All News Local News Peace

တပ်မတော်က ဖမ်းဆီးထားသည့် ကျောက်တော်ဒေသခံ ၂၀ ဦး ၉ လကျော်ကြာပျောက်ဆုံးနေ

တပ်မတော်က ဖမ်းဆီးထားသည့် ကျောက်တော်ဒေသခံ ၂၀ ဦး ၉ လကျော်ကြာပျောက်ဆုံးနေ

By Western News

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဒေသခံ ၂၀ ဦးမှာ တပ်မတော်က ဖမ်းဆီးခံရပြီးနောက်ပိုင်း ယခုအချိန်အထိ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များကပြောသည်။

ပျောက်ဆုံးသွားသူများမှာ ပိုက်သည်ရပ်ကွက်မှ ၁ ဦး၊ တောင်ပေါက်ကျေးရွာမှ ၁ ဦး၊ တင်းမ(သစ်)ကျေးရွာမှ ၈ ဦးနှင့် တင်းမ(ကြီး)ကျေးရွာမှ ၁၀ ဦးစုစုပေါင်း ၂၀ ဦးကို တပ်မတော် တပ်မ ၅၅ မှ ဖမ်းဆီးသွားသည်မှာ ၉ လကျော်ကြာပြီဖြစ်သော်လည်း သတင်းအစအနလုံးဝမရရှိဘဲပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ဦးကျော်စိုးဝင်း(တောင်ပေါက်ကျေးရွာ)နှင့် ဦးမောင်စောရွှေ (ပိုက်သည်ရပ်ကွက်)တို့နှစ်ဦးမှာ ကျောက်တော်မြို့ရှိ အဝေးပြေး ကားဂိတ်အနီးရှိ ကွမ်းယာဆိုင်၌ ကွမ်းစား နေစဉ် တပ်မ ၅၅ မှတပ်မတော်သားများက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံ ဦးကျော်စိုးဝင်း၏ ညီဖြစ်သူကိုကျော်အေး ဝင်းကပြောသည်။

“ မတ်လ ၃၁ ရက်နေ့ကဖမ်းဆီးသွားတာ။ တပ်မ ၅၅ ကတပ်မတော်သားတွေက ဖမ်းသွားတာ။ ကျွန်တော့်အစ်ကိုနဲ့ တခြားတစ်ယောက်က ကားဂိတ်အနီးမှာရှိတဲ့ ကွမ်းယာဆိုင်မှာကွမ်းစားနေတာ။ လကုန်လို့ တပ်မတော်သားတွေက မြို့ထဲကိုလစာထုတ်ဖို့လာတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ဦးကိုဖမ်းသွားတာ။ ဖမ်းသွားတဲ့ အချိန်ကစလို့ ဒီနေ့အချိန်ထိဘာသတင်းအစအနမှမရရှိပါ”ဟု ပြောသည်။

ဖမ်ဆီခံထားရသည့် ဦးကျော်စိုးဝင်းမှာ သုံးဘီးဆိုင်ကယ်မောင်းနှင်နေသူဖြစ်ပြီး၊ ဦးမောင်စောရွှေမှာ ဘေးတွဲဆိုင်ကယ် မောင်းနှင်နေသူဖြစ်ကာ မိသားစုကိုလုပ်ကိုင်ကျွေးမွေးနေကြသူများဖြစ်သည်။ ၎င်းတို့နှစ်ဦးဖမ်းဆီးခံထားရသည်နှင့် ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များနှင့် နိုင်ငံတကာကြက်ခြေနီကော်မတီတို့ကို သွားရောက်အကူအညီတောင်းခံခဲ့သော်လည်း ယခုအချိန်ထိ မည်သည့် ထူးကြားမှုမရှိသေးဟု ကိုကျော်အေးဝင်းကပြောသည်။

“ ရဲစခန်းသွားတိုင်တော့ စခန်းမှူးက ဖမ်းသွားတဲ့လူတွေကျွန်တော်တို့ဆီကို မရောက်သေးဘူးလို့ပြောတယ်။ ရောက်ရင်အကြားကြားမယ်ပေါ့။ လောလောဆယ်မရောက်သေးလို့ပြောတယ်။ ကျွန်တော်အစ်ကိုမှာက သမီးနှစ် ယောက်ရှိတယ်။ သူတို့ကိုသုံးဘီးမောင်းကာ ရှာဖွေကျွေးမွေးနေတာ”ဟု ပြောသည်။

ဖမ်းဆီးသွားသည့် ဦးကျော်စိုးဝင်းနှင့် ဦးမောင်စောရွှေတို့နှစ်ဦးမှာ သက်ရှိထင်ရှားရှိနေသေးလျင် ပြန်လွတ်ပေးစေလိုကြောင်း၊ အပြစ်ရှိလျင်လည်း တရားဥပဒေနှင့် အညီအရေးယူဆောင်ရွက်ပေးစေလိုကြောင်း ကိုကျော်အေးဝင်း ကတောင်းဆိုလိုက်သည်။

အလားတူဖမ်းဆီးခံထားရသည့် ဦးမောင်စောရွှေအစ်မဖြစ်သူ ဒေါ်နုသန်းရီကလည်း ဖမ်းဆီးသွားသည့်နေမှစ၍ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားခဲ့သော်လည်း သူတို့ကမှတ်ချက်များယူကာ ဆောင်ရွက်ပေးမည်ဟုပြောဆိုခဲ့သော်လည်း ဘာတစ်ခုမှထူးကြားမှုမရှိခဲ့ကြောင်းနှင့် မောင်ဖြစ်သူဖမ်းဆီး ခံထားရ သည်မှာ ၉ လကြာပြီဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း ပြောဆိုသည်။

“ကျွန်မမောင်ကကယ်ရီမောင်းတယ်။ ကားဂိတ်အနီးကဖမ်းသွားတာ။ ဖမ်းသွားတဲ့နေ့က လွှတ်တော်ကိုယ်စားလှယ်တွေကို သွားလို့တိုင်ကြားခဲ့တယ်။ သူတို့က မှတ်ချက်တွေယူတယ်။ ပြီးတော့ အရမ်းလည်းမစိုးရိမ်နဲ့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်လို့ပြောခဲ့တယ်။ အခုချိန်ထိတော့ ဘာတစ်ခုမှ ထူးကြားမှု မရှိဘူး။ ဖမ်းဆီးသွားတာလည်း ၉ လရှိပြီ။ဘယ်နေရာမှာရှိနေလည်းဆိုတာ ကိုမသိသလို အသက်ရှိသေးရင်လည်းအမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသည့် တပ်မ ၅၅ မှ တပ်မတော်သားများက တင်းမ(သစ်)ကျေးရွာမှ ၈ ဦးကိုလည်းကောင်း၊ မတ်လ ၁၆ ရက်နေ့တွင် တင်းမ(ကြီး) ကျေးရွာမှ ၁၀ ဦးကိုလည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ၉ လကျော်ကြာနေပြီဖြစ်သလို သတင်းအစ အနတစ်ခုမှမရရှိကြောင်း မိသားစုဝင်များကပြောဆိုထားသည်။

တင်းမ(သစ်)ကျေးရွာမှဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ ယင်းအပြင် တင်းမ(ကြီး)ကျေးရွာမှ ၁၀ ဦးမှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်းနှင့် ဦးထွန်းမောင်ဝင်းတို့ ဖြစ်သည်ဟု မိသားစုဝင်များကပြောဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မိသားစုများနှင့်အတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြား စာ ပေးပို့ခဲ့သော်လည်း ယခုအချိန်ထိတစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိသေးဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောသည်။

တပ်မ ၅၅ မှဖမ်းဆီးသွားသည်ဟု မိသားစုဝင်း၏ပြောဆိုချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

တပ်မတော်သားများက အရပ်သားများကိုဖမ်းဆီးသွားလျင် ဖမ်းဆီးခံမိသားစုများက သက်သေအထောက်အထားများဖြင့် သက်ဆိုင်ရာ သို့တိုင်ကြားနိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့သတင်းစာရှင်လင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးပညာပေးသူများကွန်ရက်ညှိနှိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ထွေးက“လူ့အခွင့်အရေးချိုးဖောက်မှုဆိုရင်တော့ မြန်မာနိုင်ငံမှာ အမြင့်ဆုံးကတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေး ကော်မရှင်ပေါ့။ အဲဒီကိုအကြောင်းကြား တိုင်ကြားလို့ရတယ်။ သက်သေကတော့ ကိုယ်ဘာတွေရတားလဲ။ ရသမျှ သက်သေတွေကို ကျွန်တော်တို့ကထည့်ပြီးတော့ ပို့လို့ရတယ်။ အဲဒီသက်သေအချက်အလက်တွေကို ဒါတွေကတော့ ကန့်သတ်ထားပါ။ ဒါတွေကိုတော့ သိမ်းပေးပါစသဖြင့်ပေါ့လေ။ ကော်မရှင်ကတော့ သူတို့လုပ်ထုံးလုပ်နည်းအရလုပ်ပေးမှာပေါ့။ ပြီးတော့ သမ္မတကိုလည်းတိုင်ကြားလို့ရတယ်။ ဒီလို ဒီလိုဖြစ်နေတယ်ဆိုတာကိုပေါ့။” ဟုပြောသည်။

စစ်ရေးပဋိပက္ခအတွင်း ကျောက်တော်မြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ယခုနှစ် စက်တင်ဘာလအထိ အရပ်သားများသေဆုံးသူ ၅၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၁၆ ဦးနှင့် စစ်ကြောရေးအတွင်း ဖမ်းဆီး/ ပျောက်ဆုံးသွားသူဦးရေ ၁၀၅ ဦးအထိရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏အချက်အလက်အရ သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်။)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts