All News interview Peace

“NLD က အပြတ်အသတ်ပိုပြီးတော့မှ အနိုင်ရသွားတယ်ဆိုပေမယ့်လည်း ပြဿနာအဟောင်းတွေပဲ။ သူတို့အရင်လုပ်ဆောင်ချက်အတိုင်းသာ ဆက်သွားရင်တော့ တိုင်းပြည်အတွက် ပိုရှုပ်ထွေးနိုင်မယ့် အနေအထားရှိ…..”

“NLD က အပြတ်အသတ်ပိုပြီးတော့မှ အနိုင်ရသွားတယ်ဆိုပေမယ့်လည်း ပြဿနာအဟောင်းတွေပဲ။ သူတို့အရင်လုပ်ဆောင်ချက်အတိုင်းသာ ဆက်သွားရင်တော့ တိုင်းပြည်အတွက် ပိုရှုပ်ထွေးနိုင်မယ့် အနေအထားရှိ…..”

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်အနိုင်ရသူ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးဒီးဒီနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိသူ ဦးဒီးဒီကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရွေးကောက်ပွဲ အောင်နိုင်တဲ့အပေါ် ဘာပြောချင်တာရှိမလဲ။

ဖြေ။ ။ ကျွန်တော့်ကို မဲပေးခဲ့တဲ့ ဖရူဆို မြို့နယ်က ပြည်သူတွေကိုကျေးဇူးတင်တယ်။ ဝန်းရံခဲ့တဲ့ လူငယ်တွေကိုလည်း ကျေးဇူးတင်တယ်ပေါ့။ အားလုံးကိုပေါ့။ ကျေးဇူးတင်တယ်။ ကျွန်တော် ဒီထက်ပိုအလုပ်လုပ်ရဦးမယ်ဆိုတဲ့ ဟာလောက်ပဲရှိပါတယ်။

မေး။ ။ အခုရွေးကောက်ပွဲအောင်နိုင်ပြီဆိုေတာ့ ဘာတွေစတင်လုပ်ဆောင်မလဲ။ ရက်ပေါင်း ၁ဝဝ အတွင်းပေါ့။

ဖြေ။ ။ ကျွန်တော် ရေ ရရှိရေးနဲ့ ပတ်သက်ပြီးတော့မှ မေးခွန်းဖြစ်ဖြစ် အဆိုဖြစ်ဖြစ် လုပ်သွားဖို့ရှိတယ်။ နောက်တစ်ခုက ဒီဌာနဆိုင်ရာတွေ အပါအဝင်ပေါ့။
ကျေးရွာက ပြည်သူတွေ အုပ်ချုပ်ရေးမှူးက အစအားလုံးနဲ့ လိုက်တွေ့ပြီးမှ ကျွန်တော်တို့လာမယ့် ၅နှစ်ပေါ့။ ကျွန်တော်တို့ ဖရူဆို မြို့နယ်အတွက် စီမံကိန်း Project ကအစ အခြားဘာတွေလုပ်သင့်တယ်ဆိုတဲ့ဟာကို ကျွန်တော် ရေးဆွဲဖို့ရှိပါတယ်။ လယ်ယာမြေ ပြဿနာတွေရှိတယ်။ နောက် သယံဇာတ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ ပြဿနာတွေလည်းရှိတယ်။

မေး။ ။ ဘာတွေအောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။ ။ အဓိကတော့ ကျွန်တော်တို့ ဒီမဲဆွယ် ကာလတုန်းကလည်း ရေကိစ္စကိုပဲပြောတော့ ဒီကိစ္စကို ကျွန်တော်တို့ကို ပြောပြီးဆိုပြီ သူတို့သိလာတဲ့နောက်ပေါ့။ နောက်ပိုင်းကိစ္စတွေမှာ သူတို့ကိုယ်တိုင် ရေးဆွဲပြီးမှ တင်လာတာ ပုံစံမျိုးဖြစ်အောင်လုပ်တဲ့အတွက် ဒီစီမံကိန်းပြောပြောပေါ့။ အားလုံးသောလုပ်ငန်းတွေက သူတို့ကနေ ဖြစ်လာတယ်ပေါ့။ သူတို့ပါဝင်ပတ်သက်ရမယ်။

အဲလိုမျိုး ခံစားချက်တွေရှိလာရင်တော့ ပိုပြီးမှ အောင်မြင်မယ်။ ပြဿနာတွေ ပိုနည်းလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်အဲလို လူထုကိုယ်တိုင် ပါဝင်တဲ့ဟာပေါ့။ အဲလိုမျိုးပုံစံလေးဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။ ။ လူထုအခြေအနေကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ လူထုကတော့ ကျွန်တော်တို့ အနိုင်ရသွားတဲ့အပေါ်မှာတော့ ဘာမှ ထူးထူးခြားခြား ပျော်ကျရွှင်တာတို့ တစ်ဖက်က ကိုယ်ရဲ့ ပြိုင်ဖက်ပါတီကလည်း စိတ်ဆိုးစိတ်တိုတာတွေလည်း မရှိဘူးပေါ့။ ကျွန်တော်တို့ ဖရူဆိုမြို့နယ်ကတော့ အေးအေးချမ်းချမ်းပါပဲ။

မေး။ ။ မဲဆန္ဒရှင်တွေကို ပေးထားတဲ့ ကတိကဝတ်ပိုင်းတွေကော ဘယ်လိုဆက်လက် အကောင်အထည်ဖော်မလဲ။ သူတို့ဘက်က ဘာအကြောင်းအရာတွေကို အဓိကထား တင်ပြကျလဲ။

ဖြေ။ ။ အခုကတော့ ရေပါပဲ။ အခုလည်း ရေကိစ္စကို လုပ်ပေးဖို့ပေါ့။ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ နောက်တစ်ခုက ဖွံ့ဖြိုးရေးပေါ့။ လမ်းတို့ ကျောင်းတို့ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပေါ့။
အဲဒီ ၃ခုကို သူတို့ အရင်ကကော အခုကော ပြောနေတာပေါ့။ အဓိကတော့ ကျွန်တော် လွှတ်တော်ထဲမှာ မေးမြန်းတာတို့ အဆိုတင်တာတို့ မလုပ်ခင် သူတို့အောက်ခြေပြည်သူထဲမှာလည်း အဲတာကို ကျေကျေလည်လည် သိဖို့လိုတယ်။ ပြီးရင် ကျွန်တော့်ကိုထောက်ခံဖို့လည်းလိုတယ်။ အဲလိုလုပ်ဖို့အတွက် ဒီသူတို့နဲ့ နောက်တကျော့ပေါ့။ လွှတ်တော်မတက်ခင် အချိန်လည်းရှိသေးတော့ ပြန်လိုက်တွေ့ဖို့တွေ ရှိပါတယ်။

ခုနပြောတဲ့ရေရယ်။ လမ်းပန်းဆက်သွယ်ရေးရယ်။ သဘာဝပတ်ဝန်းကျင်ပေါ့။ အဲသုံးခုကိုတော့ အဓိကအရင် ဦးစားပေးစဉ်းစားဖို့ သူတို့ပြောထားပါတယ်။ ရေက ရှားပါတယ်။ ကျွန်တော်တို့ ဖရူဆိုလေ ၁လပိုင်းလောက်ဆို စပြီးတော့ ကျွန်တော်တို့ရေတွေ အခက်အခဲရှိတယ်။

ရေ ရရှိရေးကို ကျွန်တော်တို့ လုပ်ပေးမှရမယ်။ ရွာကော မြို့ကောပေါ့။ သောက်သုံးရေ ပြဿနာပေါ့။ လူဦးရေလည်း ထူထပ်လာတယ်။ နောက် ဒီစိုက်ပျိုးရေးတွေလည်းများလာတယ်။ ရေထွက်လည်းနည်းလာတယ်။ မိုးလည်းနည်းလာတယ်။ ရာသီဥတုဖောက်ပြန်တဲ့ အနေအထားဆိုတော့ နွေရာသီဆိုတော့ သောက်သုံးရေ ပြဿနာတော့ရှိတယ်။

မေး။ ။ ငြိမ်းချမ်းရေးအတွက်ကော ဘာတွေလုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ပါတီကော နောက် အနိုင်ရတဲ့ကိုယ်စားလှယ်တွေကကော ဒီကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အားလုံးနဲ့ ရင်းနှီးပြီးသားပေါ့။ ဆိုတော့ ပြဿနာတွေ အကြီးအကျယ်မဖြစ်အောင် ကြီးတဲ့ဟာလည်း ငယ်သွားအောင် ငယ်တဲ့ဟာလည်း ပပျောက်သွားအောင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ ညှိနှိုင်းပြီးမှ ဆောင်ရွက်သွားဖို့ရှိတယ်ပေါ့။ ကျွန်တော်တို့ ကောင်းတဲ့ဆက်ဆံရေးရှိပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ပေါ့။

မေး။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေလုပ်သွားဖို့ရှိမလဲ။

ဖြေ။ ။ ဒါတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးပေါ့။ အဓိကရတဲ့ ပါတီအပြင် အနိုင်ရတဲ့ပါတီ အားလုံးတိုင်းရင်းသားပါတီတွေ အားလုံးကော ကျွန်တော်တို့ ညှိနှိုင်းဖို့လိုပါလိမ့်မယ်။ ညှိနှိုင်းပြီးမှ ကျွန်တော်တို့ ဘယ်လိုလမ်းကြောင်းနဲ့ သွားမလဲပေါ့။ ပြီးခဲ့တဲ့ သက်တမ်းကလည်း ကျွန်တော်တို့ သင်ခန်းစာ ရပြီးပြီဆိုတော့ အရင်သင်ခန်းစာ ယူပြီးတော့မှ တကယ်ပြုပြင်နိုင်ဖို့အတွက် ဘယ်လိုလုပ်မယ်ဆိုတာ ဒါကတော့ ဝိုင်းပြီးတော့မှ ဆွေးနွေးရလိမ့်မယ်ထင်တယ်။

အဲမှာတော့ ပြည်သူတွေ တွေ့လာပါလိမ့်မယ်။ ဘယ်ကိုယ်စားလှယ်တွေ ဘယ်ပါတီတွေက တကယ် အပြောင်းအလဲလိုချင်လဲ။ ဘယ်သူတွေက အပြောင်းအလဲမလိုချင်လဲဆိုတာ တွေ့လာလိမ့်မယ်။ ဆိုတော့ အားလုံးလိုလားတဲ့ဟာဆိုရင်တော့ ကျွန်တော်ထင်တယ် လုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တာ် တစ်ဦးတစ်ယောက်အနေနဲ့ကတော့ ကျွန်တော် ဆန္ဒခံယူပွဲလုပ်ဖို့ပေါ့။

အဲတာကို သဘောကျတယ်။ နောက်တစ်ခုက ပြည်နယ် ဝန်ကြီးချုပ်တွေကိုပေါ့။ ပြည်နယ်က လူတွေက ရွေးချယ်တဲ့အပိုင်းတွေ ကျွန်တော် စပ်ကူးမတ်ကူးကာလမှာ အဲတာတွေလိုချင်တယ်။ နောက်တစ်ခုက အာဏာခွဲဝေမှုပေါ့။ ဇယား၂ကို ပိုပြီးတော့မှ တိုးချဲ့နိုင်ဖို့အတွက် ဒီလုပ်ဆောင်မယ့်ဟာတွေကို ကြားကာလမှာ လိုလားပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီရွေးကောက်ပွဲကတော့ လွဲချော်မှုတွေတော့ရှိတာပေါ့။ UEC ဘက် နောက်အစိုးရစီမံခန့်ခွဲမှုပိုင်းလည်း လိုအပ်ချက်ရှိသလို ကိုဗစ်ရောဂါကြောင့်လည်း အနှောက်အယှက်တွေ အများကြီးရှိတယ်။ နောက် မဲဆန္ဒနယ်တွေ ဖျက်သိမ်း မကျင်းပနိုင်တဲ့ဟာတွေလည်း ရှိခဲ့တဲ့အတွက် အဲဒါကို ကျွန်တော်တို့ကတော့ မကြိုက်ဘူးပေါ့။

သူတို့ အဲဒေသက ပြည်သူတွေရဲ့ အသံတွေပျောက်နေလိမ့်မယ်လို့ ကျွန်တော်ပြောချင်တယ်။ အဲတာတွေ ရွေးကောက်ပွဲပြန်လုပ်ဖို့လည်း ကျွန်တော်တို့က တောင်းဆိုသွားဖို့ရှိတယ်။ နောက်တစ်ခုက ဒီ ၂ဝ၂ဝနဲ့ ၂ဝ၁၅ အတွင်းပေါ့။

NLD က အပြတ်အသတ်ပိုပြီးတော့မှ အနိုင်ရသွားတယ်ဆိုပေမယ့်လည်း ပြဿနာအဟောင်းတွေပဲ ကျွန်တော်တို့ထပ်မံ ထမ်းနေရမှာဆိုတော့ သူတို့အရင်လုပ်ဆောင်ချက်အတိုင်းသာ ဆက်သွားရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် ၂ဝ၂ဝ၊ ၂ဝ၂၅ကတော့ ပိုရှုပ်ထွေးနိုင်မယ့် အနေအထားရှိတဲ့အတွက် အနိုင်ရတဲ့ပါတီ NLD အနေနဲ့ ပြီးခဲ့တဲ့ သက်တမ်းရဲ့ သင်ခန်းစာယူပြီးမှ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းတဲ့ နိုင်ငံရေး တစ်နိုင်ငံလုံးရဲ့ ရေရှည်နိုင်ငံရေး ပိုပြီးမှ အဆင်ပြေကောင်းမွန်အောင် လုပ်ဆောင်စေချင်ပါတယ်။

လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်တယ်။ အဲလိုမှ မဟုတ်ရင် ပိုဆိုးရွားမယ့် အခြေ အနေမျိုးလို့ ကျွန်တော်ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts