Local News Peace political news

တပ်မတော်နှင့် AA ခေါင်းဆောင်များ အွန်လိုင်းမှ မိနစ် ၃၀ ကြာဆွေးနွေးခဲ့သော်လည်း လက်နက်ခဲယမ်း ရိက္ခာများ ဆက်တိုက်ပို့ဆောင်ဟုဆို

တပ်မတော်နှင့် AA ခေါင်းဆောင်များ အွန်လိုင်းမှ မိနစ် ၃၀ ကြာဆွေးနွေးခဲ့သော်လည်း လက်နက်ခဲယမ်း ရိက္ခာများ ဆက်တိုက်ပို့ဆောင်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂

တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့အကြား နှစ်ဖက် ခေါင်းဆောင်များ အွန်လိုင်းမှတစ်ဆင့် မိနစ် ၃၀ ကြာ ဆွေးနွေးမှုများရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်းကုန်းလမ်း၊ ရေလမ်းများမှတစ်ဆင့် လက်နက်ခဲယမ်း ရိက္ခာများ ဆက် တိုက်ပို့ဆောင်နေကြောင်း AA က ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက် ရွေးကောက်ပွဲကျင်းပပြီးသည့်နောက်တွင် မြန်မာ့တပ်မတော် ဖက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အပြုသဘော ဆောင်သည့်ထုတ်ပြန် ကြေညာ ချက်တစ်ရပ်ကို နိုဝင်ဘာလ (၁၂) ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ မြန်မာ့တပ်မတော်၏ အဆိုပါထုတ်ပြန် ချက်၌ ULA/AA ၏ နိုဝင်ဘာလ (၁၂) ရက်နေ့ထုတ်ပြန်ကြေညာချက်ကိုလည်း အပြုသဘောဖြင့်ကြိုဆိုသည်ဟု ထည့် သွင်းဖော်ပြခဲ့ကြောင်း AAက ထုတ်ပြန်ချက်ကို အစချီထားသည်။

အဆိုပါထုတ်ပြန်ချက်များအပြီးတွင် မြန်မာ့တပ်မတော်မှ ရခိုင်၊ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်း”လုံးဝ”မရှိ တော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာ လျော့ကျခဲ့ကြောင်း၊ နှစ်ဖက်တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း (၂၀) ကျော်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းများရှာဖွေကာ ဆောင်ရွက်နေကြောင်း ထပ်မံကြားသိရသော ကြောင့် ရခိုင်၊ ပလက်ဝဒေသအတွင်း၌ နှစ်နှစ်ကျော်နီးပါး ဆက်တိုက်ဖြစ်ပွားနေခဲ့သော စစ်မက်များရပ်တန့်ကာ ငြိမ်းချမ်းရေးလမ်းစများပွင့်လာမည်လားဟု နိုင်ငံတကာနှင့် မြန်မာတစ်နိုင်ငံလုံးမှ မျှော်လင့်နေကြောင်း၊ သို့သော်လည်း ကုန်းလမ်း၊ ရေလမ်းများမှ လက်နက်ခဲယမ်း ရိက္ခာများကို ယခုရက်များတွင်ဆက်တိုက်ပို့ဆောင်နေသောကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ဟုလည်း ဒေသခံပြည်သူများမှ ယုံကြည်နေကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တစ်နှစ်နီးပါးကြာရပ်တန့်နေခဲ့သော မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ပြန်လည်စတင်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ အဖွဲ့အစည်းနှစ်ခုစလုံးအနေဖြင့် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထား ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ကနဦးခြေလှမ်းအားဖြင့်၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တို့ Online မှတစ်ဆင့် အောက်ပါ အချက်များကို မိနစ် (၃၀) အတွင်း အကြမ်းဖျဉ်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဆွေးနွေးကြရာတွင်

(၁) ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် မြို့နယ်များအားလုံး၌ ပြည်သူများ၏မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွတ်လပ်မျှတသောရွေးကောက်ပွဲ၏စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီ ပြန်လည်ကျင်းပနိုင်ရန်၊

(၂) အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန်အခက်အခဲဖြစ်နေသော ကျေးရွာများအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေး နှင့် အန္တရာယ်ကင်းစွာသယ်ယူပို့ဆောင်နိုင် ရေးကို နှစ်ဖက်စလုံးမှ အလေးထားဆောင်ရွက်ကြရန်၊

(၃) ရရှိထားပြီးသော အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန်၊

စသည့်အချက်များကို အကြမ်းအားဖြင့် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် မြန်မာ့တပ်မတော်အား ဒေသခံပြည်သူများ၏အရေးကို အလေးထားစဉ်းစားပေးရန် AA က အကြံပြုခဲ့ရာတွင်

(၁)တိုက်ပွဲကာလများအတွင် ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောင့်ကြ ကင်းမဲ့စွာဖြင့်ခရီးသွားလာနိုင်ရန် နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ်ကင်းစွာသယ်ယူ ပို့ဆောင် နိုင်ရန်၊

(၂) တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထုများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှု အတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန်၊

စသည့်အချက်(၂) ချက်ကိုလည်း အလေးထားစဉ်းစားဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တစ်ပြိုင်နက်တည်းတွင် နှစ်ဖက် လူချင်းတွေ့ နိုင်မည့် အခြေအနေတစ်ရပ်ကိုလည်း ဆက်လက် ဆွေးနွေး ညှိနှိုင်း နေကြဆဲဖြစ်ကြောင်း၊ လက်ရှိ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ AAနှင့် မြန်မာ့တပ်မတော်တို့အကြားတွင် ဆွေးနွေးလုပ်ဆောင်နေကြသောအချက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts