ပါတယ်။ ကျွန်တော်တို့က ဒီရွေးကောက်ပွဲတစ်ခုလုံးကို ခြုံပြီး အခုလိုပြောဆိုနေမယ့်အစား ဘယ်ရွေးကောက်ပွဲ ဘယ်နေရာမှာ ဘယ်ပုဂ္ဂိုလ်က ဘယ်လို မဲမသမာမှုကျူးလွန်ခဲ့တယ်ဆိုပြီး တိကျတဲ့အချက်တွေနဲ့ပြောမယ်ဆိုရင်တော့ ဆောင်ရွက်ရတာ သင့်လျှော်မယ်လို့ ကျွန်တော်ကတော့ပြောချင်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွင်း တပ်မိသားစုဝင်များ မဲပေးခဲ့သည့် မြို့နယ် ၂၁၈ ခုတွင် ရွေးကောက်ပွဲဖြစ်စဉ်များကို ပြန်လည် စိစစ်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် သံသယ ကင်းကင်းဖြင့် အသိအမှတ်ပြုနိုင်ရေးအတွက် ရွေးကောက်ပွဲဖြစ်စဉ်များကို ပြန်စိစစ်နေကြောင်း၊ စစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး လိုအပ်လျှင်ရွေး ကော က်ပွဲ ကန့်ကွက်လွှာများ တင်သွားမည်ဖြစ်ကြောင်း တပ်မတော်က နိုဝင် ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်နှင့် ဒေါက်တာမေဝင်းမြင့်။ Photo

Credit – NLD

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts