All News interview Peace

“ကာချုပ်တာဝန်ကို ၁ဝနှစ် အခြားတာဝန်ကို နှစ် ၄ဝ နှစ်၅ဝ ဒီတပ်မတော်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး ဘယ်လိုလိုအပ်တယ်ဆိုတာကိုတော့ သူပိုပြီးမှ နားလည်သဘောပေါက်တယ်”

“ကာချုပ်တာဝန်ကို ၁ဝနှစ် အခြားတာဝန်ကို နှစ် ၄ဝ နှစ်၅ဝ ဒီတပ်မတော်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး အစစအရာရာ ဘယ်လိုလိုအပ်တယ်ဆိုတာကိုတော့ သူပိုပြီးမှ နားလည်သဘောပေါက်တယ်”

KBC ဥက္ကဋ္ဌ ဒေါက်တာ ဆလမ်ဆမ်ဆွန်နှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (Kachin Baptist Convention) (KBC) အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆမ်ဆွန်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ကတွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒေါက်တာဆလမ်ဆမ်ဆွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကာကွယ်ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တာ ဘာတွေဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ ဒီတစ်ခေါက် ၂ဝ၂ဝ ရွေးကောက်ပွဲကတော့ ဒီပြဿနာ အရင်တစ်ခေါက်ထက်စာရင် များတယ်ဆိုတဲ့အကြောင်း ဒါကြောင့်မို့လို့ သူက ရခိုင်ဘက်မှာလည်း ရွေးကောက်ပွဲ မလုပ်မိခဲ့တဲ့ မြို့နယ်တွေကိုလည်း ပြန်ပြီးမှ ရွေးကောက်ပွဲ လုပ်စေချင်တဲ့အကြောင်း အဲဒါတစ်ချက်ပါတယ်။

ပြီးရင် ကိုဗစ် ၁၉ကြောင့် စီးပွားရေးအားလုံး ကျွန်တော်တို့ကြိုးစားဖို့လိုတဲ့အကြောင်း နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကိစ္စမှာတော့ NCA ကိစ္စကိုပိုပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကော ပြင်ဖို့လိုတာတော့သိပေမယ့်လည်း အရင်ဒီအထဲမှာ ငြိမ်းချမ်းရေးအရင်ယူဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့။

အဲဒါတွေကို ပြောသွားတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ အဓိကတော့ ဒီ IDP တွေနေရပ်ပြန်ရေးကိစ္စမှာ မြေမြှုပ်မိုင်းရှင်းလင်းရေးကို တပ်မတော်က ဆက်လက်တာဝန်ယူပေးစေလိုတဲ့အကြောင်းပေါ့။ အဲဒီပေါ်မှာ အဲလောက်ပြောဖြစ်ခဲ့ပါတယ်။

မေး။ ။ KIA ကို မတိုက်ဘူးဆိုတဲ့ ကတိပေးတယ်လို့ သိရတာ အဲဒါရော ဘယ် လိုဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ ဒီလိုပါ ဒီဌာနချုပ်တွေပေါ့။ KIO ဌာနချုပ် လိုင်ဇာမှာရှိတယ်ဆိုတာ သိတာပေါ့။ ဆိုတော့ အဲဒါတွေကိုတော့ မတိုက်ပါဘူး။ အဲအချက်ကို ထည့်သွင်းပြောကြားသွားပါတယ်။

မေး။ ။ တပ်ချုပ်က သူ အနားယူမယ့် ကိစ္စ ပြောလား။

ဖြေ။ ။ အနားယူမယ့်ကိစ္စကတော့ ကျွန်တော်တို့နဲ့ ပြောတဲ့အထဲမှာတော့ မပါပါဘူး။

မေး။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အသေးစိတ် ဘာပြောလဲ။

ဖြေ။ ။ NCA က ဒီလိုင်ဇာကနေဖြစ်ပေါ်လာခဲ့တဲ့ NCA ဖြစ်တာပေါ့။ ဒါပေမယ့် တကယ်တမ်း ဒီ NCA ထိုးဖို့ကိစ္စမှာ KIA မပါလာတော့ သူစိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အေကြာင်း အဲဒါပြောတာပေါ့။

မေး။ ။ အဲဒါဆို KIA နဲ့ တွေ့ဆုံဖို့အကြောင်းတွေကို ဆွေးနွေးပွဲမှာ ပြောတာရှိလား။

ဖြေ။ ။ ဒီတစ်ဖက်သတ် အပစ်ခတ်ရပ်စဲတဲ့ အချိန်ဟာ သူတို့ဆွေးနွေးဖို့အချိန် ဖြစ်တယ်ဆိုတာတော့ ပြောပါတယ်။ ဒါကြောင့်မို့ အားလုံးပါဝင်ဆွေးနွေးရမယ်ဆိုတာကို အဲဒီသဘောရှိပါတယ်။

မေး။ ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ အဲဒီအပိုင်းကတော့ ခုနပြောတဲ့အတိုင်း စီးပွားရေးတို့ ဒီမိုကရေစီပြုပြင်ရေးတွေမှာ တော်တော်ကို လိုအပ်တယ်ဆိုတာတွေ ပြောသွားတာတွေရှိတယ်။ ပြီးရင် သူ့အနေနဲ့ ကာချုပ်တာဝန်ကို ၁ဝနှစ် အခြားတာဝန်ကို နှစ် ၄ဝ နှစ်၅ဝ ဒီတပ်မတော်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး အစစအရာရာ ဘယ်လိုလိုအပ်တယ်ဆိုတာကိုတော့ သူပိုပြီးမှ နားလည်သဘောပေါက်တယ်ဆိုတဲ့အတွက်ကို ပြောသွားတာတော့ ကျွန်တော်တို့ သတိထားမိပါတယ်။

မေး။ ။ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ IDP တွေ နေရပ်ပြန်ပို့ဖို့ကိစ္စကို ဘယ်လိုကတိပေးပြောဆိုသွားတာရှိလဲ။

ဖြေ။ ။ သူကတော့ အဆုံးထိကူညီမယ်လို့ပြောပါတယ်။ အားလုံးပြန်တဲ့အထိပေါ့။ ကူညီမယ်လို့ပြောပါတယ်။

မေး။ ။ မနေ့က ဆွေးနွေးပွဲက ရလဒ်ပိုင်းအရ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ မနေ့က တွေ့ဆုံတဲ့နေရာမှာ အရင်တွေ့ဆုံတဲ့အချိန်မှာတော့ တပ်မတော် မူ ၆ချက်ကို တော်တော် ဦးစားပေးပြောသွားတာတွေရှိခဲ့တာေပါ့။ ဒါပေမယ့် မနေ့က ကျတော့ အဲတာတွေ မပြောဘဲနဲ့ ဒီ Flexible ဖြစ်တယ်။ ပြီးရင် ကျွန်တော်တို့ဖက်က IDP နေရပ်ပြန်ရေးသည် နိုင်ငံတကာ ကူညီမှုနဲ့ သွားမယ်ဆိုရင် ကြာမှာဆိုတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ဖို့အရေးမှာ မြေမြှုပ်မိုင်းရှင်းလင်းရေးက ဒါနံပါတ် တစ် အလိုအပ်ဆုံးဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို ကူညီမယ်ဆိုတဲ့ သဘောတူညီချက်ကတော့ ကျွန်တော်တို့ ရလဒ်တစ်ခုဖြစ်တယ်ဆိုတာတော့ ပြောလို့ရပါတယ်။

မေး။ ။ မြစ်ဆုံကိစ္စကို အသေးစိတ် ဘာတွေ ဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ မြစ်ဆုံကိစ္စလည်းပါတယ်။ ဒါပေမယ့် အခု တချို့ကတော့ ဒီနားလည်မှု လွဲနေတာလည်းရှိတယ်။ မြစ်ဆုံကိစ္စပြောတဲ့အခါမှာ ဒီမေခနဲ့ မလိခ ဆုံတဲ့ နေရာမှာ လုပ်တာတော့ ကျွန်တော်တို့ လူထုအားလုံးကလည်း သဘောမတူဘူးဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း သူ့အနေနဲ့ ဒါငြင်းစရာအကြောင်းမရှိဘူးပေါ့။

ဒါပေမယ့် ကျွန်တော်ကတော့ ဒီအထက်ဘက်မှာ ကျွန်တော်တို့ မေခဘက် မလိခဘက်ပေါ့။ မေခမြစ်မှာ မလိခမြစ်မှာ လုပ်ဖို့ ပြောတာမဟုတ်ဘူး။ အဲဒီအထက်ဘက်မှာရှိတဲ့ မြစ်ချောင်း အင်းအိုင်တွေမှာ အသေးစား ရေအားလျှပ်စစ်လုပ်ဖို့နေရာတွေ ရှိတဲ့နေရာမှာတော့ လူထုအနေနဲ့ သဘောတူလောက်တယ်လို့ ယုံကြည်တယ်ဆိုတာကို ပြောတာကို တချို့နားလည်မှုလွဲတာတွေတော့ ရှိတာပေါ့။

ဒါပေမယ့် ကျွန်တော်တို့က ပြောတာပဲ ရှိပါတယ်။ တကယ်တမ်း လက်တွေ့အကောင် အထည်ဖော်မှာကတော့ လက်ရှိအစိုးရတွေနဲ့ ကျွန်တော်တို့ လက်နက်ကိုင်ဘက်က KIA ဘက်က သူတို့ဘက်ကို နားလည်အောင်ပေါ့။ အဲဒါကိုတော့ ဖြည့်စွက်ပြောချင်ပါတယ်။

မေး။ ။ တပ်ချုပ်က မြစ်ဆုံကိစ္စကို လူထုဆန္ဒအတိုင်းပဲလို့ပြောတာလား။

ဖြေ။ ။ အဲဒီလိုတိတိကျကျတော့မပြောဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကန့် ကွက်တယ် လူထုအနေနဲ့ သဘောမတူဆိုတဲ့နေရာမှာတော့။ သူ့အနေနဲ့ ဒါ Comment မရှိဘူးဆိုတော့ တစ်ဦးချင်းအနေနဲ့ ဗိုလ်ချုပ်မှူးကြီးလည်း ဒါကိုသိပ်တော့ လိုလို လား လား ပြောပုံတော့မရှိပါဘူး။ တွန်းအားပေးတာတော့မရှိပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts