All News interview Peace

AA နှင့် တပ်မတော်အကြား ဝင်ရောက်စေ့စပ်ပေးသူ ဂျပန်ကိုယ်စားလှယ် နှင့် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ တွေ့ဆုံမှု ဘာတွေဆွေးနွေးခဲ့လဲ

AA နှင့် တပ်မတော်အကြား ဝင်ရောက်စေ့စပ်ပေးသူ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နှင့် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ တွေ့ဆုံမှု ဘာတွေဆွေးနွေးခဲ့လဲ

By ရန်ကုန်ခေတ်သစ်

ရခိုင်တပ်တော် AA နှင့် တပ်မတော်တို့အကြား ကြားဝင်စေ့စပ်ပေးနေသူ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် လည်းဖြစ်၊ဂျပန်နိုင်ငံ၊ နီပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ H.E.Mr. Yohei SASAKAWA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရခိုင် ပြည် နယ်၊ ကျောက်တော်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်သို့ သွား ရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံခဲ့သည်။

ယင်းနောက် စစ်တွေမြို့တွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအပါအဝင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် အဖွဲ့နဲ့ ဆရာတို့ ANP ပါတီတွေ ဘာတွေဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ ဆွေးနွေးဖြစ်တယ်ဆိုတာ ရွေးကောက်ပွဲပေါ့။ ရခိုင်ပြည်နယ်မှာ ရွေး ကောက်ပွဲဖြစ်ဖို့ကိစ္စ ပြီးတော့ ရွေးကောက်ပွဲကနေ တစ်ဆင့် ငြိမ်းချမ်းရေးကိစ္စ အဲဒါပါပဲ။ နေရာကတော့ စစ်တွေ ဟိုတယ်မှာတွေ့တာပေါ့။

မေး။ ။ ဆွေးနွေးပွဲမှာ ဂျပန်ကိုယ်စားလှယ်အဖွဲ့က အထူးဆွေးနွေးဖြစ်တဲ့ အကြောင်းအရာက ဘာဖြစ်မလဲ။

ဖြေ။ ။ သူ့ဘက်က သူကမနေ့ကရောက်တယ်။ ရောက်ပြီးတော့ သူက တပ်မ တော် လေယာဉ်နဲ့ သူလာတယ်။ လာပြီးတော့ တပ်မတော်က စီစဉ်ပေးတဲ့ ရဟတ်ယာဉ်နဲ့ပဲ ကျောက်တော်ကိုသွားတယ်။ ပြီးတော့ ဘူးသီးတောင်ကိုသွားတယ်။ အဲဒီကနေတစ်ဆင့်မှ ပြန်လာတဲ့အခါမှာ ကျွန်တော်တို့နဲ့တွေ့တာ သူအဲလို ဘူးသီးတောင်တို့ ကျောက်တော်တို့ကို သွားဖို့ကလည်း တပ်မတော်ဘက်ကသူ့ကို ကူညီပေးတယ်ဆိုတာလည်း ပြောပြတယ်။

တပ်မတော်ဘက်ကလည်း ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ လုပ်ချင်တယ်ဆိုတာကိုလည်း ပြောပြတယ်။ တပ်မတော်ရဲ့ သဘောထားကိုလည်း သူပြောပြတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ ဒေသခံပြည်သူတွေကလည်း ရွေးကောက်ပွဲကိုလုပ်စေချင်တယ်။ ကျွန်တော်တို့ ပါတီကလည်း ရွေးကောက်ပွဲကို လုပ်စေချင်တယ်။ ရခိုင်ပြည်နယ် လွှတ်တော်အနေနဲ့လည်း ရွေးကောက်ပွဲကို လုပ်စေချင်တယ်ပေါ့။

မေး။ ။ AAနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကော ဘာပြောတွေ ဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ အဲဒါကတော့ သူကရွေးကောက်ပွဲဖြစ်ချင်တယ်။ နောက်ငြိမ်းချမ်းရေး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်။ အဲတာတော့ သူပြောတာပဲ။

မေး။ ။ ရခိုင်ပြည်နယ် တိုက်ပွဲတွေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ အခုတိုက်ပွဲတွေက အခုမရှိတော့ဘူးမှတ်လား။ အဲဒီလိုတိုက်ပွဲတွေ မရှိတဲ့အတွက်လည်း သူက ဝမ်းသာတဲ့အကြောင်းပြောတာပေါ့။

မေး။ ။ AAနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းလုပ်ဖို့ ကိစ္စကော ဘာပြောတာရှိမလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးရဖို့အတွက် သူကကြိုးစားတယ် အဲလိုပဲပြောတာပဲ။ အသေးစိတ်ကတော့ မပြောပါဘူး။ ဘာပဲပြောပြော သူပြောတဲ့အထဲမှာ သူက ရခိုင်ပြည်နယ်မှာ ကျန်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲဖြစ်စေချင်တယ်။ တိုက်ပွဲတွေကို ရပ်စေချင်တယ်။ အဲဒီကနေတစ်ဆင့် ငြိမ်းချမ်းရေးကို ဖြစ်စေချင်တယ်။ ဒါသူ့ရဲ့ ဆန္ဒပါပဲပေါ့။

မေး။ ။ ဒေါ်လာနှစ်သိန်းလှူဒါန်းတယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ အဲဒါကရော ဘယ်လိုပုံစံမျိုး ထောက်ပံ့မှာလဲ။

ဖြေ။ ။ ဒေါ်လာနှစ်သိန်းကတော့ ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ အထူးသဖြင့် ဒုက္ခဖြစ်နေတဲ့ပြည်သူတွေအတွက် ဒေါ်လာနှစ်သိန်း သူ့ဆီကနေ အလှူပေးတယ်။ သူကတော့ ငွေပေးမှာမဟုတ်ဘူး။ ဒေါ်လာ နှစ်သိန်းနဲ့ ညီမျှတဲ့ သူအစားအသောက်တွေပေးမှာပါ။ အစားအသောက် အဝတ်အစားတွေ ပေးမှာပါ။

မေး။ ။ ဆရာတို့ကနေ တစ်ဆင့် ပြည်သူတွေဆီကို ပေးမှာလား။ သူကိုယ်တိုင် တိုက်ရိုက် ပေးမှားလား။

ဖြေ။ ။ သူကိုယ်တိုင်တော့ တိုက်ရိုက်မပေးပါဘူး။ ဒါတော့ ကျွန်တော်လည်း ဂဃနဏ တော့ သဘောမပေါက်ဘူး။ အဲလိုပေးဖို့အတွက်ကတော့ ဘယ်လိုစီစဉ်ကျမလဲတော့ မသိဘူး။ အဲလိုပေးဖို့ရှိတယ်။ သူဒေါ်လာနှစ်သိန်း လှူခဲ့မယ်။

အဲလိုပြောတာပဲသူ ဘယ်ကိုပေးမယ်။ ဘယ်ကနေတစ်ဆင့် ပြည်သူတွေကိုပေးမယ်။ အဲတာကတော့ ကျွန်တော်နားလည်တဲ့ထဲမှာတော့ အသေအချာ သူပြောတဲ့အထဲမှာ သဘောမပေါက်ဘူး။ သို့သော် ပေးတော့ပေးမှာပဲလေ အဲတာသူတော့ပြောခဲ့တယ်။

မေး။ ။ သူနဲ့ဆွေးနွေးတဲ့အခါမှာ အားရကျေနပ်မှုရှိလား။

ဖြေ။ ။ သူနဲ့ဆွေးနွေးရတာတော့ အားရကျေနပ်မှုရှိပါတယ်။ သူကတကယ်ကို လှိုက်လှိုက်လဲလဲနဲ့ တကယ့်ကို လုပ်ချင်နေတဲ့သူပဲ သူ့အသက်အရွယ်နဲ့ ကြည့်ရင် သူဒီခရီးတွေကိုသွားတာလာတာ တကယ်ကို စိတ်ဝင်တစားနဲ့ သူသွားလာနေတာပဲ အသက် ၈ဝကျော် အဖိုးကြီးလို့တောင် မထင်ရဘူး။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကပေါ့။

မေး။ ။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အနှစ်ချုပ်ရလဒ်ပိုင်းကော ဘာပြောချင်တာရှိမလဲ။

ဖြေ။ ။ အနှစ်ချုပ်ကတော့ နီပွန် ဥက္ကဋ္ဌကြီး SASAKAWA ရဲ့ စိတ်ထဲမှာတော့ သူ့ရဲ့ဖြစ်စေချင်တဲ့ဆန္ဒတွေဟာ တကယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ဆန္ဒတွေပဲ။ တစ်နည်းပြောရရင် ကျွန်တော်တို့ ရခိုင်ပြည်သူ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်နဲ့ တသားတည်းကျပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိမလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ သူ့ကို နဂိုတည်းကမှ လေးစားတဲ့သူပဲ ဘာဖြစ်လို့ဆိုတော့ သူဟာ မြန်မာနိုင်ငံကိုရောက်တာလည်း အကြိမ် ၁ဝဝမကပါဘူး။ သူရောက်နေတာ အလှူအတန်းတွေလည်းလုပ်တယ်သူက ငွေကြေးကလည်း ချမ်းသာတယ်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဆိုတော့ သူတို့မှာ စိတ်ဓာတ်အခြေခံကလည်း ကောင်းတယ်။ ငွေကြေး အားဖြင့် အကူအညီလည်းပေးတယ်။ ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း ထဲထဲဝင်ဝင် တွန်းအားပေးနေတာတွေရှိတယ်။ အဲဒါကြောင့် သူဟာ အခုဖြစ်ပေါ် လာမယ့် ရွေးကောက်ပွဲတွေအတွက် မြန်မာနိုင်ငံရဲ့ ငြိမ်း ချမ်းရေးတွေအတွက် အဓိက ကျတဲ့ လူထဲမှာ တစ်ယောက်ပါတယ်လို့ ပြောချင်တယ်။

Photo Credit – ANP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts