Local News Peace political news

Mytel အမြတ်အစွန်းအတွက် အစွန်းရောက် ဘာသာရေး၊ အမျိုးသားရေးကို အသုံးချခဲ့ပြီး အစိုးရနှစ်ဆက် အရေးယူရန် ပျက်ကွက်ခဲ့ဟုဆို

Mytel အမြတ်အစွန်းအတွက် အစွန်းရောက် ဘာသာရေး၊ အမျိုးသားရေးကို အသုံးချခဲ့ပြီး အစိုးရနှစ်ဆက် အရေးယူရန် ပျက်ကွက်ခဲ့ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇

မြန်မာစစ်တပ်ပိုင် Mytel အနေဖြင့် အမြတ်အစွန်းရရှိရေး ဘာသာရေးနှင့် အစွန်းရောက် အမျိုသားရေးကို အသုံးချခဲ့ပြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရဟောင်းနှင့် လက်ရှိNLD အစိုးရ လက်ထက်တွင် အရေးယူရန် ပျက်ကွက်ခဲ့ကြောင်း Justice for Myanmar(JFM) အဖွဲ့က ယနေ့ သတင်းထုတ်ပြန် ဝေဖန်လိုက်သည်။

၂၀၁၁ ခုနှစ် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး စတင်စဉ်ကတည်းက ဘာသာရေးနှင့်အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုများသည် ရိုဟင်ဂျာဆန့်ကျင်ရေး၊ မွတ်စလင်ဆန့်ကျင်ရေး အမုန်တရားများကို သွေးထိုး လှုံ့ဆော်ရာမှာ အဓိကနေရာက ပါဝင်ခဲ့ကြောင်း၊ အစွန်းရောက်လှုပ်ရှားမှုများက အကြောက်တရား၊ အမုန်းတရားနှင့် သွေးခွဲမှုများကို ပျံ့နှံ့စေခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုများကို စည်းရုံးအားပေးထောက်ခံခဲ့ကြကြောင်း JFM က ထောက်ပြ ဝေဖန်ထားသည်။

ထို့ပြင် “၉၆၉” ကို ဆော်ဩသံတစ်ရပ်အနေဖြင့် အသုံးပြုခဲ့ကြကြောင်း၊ “၉၆၉” လှုပ်ရှားမှုသည် နောက်ပိုင်းတွင် အမျိုးဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးအသင်း အတိုကောက် “မဘသ” သို့ ပြောင်း လဲခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဗုဒ္ဓ၊ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုသည့်နာမည်သစ်ပြောင်းခဲ့ပြီး အစိုးရက ပိတ်ပင်ခဲ့ကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လေးခုမြောက် တယ်လီဖုန်းအော်ပရေတာဖြစ်ပြီး မြန်မာစစ်တပ်က ပူးတွဲ ပိုင်ဆိုင်ထားသည့် Mytel အတွက် “၉၆၉” နံပါတ်ကို ခွဲဝေချထားပေးခဲ့ကြောင်း၊ အဆိုပါခွဲဝေ ချထားပေးခြင်းသည် ဆက်သွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည့် မြန်မာ့ဆက်သွယ်ရေးနံပါတ်လျာထား သတ်မှတ်ချက်အတွင်းက ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း၊ “၉၆၉” နံပါတ်ကို မွတ်စလင်ဆန့်ကျင်ရေးအမုန်းတရားအတွက် အမှတ်လက္ခဏာအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့်အချိန် Mytel ကို “၉၆၉” နံပါတ် ခွဲဝေချထားပေးခဲ့ခြင်းသည် အစွန်းရောက်အမျိုးသားရေးထောက်ခံသူတွေကို နိုင်ငံရေးအချက် ပေးသံတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ Mytel သည် မဘသ၏ လူမျိုးရေးခွဲခြားမှုနှင့် အစ္စလမ်ကြောက်ရောဂါ လှုံ့ဆော်မှုကို ထောက်ခံကြောင်း ပြသဟု ကျယ်ကျယ်ပြန့်ပြန့် ရိပ်မိစေခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် USDP ပါတီက အများစု ထိန်းချုပ်ထားသော လွှတ်တော်က “အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး”ဟု ခေါ်ဆိုသည့် ဥပဒေလေးခုကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းနိုင်စေရေး မဘသကတင်သွင်းခဲ့ပြီး စည်းရုံးလှုံ့ဆော်ရေးများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊အဆိုပါဥပဒေများသည် လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်တွေကို ချိုးဖောက်ရာရောက်တဲ့အပြင် ကလေးသူငယ်အခွင့်အရေး ဥပဒေ၊ အမျိုးသမီးများအပေါ် ဘက်ပေါင်းစုံမှ ခွဲခြားဆက်ဆံမှုများ ကာကွယ်ရေးဥပဒေများကို လိုက်နာ လုပ်ဆောင်ရန် တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံအနေဖြင့် ဖောက်ဖျက်ရာ ရောက်ကြောင်း၊ ၂၀၁၆ နောက်ပိုင်း အာဏာရရှိလာသည့် NLD အစိုးရသည် အဆိုပါမျိုးစောင့်ဥပဒေများကို ဖျက်သိမ်းရန် ပျက်ကွက် နေဆဲဖြစ်ကြောင်း သိရှိရသည်။

မြန်မာတပ်မတော်သည် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုကို ပေါ်ပေါ်တင်တင် ထောက်ခံအားခဲ့ပြီး မဘသနှင့် နောက်လိုက်အဖွဲ့များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ကြေညာချက် တစ်ခုတွင် မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က အစွန်းရောက်လှုပ်ရှားမှုကို “မရှိမဖြစ် လိုအပ်တယ်” ဟု ပြောဆိုခဲ့ကြောင်း JFM ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ပိုင် Mytel သည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ လက်အောက်ခံ Star High ကုမ္ပဏီ၊ ဗီယက်နမ်ပိုင် Viettel ကုမ္ပဏီနှင့်Myanmar National Telecom Holding တို့ကြားက ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ Mytel ကို “၉၆၉” နံပါတ် ပေးအပ်ခဲ့သည့်ကိစ္စကို Justice For Myanmar က ပြန်လည်သုံးသပ်ခဲ့ရာ Mytel ပိုင်ရှင် စစ်တပ်နှင့်ခရိုနီများ၏ အကျိုးအမြတ်အတွက် ဘာသာရေး၊ အမျိုးသားရေး အစွန်းရောက်ဝါဒကို အသုံးချ အာဏာလုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့သည့် သက်သေ အထောက်အထားများကို စိုးရိမ်ဖွယ်ရာတွေ့ရှိရကြောင်း JFM က ရေးသားထားသည်။

Mytel ၏ နံပါတ်ချထားပေးသည့်အချိန်သည် NLD အစိုးရ တာဝန်ယူချိန်ဖြစ်ပြီး Mytel ကွန်ရက်အသစ်ကို မဘသထောက်ခံသူများ လူမှုကွန်ယက်မီဒီယာပေါ်တွင် ကြော်ငြာပေးခဲ့ကြကြောင်း၊ Mytel သည် ဘာသာရေးအမျိုးသားရေးအစွန်းရောက်များအတွက် နိုင်ငံရေးအချက်ပေးသံဖြစ်ပြီး “၉၆၉” နံပါတ်မှ အကျိုးအမြတ်များ ရရှိခဲ့ကြောင်း၊ Mytel၏ ၉၆၉ နံပါတ်သည် သတ်မှတ်ချက်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၉ (ဃ) ကို ချိုးဖောက်ကြောင်း၊ အဆိုပါ ပုဒ်မတွင် “လိုင်စင်ရရှိသူ များသည် ဆက်သွယ်ရေးဆိုင်ရာနံပါတ်အား အမှတ်တံဆိပ်သဖွယ် အသုံးပြု၍သော်လည်း ကောင်း၊ လိုင်စင် ရရှိသူနဲ့ ဆက်သွယ်ရေးနံပါတ်စဉ် အပိုင်းအခြားအားတွဲဖက်၍ သော်လည်း ကောင်း ကြော်ငြာခြင်း၊ အများ သိစေရန် နည်းလည်းတစ်မျိုးမျိုးဖြင့် မပြုလုပ်ရ” ဟု ဖော်ပြထားကြောင်း သိရှိရသည်။

Mytel သည် အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအသင်း (မဘသ) ဦးဆောင်သည့် ဘာသာရေးအမျိုးသားရေးအစွန်းရောက်များ၏ စည်းရုံးလှုံ့ဆော်မှုဖြင့် တစ်နိုင်ငံလုံး ဖြန့်ကျက်နိုင်သည့် အနေအထားရှိကြောင်း ၊ “၉၆၉” နံပါတ် ခွဲဝေချထားပေးမှုသည် အကျိုးအမြတ်ရှာဖွေရန် အတွက် လူမှု ဘဝများ အပေါ်လျစ်လျူရှုမှု သက်သေအထောက်အထားနောက်တစ်ခုဖြစ်ကြောင်း JFM က ဆိုသည်။

ယခင်အစိုးရလက်ထက် Mytel ကိုတည်ထောင်ရာတွင် ယခင်အစိုးရနှင့်အမျိုးသားရေး အစွန်းရောက်များ အတူပူးပေါင်းကြံစည်ခဲ့သည့် အထောက် အထားများ ရှိသော်လည်း NLD အစိုးရအာဏာလွှဲယူပြီး နောက်ပိုင်း အရေးယူရန်ပျက်ကွက်ခဲ့ကြောင်း၊ Mytel ၏ နံပါတ်သတ်မှတ်မှုများကို ဆန်းစစ်ကြည့်ရင် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုများ၊ စစ်တပ်၏ နိုင်ငံရေး ၊ စီးပွါးရေးဆက်နွယ်နေမှုများကို ဖော်ပြနေကြောင်း JFM သုံးသပ်သည်။

မြန်မာပြည်သူအားလုံး၏ ဘဝများ ပိုမိုကောင်းမွန်လာရန် အမုန်းတရားဖြန့်ဝေပြီးနိုင်ငံရေးကစားမှုကို ဆန့်ကျင်ကြောင်း၊ မြန်မာစစ်တပ်ကို အရပ်ဘက် ထိန်းချုပ်မှုအောက်တွင် လုံးလုံး လျား လျားထားရှိပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ဖယ်ရှားပစ်ရမည်ဖြစ်ကြောင်း JFM က တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts