All News Election Features

NLD ၊ ကြံ့ခိုင်ရေး အပါအဝင် နိုင်ငံရေးပါတီ ၉ ခု ဖြေဆိုရန် ငြင်းဆန်ခဲ့သော ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု ဆန်းစစ်ခြင်း ပဏာမ အစီရင်ခံစာ

NLD ၊ ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၉ ခု ဖြေဆိုရန် ငြင်းဆန်ခဲ့သော နိုင်ငံရေးပါတီများ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု ဆန်းစစ်ခြင်း ပဏာမ အစီရင်ခံစာ

By MATA

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း နိုင်ငံရေးပါတီများ၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးသည် အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် လေ့လာစောင့်ကြည့် သင့်သည် ဟူသော ယုံကြည်ချက်အရင်းခံဖြင့် နိုင်ငံ‌ရေးပါတီများ၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု သုတေသန လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ယခုအခါ ရွေးကောက်ပွဲကာလ ဖြစ်သည်နှင့် အညီ နိုင်ငံရေးပါတီများ၏ ဘဏ္ဍာရေးနှင့် ရန်ပုံငွေဆိုင်ရာ သတင်းအချက်အလက်များသာမက ရွေးကောက်ပွဲဆိုင်ရာ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုကဏ္ဍ ကိုပါ ထည့်သွင်း၍ လေ့လာမှုပြုလုပ်ခဲ့ပါသည်။

မိမိတို့သည် သုတေသနနည်းလမ်းအရ သတ်မှတ်ထားသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများ ပြုလုပ်ကာ လေ့လာတွေ့ရှိချက်များကို အစီရင်ခံစာ အဖြစ်ထုတ်ပြန်ခြင်း၊ ပါတီများ၏ သက်ဆိုင်ရာ အင်တာနက် အခြေပြုသတင်းထုတ်ပြန်ရေးစနစ် ( Website, Social Media) အား စောင့်ကြည့်လေ့လာပြီး အညွှန်းကိန်းထုတ်ပြန်ခြင်း၊ အခါအားလျှော်စွာ လေ့လာ တွေ့ရှိ ချက်စာတမ်းများ ထုတ်ပြန်ခြင်းတို့ကို ရေရှည် လုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ယခု ထုတ်ပြန်သည့်စာတမ်းသည် ကနဦးလေ့လာမှု အစီရင် ခံစာဖြစ်ပြီး ပိုမိုကျယ်ပြန်သည့် သုတေသနစာတမ်းနှင့် အညွှန်းကိန်းကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ အတွင်း ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

နိုင်ငံရေးပါတီများ၏ ပူးပေါင်းပါဝင်မှု

မိမိတို့ အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ (၃၀) ဦး နှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၂၃) ခုကို “နိုင်ငံ‌ရေးပါတီများ၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု သုတေသနလုပ်ငန်းစဉ်” တွင် ပါဝင်နိုင်ရန် အောက်တိုဘာလ ၈ ရက်နေ့တွင် အီးမေးလ်မှ တစ်ဆင့် စတင် ဖိတ်ခေါ်ခဲ့ပါသည်။

အောက်တိုဘာလ ၈ ရက်နေ့ မှ ၁၀ရက်နေ့ အထိလည်း ဖုန်းဖြင့် ဆက်သွယ် ၍ သုတေသနအစီအစဉ်ကို ကနဦးမိတ်ဆက် ရှင်းလင်းတင်ပြခဲ့ပါသည်။

ပါတီဦးဆောင်သူများ၊ အမှုဆောင်များ အတွင်း ဆွေးနွေးညှိနှိုင်းရန်အတွက် ဖြေဆိုရမည့် သုတေသန မေးခွန်းများကို Email, Messenger, Viber တို့မှ ထပ်မံပေးပို့ခဲ့ပါသည်။

အဆိုပြုထားသော “နိုင်ငံ‌ရေးပါတီများ၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု ဆန်းစစ်ခြင်း” အစီအစဉ်တွင် ပါဝင်ဖြေဆိုခြင်း ပြုမည်၊ မပြုမည်ကိုလည်း ထပ်မံဆက်သွယ်မေးမြန်းကာ၊ ပါဝင်ဖြေဆိုမည့် နိုင်ငံရေးပါတီ များကို Zoom Application မှတဆင့် တွေ့ဆုံမေးမြန်းမူကို ဖြေဆိုနိုင်ရန်အတွက် နေ့ရက်နှင့်အချိန်အား နှစ်ဦးနှစ်ဖက် ချိန်းဆို သတ်မှတ်ခဲ့ကြပါသည်။

ထို့နောက် အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်ထိ နိုင်ငံရေးပါတီတစ်ခုချင်းစီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ “နိုင်ငံ‌ရေးပါတီများ၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု ဆန်းစစ်ခြင်း” အစီအစဉ်ကို စနစ်တကျ ပြုလုပ်ခဲ့ပါသည်။

မိမိတို့၏သုတေသန နည်းလမ်းအရ နိုင်ငံရေးပါတီများ၏ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှုဆန်းစစ်ခြင်း အစီအစဉ်အတွက် အောက်ဖော်ပြပါ (၁၃) ပါတီ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဘဏ္ဍာရန်ပုံငွေဆိုင်ရာပွင့်လင်းမြင်သာမှု နှင့် သက်ဆိုင်သည့် သုတေသန မေးခွန်းများကို ဖြေဆိုခဲ့ကြပါသည်။

ပူးပေါင်းပါဝင် ဖြေဆိုခဲ့သည့် ပါတီများမှာ
 ကချင်ပြည်နယ်ပြည်သူ့ပါတီ
 ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ
 ကရင်ပြည်သူ့ပါတီ
 ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
 ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
 တအောင်း(ပလောင်)အမျိုးသားပါတီ
 တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
 ဒီမိုကရက်တစ်ပါတီ(မြန်မာ)
 ပြည်သူ့ပါတီ
 ပြည်သူ့ရှေ့ဆောင်ပါတီ
 မွန်ညီညွတ်ရေးပါတီ
 ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
 ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
တို့ဖြစ်ပါသည်။

ဘဏ္ဍာရန်ပုံငွေဆိုင်ရာပွင့်လင်းမြင်သာမှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဖြေဆို ခဲ့ကြသောနိုင်ငံရေးပါတီများအား မိမိတို့အနေဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ပါ သည်။

၂၀၂၀ အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညီညွတ်သောဒီမိုကရက်တစ် ပါတီကို ကြေငြာချက်အမှတ် ၁၉၈/၂၀၂၀ ဖြင့် ဖျက်သိမ်းခဲ့သဖြင့် သုတေသနမေးခွန်းများ ပါဝင်ဖြေဆိုရန် ချိန်းဆိုမှုကို မိမိတို့ဘက်က ရပ်ဆိုင်းခဲ့ပါသည်။

အောက်ဖော်ပြပါ ပါတီ ၂ ခု မှာ မိမိတို့မှ မေးခွန်းများမေးမြန်းရန် သတ်မှတ်ထားသည့် နောက်ဆုံးနေ့ ရက်အထိ ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့သော်လည်း မေးမြန်းခွင့်အတွက် အကြောင်းပြန်ကြားခြင်း၊ ချိန်းဆိုအတည်ပြုခြင်း တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် ၎င်းပါတီတို့၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှုကို လေ့လာနိုင်ခြင်း မရှိခဲ့ပါ။

• မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
• အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ

သုတေသနလုပ်ငန်းစဉ်တွင် ပါဝင်ရန် မိမိတို့အနေဖြင့် ဖိတ်ခေါ်ခဲ့သော်လည်း ပူးပေါင်းပါဝင်မှု မပြုနိုင်ကြောင်း အောက်ပါပါတီများမှ ငြင်းဆန်ခဲ့ကြပါသည်။

• တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
• ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
• ရခိုင်အမျိုးသားပါတီ
• ရခိုင့်ဦးဆောင်ပါတီ
• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
• အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
မိမိတို့၏ သုတေသနမေးခွန်းများမေးမြန်းရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ပါတီများအနေဖြင့် ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုရှိသည့် ဘဏ္ဍာရေးစနစ်၏ အရေးပါပုံကို ကောင်းစွာသိရှိထားပြီး အလေးထားဆောင်ရွက်ရန် ကြိုးစားအားထုတ်လျက်ရှိကြောင်းတွေ့ရှိခဲ့ရပါသည်။

ပါတီတွင်း ဘဏ္ဍာရန်ပုံငွေ ဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် ရန်ပုံငွေလက်ခံရယူမှု၊ သုံးစွဲမှုတို့အား ပါတီဝင်များ သိရှိနိုင်ရန် အစည်းအဝေးများတွင်တင်ပြခြင်း၊ အခါအားလျော်စွာ အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

အများပြည်သူသိရှိနိုင်ရန် အင်တာနက် အခြေပြုသတင်းထုတ်ပြန်ရေးစနစ်အား အသုံးပြုရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ကို တွေ့ရှိရသည်။

သို့သော် နိုင်ငံရေးပါတီများ အနေဖြင့် ပါတီဝင်များ၊ အလှူရှင်များ၊ ကူညီပံ့ပိုးသူများနှင့် ထောက်ခံသူများအကြား အင်တာနက်အခြေပြု ဆက်သွယ်ရေးနည်းလမ်း (Viber, Facebook Group, Messenger Group) များအား အသုံးပြု၍ ဘဏ္ဍာရန်ပုံငွေ ဆိုင်ရာအချက်အလက်များကို အသိပေးဖြန့်ဝေလျက်ရှိကြောင်း ဖြေဆိုခဲ့ကြသည်။

လေ့လာဆန်းစစ်မှုကဏ္ဍများ

နိုင်ငံ‌ရေးပါတီများ၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာပွင့်လင်းမြင်သာမှု သုတေသနလုပ်ဆောင်ရန် မေးခွန်းများ ပြင်ဆင် ရာတွင် ကဏ္ဍ (၄) ခု သတ်မှတ်၍ မူဝါဒနှင့်လက်တွေ့ကျင့်သုံးမှု အခြေအနေများကိုမေးမြန်းခဲ့သည့်အပြင် အနာဂတ် အစီအမံ များကိုပါ ထည့်သွင်းမေးမြန်းခဲ့ပါသည်။

(၁) နိုင်ငံရေးပါတီများ၏ ဘဏ္ဍာရေးမူဝါဒဆိုင်ရာပွင့်လင်းမြင်သာမှု

ပါဝင်ဖြေဆိုခဲ့ကြသည့် နိုင်ငံရေးပါတီအားလုံးသည် ဘဏ္ဍာရေးမူဝါဒရေးဆွဲကျင့်သုံးရန်နှင့် အများပြည်သူအား ပွင့်လင်းမြင်သာစွာ အသိပေးရန် အရေးကြီးကြောင်း အသိအမှတ်ပြု လက်ခံကြပါသည်။

ပါဝင်ဖြေဆိုခဲ့ကြသည့် နိုင်ငံရေးပါတီအားလုံးတွင် ဘဏ္ဍာရေးမူဝါဒရေးဆွဲထားကြောင်း ဖြေကြားခဲ့ကြသည်။ ပါတီအချို့အနေဖြင့် ဘဏ္ဍာရေးစနစ်ကိုချမှတ်ကျင့်သုံးလျက်ရှိသော်လည်း အများပြည်သူလွယ်လင့်တကူ သိရှိ အောင် ထုတ်ပြန်နိုင်ရန်အတွက် ပါတီအထွေထွေညီလာခံတွင် ဆွေးနွေး အတည်ပြုရန် လိုအပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများအနေဖြင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ စာရွက်စာတမ်းများကို ပါတီတွင်းဖြန့်ဝေခြင်း၊ လေ့လာလိုသူများမှ တောင်းဆိုပါက ထုတ်ပြန်ပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း ဖြေဆိုကြသည်။

သို့သော် အများပြည်သူလွယ်လင့်တကူ သိရှိနိုင်ရန် အင်တာနက်အခြေပြု သတင်းထုတ်ပြန်ရေးနည်းလမ်းများ အသုံးပြုဖြန့်ဝေခြင်းအား စနစ်တကျပြုလုပ်နိုင်ရန် လိုအပ်ချက်ရှိနေဆဲ ဖြစ်ကြောင်းသိရပါသည်။

ပြည်နယ်အခြေစိုက်ပါတီများအနေဖြင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ ပါတီဝင်များနှင့် ထောက်ခံသူများကိုသာ အဓိကရည်ရွယ်လုပ်ဆောင်ကြောင်း ဖြေကြားကြသည်။

ပါတီအများစုအနေဖြင့် ကိုယ်ပိုင်အင်တာနက်စာမျက်နှာ(Website) များ အသုံးပြုနိုင်ရန်အတွက် နည်းပညာ၊ လူအရင်းအမြစ်နှင့်ရန်ပုံငွေ လိုအပ်ချက်များရှိကြောင်း သိရှိရပါသည်။ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ပွင့်လင်းမြင်သာမှု စနစ်အား ၂ နှစ်ခန့်အတွင်း ကြိုးစား ဆောင်ရွက်လိုသည့် ဆန္ဒများရှိကြောင်း တွေ့ရှိရပါသည်။

(၂) နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ နှင့် အသုံးစရိတ် ဆိုင်ရာပွင့်လင်းမြင်သာမှု

ဘဏ္ဍာရေးမူဝါဒဆိုင်ရာပွင့်လင်းမြင်သာမှု ဆန်းစစ်ခြင်းအစီအစဉ်တွင် ပါဝင်ကြသော နိုင်ငံရေးပါတီများ သည် ဘဏ္ဍာရန်ပုံငွေဆိုင်ရာ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းများအား ပါတီတွင်းအခါအားလျှော်စွာ ထုတ်ပြန်လေ့ ရှိ ကြောင်း ဖြေကြား ခဲ့ကြသည်။

တွေ့ဆုံမေးမြန်းခဲ့သည့် နိုင်ငံရေးပါတီအားလုံးတွင် ပါတီပိုင်စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားခြင်း မရှိဘဲ၊ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီထောက်ခံသူများမှ ထည့်ဝင်သည့် ရန်ပုံငွေဖြင့်သာ အခြေပြု ရပ်တည်လျက်ရှိကြောင်း ဖြေဆိုကြသည်။

ထူးခြားချက်အနေဖြင့် ပါတီပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင် လုပ်ကိုင်ခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း ဖြေဆိုခဲ့သည့်ပါတီ နှင့် ရွေးကောက်ပွဲအချိန်မှအပ ပြင်ပအလှူငွေ များကို လက်မခံဘဲ ပါတီဦးဆောင်သူများ၊ ပါတီဝင်များ၏ ဆန္ဒအလျောက် ထည့်ဝင်သည့်ငွေကြေးဖြင့်သာ ရပ်တည်ရန် ဆုံးဖြတ်ထားကြောင်း ဖြေဆိုခဲ့သည့် ပါတီများလည်း ပါဝင်ကြသည်။

နိုင်ငံရေးပါတီများ၏အလှူငွေလက်ခံရရှိမှု၊ သုံးစွဲမှုတို့နှင့်ပတ်သက်၍ ပါတီဗဟိုက တာဝန်ခံအသုံးပြုသည့် အင်တာနက် အခြေပြု သတင်းထုတ်ပြန်ရေးစနစ်မှတဆင့် တစ်စုတစ်ဝေးတည်း ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

သို့သော် ပါတီသို့ ထောက်ပံ့သည့် ရန်ပုံငွေ နှင့်ပစ္စည်းများကို လက်ခံရယူသူ၊ သုံးစွဲသူတို့က ၎င်းတို့၏ ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာများ၊ သက်ဆိုင်ရာပါတီရုံးခွဲ ဖေ့ဘုတ်စာမျက်နှာများတွင် ဖော်ပြလေ့ရှိကြောင်း ဖြေဆိုခဲ့ ကြသည်။

ရန်ပုံငွေထည့်ဝင်သူအချို့က ၎င်းတို့၏ အမည်နှင့်လှူဒါန်းမှုအား မဖော်ပြရန် တောင်းဆိုမှုများ ရှိသည်ဟု ဖြေဆိုမှု များလည်းရှိသည်။ ထိုသို့တောင်းဆိုရခြင်း၏ အကြောင်း ရင်းမှာ ရန်ပုံငွေထည့်ဝင်သူအနေဖြင့် ၎င်း၏ နိုင်ငံရေး ထောက်ခံမှုများအား လူသိမခံလိုခြင်းနှင့် နိုင်ငံရေးပါတီတခုထက်ပိုမို လှူဒါန်းမှုများပြုလုပ်လေ့ရှိသည့် အတွက် နိုင်ငံရေးပါတီများနှင့် ၎င်းတို့အကြား မျက်နှာမပျက်လိုခြင်းတို့ကြောင့်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခရှိသည့် ဒေသများတွင် ရန်ပုံငွေထည့်ဝင်သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအပေါ် စိုးရိမ်ချက်များရှိသည့်အတွက် အမည် ဖော်ပြရန် ခက်ခဲကြောင်း ဖြေကြားပါသည်။

(၃) နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်လောင်းဆိုင်ရာပွင့်လင်းမြင်သာမှု

မိမိတို့တွေ့ဆုံမေးမြန်းခဲ့သည့် နိုင်ငံရေးပါတီများအားလုံးမှသက်ဆိုင်ရာပါတီများ၏ရွေးကောက်ပွဲကြေငြာစာတမ်း (သို့မဟုတ်) ကတိကဝတ်များအား အများပြည်သူလွယ်ကူစွာ လေ့လာကြည့်ရှုနိုင်ရန် ထုတ်ပြန်ထားကြောင်း ဖြေဆိုခဲ့ကြပါသည်။


နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက် အလက်များကို ပါတီ၏ ဗဟို မှ တာဝန်ခံသည့် အင်တာနက်အခြေပြု သတင်းထုတ်ပြန်ရေးစနစ်မှ တစ်စုတဝေးတည်း ဖော်ပြထားခြင်းထက် သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သက်ဆိုင်ရာ မြို့နယ် နှင့် ကိုယ်စားလှယ် လောင်းများ၏ ဖေ့ဘုတ်(Facebook) တွင် ဖော်ပြထားကြောင်း ဖြေဆိုပါသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် တိကျ သည့် စံနှုန်းသတ်မှတ်ချက်များ ရှိကြောင်း သုတေသနမေးခွန်းများအား ဖြေဆိုခဲ့သည့် ပါတီအားလုံးက ဖြေဆို ခဲ့ ကြ ပါသည်။

ပါတီကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာဘဏ္ဍာငွေသုံးစွဲမှု၊ လက်ခံရရှိမှုနှင့်ပတ်သက်၍ ရွေး ကောက်ပွဲ ကော်မရှင်က ချမှတ်ထားသည့် စဉ်းမျဉ်းများနှင့် အညီဆောင်ရွက်လျက်ရှိသည်ဟု ဖြေကြားကြသည်။ သို့သော် ၎င်းအချက်အလက်များကို ပါတီဗဟို၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြပေးနိုင်ခြင်း မရှိသေး ဟု ဆို ကြသည်။

အများပြည်သူနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ ဆုံးဖြတ်ချက်များ၊ မူဝါဒအပြောင်းအလဲများနှင့် ဆိုင်သည့် အချက်များကို သတင်းထုတ်ပြန်ချက်များ၊ ကြေငြာချက်များ မှတဆင့် အများပြည်သူထံ အသိပေးခြင်း ကို ပါတီအများစု အနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ဖြေဆိုခဲ့ကြပါသည်။

နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်လောင်းဆိုင်သတင်းအချက်အလက် စုစည်းထားရှိခြင်း ထုတ်ပြန်ခြင်းနှင့် ပတ်သတ်သော ပါတီတွင်း မူ၊ စံသတ်မှတ်ချက်များ အတည်ပြုထားရှိခြင်းနှင့် လူ့စွမ်း အား အရင်းအမြစ် ဆိုင်ရာ အခက်အခဲ၊ နည်းပညာဆိုင်ရာအခက်အခဲများကို ကျော်လွှားနိုင်ရုံမျှဖြင့်ပင် ယခုထက် ပွင့် လင်း မြင်သာမှု ပိုမို ရနိုင်မည်ဟု သုံးသပ်နိုင်ပါသည်။

(၄) နိုင်ငံရေးပါတီများ၏ သတင်းအချက်အလက်နှင့် ဆုံးဖြတ်ချက်ဆိုင်ရာပွင့်လင်းမြင်သာမှု

ပါတီအများစုတွင် ပါတီတွင်း အများပြည်သူနှင့်သတ်ဆိုင်သည့် သတင်းအချက်အလက်များ၊ ဆုံးဖြတ်ချက်များ၊ မူဝါဒအပြောင်းအလဲများနှင့် ဆိုင်သည့် အချက်များ ထုတ်ပြန်ခြင်း နှင့်ပတ်သက်သော မူ နှင့် စံသတ်မှတ်ချက် များ သတ်မှတ်ထားနိုင်ခြင်း မရှိသေးသည်ကို စိန်ခေါ်မှု အနေဖြင့် တွေ့ရှိရသည်။

ရွေးကောက်ပွဲကာလ ပါတီ၏ မဲဆွယ်စည်းရုံးရေးအစီအစဉ် နှင့်ပတ်သက်သော သတင်းအချက်အလက် များကို ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်ထုတ်ပြန်ခြင်းသည် မဲဆွယ်စည်းရုံးရေးဆင်းသော ပါတီဝင်များနှင့် ပါတီဝန်းရံသူ များ၏ လုံခြုံရေးအတွက် ကြီးစွာသောစိုးရိမ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း တိုင်းရင်းသား ပါတီအများစုက ဖြေကြားသည်ကိုလည်း တွေ့ရသည်။

နိဂုံး(ခ)သုံးသပ်ချက်

မိမိတို့ သုတေသနလုပ်ငန်းစဉ်တွင်ပါဝင် ဖြေဆိုခဲ့ကြသည့် နိုင်ငံရေးပါတီများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာမူဝါဒ ချမှတ်ကျင့်သုံးခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာပြုစုထားရှိခြင်း၊ ရံပုံငွေလက်ခံရရှိမှု နှင့် သုံးစွဲမှုဆိုင်ရာကိစ္စရပ်များကို စနစ်တကျမှတ်တမ်းတင်ထားရှိခြင်း၊ စံနှုန်းများသတ်မှတ်၍ ကိုယ်စားလှယ်လောင်ရွေးချယ်ခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ဘဏ္ဍာရေးကိစ္စရပ်များကို စနစ်တကျဆောင်ရွက်ခြင်းတို့ ကို ပါတီတွင်းကျင့်သုံးခြင်း၊ နှင့် ပါတီ ထောက်ခံသူ အသိုင်းအဝိုင်းထံအသိပေးခြင်း တို့ကိုလုပ်ဆောင်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာ အခက်အခဲ၊ နည်းပညာဆိုင်ရာအခက်အခဲများကို ကျော်လွှားနိုင်ရုံ မျှဖြင့် အများ ပြည်သူနှင့် နိုင်ငံရေးပါတီများအကြား ယခုထက်ပိုမိုသည့် ပွင့်လင်းမြင်သာမှုအား တည်ဆောက် နိုင်မည်ဟု သုံးသပ်နိုင်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts