All News Election Local News

UECကို အရေးယူပေးရန် USDP အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီ သမ္မတ ထံ အိတ်ဖွင့်ပေးစာ ပေးပို့

UECကို အရေးယူပေးရန် USDP အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီ သမ္မတ ထံ အိတ်ဖွင့်ပေးစာ ပေးပို့

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ကျော်လွန်လုပ်ဆောင်ကာ ဥပဒေကပေးအပ်ထားသော တာဝန်များ ပျက်ကွက်နေသည့်အတွက် အရေးယူပေးရန် နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောဆိုသည်။

“ ကျွန်တော်တို့ ဒီနေ့ရက်စွဲနဲ့ပေါ့။ ပေးပို့ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန်လုပ်ဆောင်ပြီးတော့ ဥပဒေကပေးအပ်ထားတဲ့ တာဝန်တွေ ပျက်ကွက်နေတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဆိုပြီးတော့ အကြောင်းအရာဖော်ပြထားပါတယ်” ဟု ၎င်းကပြောဆိုသည်။

နိုင်ငံရေးပါတီ ၁၉ပါတီ၏ နိုင်ငံတော် သမ္မတအား ပေးပို့သော အိတ်ဖွင့်ပေးစာတွင် အပုဒ်၁ဝ ပုဒ်ပါဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ UEC ၏ တာဝန်ပျက်ကွက်မှုများ တရားမဲ့ပြုကျင့်မှုများအကြောင်းကို ဖော်ပြထားသောကြောင်း ဦးသိန်းထွန်းဦးကဆက်လက်ပြောဆိုသည်။

“ အဓိကကတော့ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပေဒေပုဒ်မ ၃၉၈ပါ ပြဋ္ဌာန်းချက်တွေကို ကျွန်တော်တို့ ဖော်ပြတယ်။ အပိုဒ် ၃ မှာဆိုရင် ၃၉၉မှာUEC ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ကျွန်တော်တို့ဖော်ပြထားပါတယ်။ အပိုဒ် ၄မှာ ဆိုရင် ၂ဝ၂ဝ ရွေးကောက်ပွဲဟာ မလိုလားတဲ့ တရားမဲ့ပြုကျင့်မှုတွေ အမြောက်အမြားဖြစ်ပေါ်စေခဲ့တဲ့အတွက် လွတ်လပ်ပြီး တရားမျှတသော ပွင့်လင်းမြင်သာသော သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ခုအဖြစ် သတ်မှတ်၍မရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ကိုယ်တိုင်ဆောင်ရွက်မှု ကွပ်ကွဲမှု အားနည်းချက်များကြောင့် အချက် ၄ချက် ပေါ်ပေါက်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။ အဲအချက် ၄ချက်ကိုလည်း ကျွန်တော်တို့ရဲ့ ၁၉ပါတီ အိတ်ဖွင့်ပေးစာ စာမျက်နှာ ၂ အပိုဒ်၄ (က) (ခ) (ဂ) (ဃ)ဆိုပြီး ဖော်ပြပေးထားပါတယ်။ နောက် အပုဒ်၅မှာဆိုရင် ရွေးကောက်ပွဲနဲ့ ချိန်ကိုက်ပြီးတော့ နိုင်ငံ ဘဏ္ဍာနဲ့ ထောက်ပံ့ကြေးပေးခြင်းကို မဲဆွယ်စည်းရုံးမှုနဲ့ တွဲစပ်ဆောင်ရွက်မှုများ မဲဆန္ဒနယ် အနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အပုဒ် ၆မှာတော့ နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့ အကျိုးစီးပွားကို အခြေခံပြီးတော့ အချိန်ယူညှိနှိုင်းစဉ်းစားထုတ်ြပန်တဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ မဟုတ်ဘဲ တာဝန်ရှိသူများရဲ့ နှုတ်ထွက်စကားနဲ့ လှုပ်ရှားမှုကို တရားဝင်ပေးတဲ့ အသွင်ဆောင်တဲ့ ညွန်ကြားချက်များအရ ကော်မရှင်ရဲ့ ကျင့်ဝတ်သိက္ခာပိုင်းကို မေးခွန်းထုတ်ဖွယ်ရာရှိတယ်လို့ ဖော်ပြထားပါတယ်။ အပိုဒ် ၇မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၆ အပိုဒ်ခွဲ (ဃ)၊ နောက် ပုဒ်မ၆ုပိုဒ်မခွဲ (င) ပုဒ်မရ ပုဒ်မ၂၁ (က) တို့ကို အပိုဒ်ခွဲရရဲ့ အပိုဒ်ခွဲ (က) (ခ) (ဂ) (ဃ) မှာဖော်ပြထားပါတယ်။ အပိုဒ် ၈မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ မျှတမှုမရှိသော ဆောင်ရွက်မှု ဆုံးဖြတ်မှု ကြီးကြပ်မှုများကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံသားတိုင်း တန်းတူညီမျှမှု လွတ်လပ်မှု တရားမျှတမှု အခွင့်အရေးများ များစွာနစ်နာဆုံးရှုံးနေပါသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ ထွန်းကားရေးအတွက်လည်း အဟန့်အတားဖြစ်စေပါသည်။ အာဏာဖြင့် ဖုံးအုပ်ထားသော မသမာမှု တရားမဲ့မှုများကို စီစစ်ဖော်ထုတ်ရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရေးကိုလည်း နိုင်ငံရေးပါတီ ၁၆ပါတီက တောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ (က)ပါ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။ အပိုဒ် ၉မှာတော့ နိုင်ငံတော် သမ္မတရဲ့ ကြမ်းသစ္စာ ကျိန်ဆိုတဲ့ ပုဒ်မ ၆၅ကို ဖော်ပြထားပါတယ်။ အပုဒ်၁ဝမှာတော့ တည်ဆဲဥပဒေ နည်းဥပဒေများနဲ့ ဆန့်ကျင်သော အမိန့်ကြေညာချက်များ ထုတ်ပြန်ကာ ၂ဝ၂ဝပါတီစုံ ထွေထွေရွေးကောက်ပွဲကြီး စံ ၅ချက်နဲ့အညီ လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ရန် တာဝန် ဝတ္တရားပျက်ကွက်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန်ပျက်ကွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား သမ္မတ၏ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ ဥပဒေနဲ့အညီ ဆောလျင်စွာ စုံစမ်းစစ်ဆေးအရေးပေးရန် လေးစားစွာ အသိပေးတိုင်ကြားအပ်ပါသည်ဟု ဖော်ပြထားပါတယ်” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို နိုင်ငံရေးပါတီ ၁၉ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၈၈မျိုးဆက်ဒီမိုကရေစီပါတီ တို့က လက်မှတ်ရေးထိုးကာ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းြဖစ်ကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts