All News Election Local News

ကမ္ဘာနှင့် မြန်မာ့သမိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲ မတရားမှု ထင်ရှားပေါ် လွင်နေမှု ငြိမ်ခံလျှင် သမိုင်းတရားခံဖြစ်နိုင်ဟု ကြံ့ခိုင်ရေးပါတီပြော

ကမ္ဘာနှင့် မြန်မာ့သမိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲ မတရားမှု ထင်ရှားပေါ်လွင်နေမှု ငြိမ်ခံလျှင် သမိုင်းတရားခံဖြစ်နိုင်ဟု ကြံ့ခိုင်ရေးပါတီပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်းတွင် ရွေးကောက်ပွဲ မတရားမှုကြီး သိသာ ထင်ရှားစွာပေါ်လွင်လျက် နိုင်ငံရေးပါတီများ မပြောမဆိုဘဲ ငြိမ်ခံလျှင် သမိုင်းတွင် မိမိတို့ပါ တရားခံဖြစ်နိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒလှမြင့်က ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

“ ကျွန်တော်တို့က နိုင်ငံရေးပါတီတွေရဲ့ အနိုင်အရှုံးဆိုတာ သက်တမ်းတစ်ခုပဲ အမြဲတမ်းလည်း မရှုံးသလို အမြဲတမ်းလည်း မနိုင်နိုင်ဘူး။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကိုယ်တိုင် စတင်တည်ဆောက်ပေးခဲ့တာ ကျွန်တော်တို့ ဒီအပေါ်မှာ လက်မခံနိုင်စရာအကြောင်းမရှိဘူး။ အခုကျွန်တော်တို့ပြောနေတာက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ ဒီရွေး ကောက်ပွဲ မတရားမှုကြီး ဒီမရိုးမသားလုပ်တဲ့ကိစ္စကြီးဟာ သိသာ ထင်ရှားစွာပေါ်လွင်လျက်ပါရဲ့နဲ့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ဘာမှ မပြောဘဲ ငြိမ်ခံရမယ်ဆိုရင် ကျွန်တော်တို့ သမိုင်းမှာ ကျွန်တော်တို့ပါ တရားခံဖြစ်မယ်” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် USDP ပါတီအနေဖြင့် ကိုယ်တိုင်ရွေးကောက်ပွဲကျင်းပ ပေးခဲ့ပြီး အနိုင်ရသည့် ပါတီကို ချောချောမွေ့မွေ့ လွှဲပြောင်းပေးခဲ့ကြောင်း၊ အဆိုပါ ယဉ်ကျေးမှုကို မိမိတို့ပါတီအနေဖြင့် ကောင်းကောင်းနားလည်ကြောင်း၊ တရားမျှတမှုမရှိ လွတ်လပ်မှုပွင့်လင်းမြင်သားမှုမရှိဘဲ ဘက်လိုက်ဆောင်ရွက်ထားသည့် ကိစ္စများကို မိမိတို့၏ ရွေးကောက်ပွဲဖြစ်စဉ်သမိုင်း နိုင်ငံသမိုင်းတွင် မိမိတို့ပါဝင်ခဲ့ရသည့် ရွေးကောက်ပွဲသမိုင်းတွင် အမည်းစက် ဖြစ်မည်စိုးရိမ်ပြီး ပြည်သူ လူထုကို မှန်မှန်ကန်ကန် အသိပေးရမည်မှာ မိမိတို့ တာဝန်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့က ကျွန်တော်တို့ကိုယ်တိုင် သမိုင်းမှန်ကို လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ပါတီတင်ပေးခဲ့တာြဖစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်။ မှန်မှန်ကန်ကန်လုပ်ပေးခဲ့တယ်။ အနိုင်ရပါတီကို ကျွန်တော်တို့ ချောချောမွေ့မွေ့လွှဲပေးခဲ့တယ်။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကောင်းကောင်းနားလည်လက်ခံတယ်။ အခုကျွန်တော်တို့ပြောနေတာက တရားမျှတမှုမရှိ လွတ်လပ်မှုပွင့်လင်းမြင်သားမှုမရှိဘဲနဲ့ ဘက်လိုက်ဆောင်ရွက်ထားတဲ့ ကိစ္စတွေကို ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲဖြစ်စဉ်သမိုင်းမှာ နိုင်ငံရဲ့သမိုင်းမှာ ကျွန်တော်တို့ပါဝင်ခဲ့ရတဲ့ ရွေးကောက်ပွဲသမိုင်းမှာ အမည်းစက် ဖြစ်မှာစိုးတယ်။ ပြည်သူ လူထုကို မှန်မှန်ကန်ကန် အသိပေးရမှာ ကျွန်တော်တို့ တာဝန်ပဲဖြစ်ပါတယ်။ ဆုံးဖြတ်ဆောင်ရွက်ရမှာက ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့က ဒီမတရားမှုတွေကို ကျွန်တော်တို့က အချက်နဲ့ အလက်နဲ့ ကျွန်တော်တို့ဒါ လေနဲ့ပြောနေတာမဟုတ်ဘူး။ စာရင်းတွေ ဇယားတွေနဲ့ ကျွန်တော်တို့ သက်သေတွေနဲ့ လူသက်သေ ပစ္စည်းသက်သေ အထောက်အထားတွေနဲ့ ကျွန်တော်တို့ပြောနေတာဖြစ်ပါတယယ်။ သမိုင်းမှာ ကျွန်တော်တို့ပါ ပူးတွဲပြီး တရားခံအဖြစ်မခံနိုင်ဘူး။ ဒါကြောင့် အချက်အလက်နဲ့ ဆွေးနွေးတင်ပြနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီကို ပြန်လည်တည်ဆောက်ပြီးတော့ ကျွန်တော်တို့ ပြည်သူတွေနဲ့ တသားတည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေနဲ့ ပြည်သူတွေအတွက် အလုပ်အကျွေးပြုဖို့ဟာလည်း ကျွန်တော်တို့ ဆက်လုပ်သွားမယ့် လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ သမိုင်းမှာ အမဲစက်အဖြစ်မခံနိုင်လို့ သမိုင်းမရိုင်းအောင်လို့ ရှင်းလင်းတင်ပြနေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဒေါက်တာနန္ဒလှမြင့်ကပြောဆိုသည်။

၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲပေးမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ရဲစခန်းသို့ တိုင်ကြားထားသည့် အမှုပေါင်း ၁၇၁ မှုတိုင်ကြားထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ တိုင်ကြားထားသည့် အမှုပေါင်း ၁၁၂၈ မှုတိုင်ကြားထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts