All News Election Local News

UWSA ထိန်းချုပ်နယ်မြေရှိ မိုင်းဆတ်မြို့နယ်၊ ကျေးရွာတချို့တွင် မဲဆွယ်စည်းရုံးမှု ပိတ်ပင်တားဆီး၍ ရွေးကောက်ပွဲရုပ်သိမ်းရန် ပါတီ ၄ ခုတောင်းဆို၊ ကိုဗစ်ရောဂါကာကွယ်တားဆီးရေး လုပ်ဆောင်ခြင်းဟု ၀ တပ်ဖွဲ့ တုံ့ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်အတွင်းရှိ UWSA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအုပ်စုတချို့တွင် အဝင်အထွက် စစ်ဆေးရေးဂိတ်များ ထားရှိပြီး နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်ပိတ်ပင်ထားသည့်အတွက် ရွေးကောက်ပွဲ ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ ၄ပါတီက နိုဝင်ဘာလ ၃ရက်နေ့တွင်တောင်းဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လားယူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က မိုင်းဆတ်ရှိ ကျေးရွာအုပ်စု ၄ခုတွင် ရွေးကောက်ပွဲဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး UWSA ဘက်က မဲဆွယ်စည်းရုံးမှုများကို ပိတ်ပင်ခြင်းမရှိဟု UWSA က ငြင်းဆိုသည်။

ယင်းဒေသတွင် ကိုဗစ် ၁၉ ကူးစက်မှုမရှိစေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးခွဲတာဝန်ခံ ဦးညီရမ်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြန်လည်ရှင်းလင်းထားသည်။

“ မိမိတို့ အနေဖြင့် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်ပြီး လူဝင်/ထွက်သွားလာခွင့်အား တားဆီးပိတ်ပင်ခြင်းများလုံးဝမပြုလုပ်ခဲ့ပါ။ ကပ်ရောဂါကူးစက်မှုလျှင်မြန်စွာ ဖြစ်ပွားနေချိန်ဖြစ်သော်လည်း ရွေးကောက်ပွဲနီးကပ်လာချိန်ဖြစ်သောကြောင့်သက်ဆိုင်ရာပါတီများမှ မဲဆွယ်စည်းရုံးခြင်းအား တားဆီး ပိတ်ပင်ထားခြင်းမျိုးလုံးဝမရှိပါ။ မိမိတို့ ဒေသအတွင်းရှိ တိုင်းရင်းသားများကိုလည်း ၎င်းတို့ ကြိုက်နှစ်သက်ရာ မည်သည့်ပါတီကို မဆိုလွတ်လပ်စွာရွေးချယ်ခွင့်ရှိကြပြီး မည်သည့်ပါတီကိုမှဘက်လိုက်၍မဲထည့်ဝင်ရန် ဖိအားပေးပြောဆိုထား ခြင်းမျိုးမရှိပါ။ မိမိတို့အနေဖြင့် ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကိုသာအဓိကထားဆောင်ရွက်နေခြင်းဖြစ်ပါသည်” ဟု UWSA၏ ရှင်းလင်းချက်တွင်ဖော်ပြထားသည်။

ထို့ပြင် မိုင်းတုံနှင့်မိုင်းဆတ်မြို့နယ်များရှိ “ဝ” အထူးဒေသ(၂) တောင်ပိုင်းသည် လူဦးရေထူထပ်ပြီး ရောဂါဖြစ်ပွားလာလျှင် ကုသရန် ဆေးဝါးလုံလောက်မှုမရှိခြင်း၊ ရောဂါထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုမရှိခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်၍ ကျေးရွာအုပ်စုများအတွင်းသို့ ဝင်/ထွက်သည့် ကားလမ်းတွင် ရောဂါကာကွယ်တားဆီးရေးစစ်ဆေးရေးဂိတ်များ ပြုလုပ်ကာ ခရီးသည်များနှင့်ယာဉ်မောင်းများအားလုံးအား ကိုယ်အပူချိန်တိုင်းတာခြင်း ၊ မော်တော်ယာဉ်/ဆိုင်ကယ်များအား ပိုးသတ်ဆေးဖြန်းခြင်း စသည့်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု ရှင်းလင်းချက်တွင်ပါရှိသည်။

“ ဂိတ်များတွင် ကြန့်ကြာရသည့် အကြောင်းရင်းမှာ မိမိတို့နယ်မြေ အတွင်းဝင်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏လုံခြုံဘေးကင်းစွာသွားလာနိုင်ရေးအတွက် သက်ဆိုင်ရာဂိတ်အသီးသီး သို့ထပ်ဆင့်အကြောင်းကြားရခြင်းတို့ကြောင့်ဆက်သွယ်ရေးဆိုင်ရာ အချိန်အနည်းငယ်ယူရသဖြင့် ခေတ္တစောင့်ဆိုင်းရခြင်းသာဖြစ်ပါသည်။ မိမိတို့ အနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ ကျန်းမာရေးကို ရှေးရှု၍ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းကိုသာ အဓိကထားဆောင်ရွက်နေရသော ကြောင့်အထင်အမြင် မလွဲစေရန် အသိပေးအပ်ပါသည်” ဟု UWSA ရှင်းလင်းချက်တွင်ဖော်ပြထားသည်။

မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းထလန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စု၊ ဝမ်ဟုန်(ဝ) ၊ ဝမ်ဟုန်(ရှမ်း) စသည့်ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ ဖျက်သိမ်းပေးရန် တောင်းဆိုထားသော နိုင်ငံရေးပါတီ ၄ပါတီထဲတွင် ပါဝင်သည့် လားဟူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့်က အဆိုပါ နယ်မြေများသို့ သွားရောက်ကာ မဲဆွယ်စည်းရုံးရေးများပြုလုပ်မည်ဆိုလျှင် UWSA ကသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း စစ်ဆေးမှုများ လုပ်ဆောင်ရမည်ပြီး ရွေးကောက်ပွဲကျင်းပရန် အချိန်၂ရက်သာလိုတော့သည့်အတွက် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ ကော်မရှင်မှာ ၃ရက်နေ့ ရက်စွဲနဲ့ မြို့နယ်အဆင့်ကော ခရိုင်အဆင့်ကော ပြည်နယ်အဆင့်ကော ပြီးတော့ ပြည်ထောင်အဆင့်ကော ကျွန်မတို့ တင်ထားပါတယ်။ ၄ ပါတီပေါင်းပြီးတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်က ညှိနှိုင်း ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ဟိုဖက်မှာ ဆေးစစ်ချက်တွေကတော့ ဟိုဖက်က စည်းကမ်းအတိုင်း လိုက်နာမယ်ပေါ့။ ကျွန်မတို့ ဒီလိုမျိုးလုပ်ပေးမယ်ဆို အစကတည်းက လုပ်ပေးသင့်တာပေါ့။ အစတည်းက ကျွန်မတို့ အဆင်မပြေဘူးဆိုပြီးတော့ လူကိုယ်တိုင်ကော ကော်မရှင်ကို တင်တယ်။ တင်တော့ ၂ရက်ကြိုတင်ပြီး စာတင်ပေးပါဆိုပြီးတော့ တင်တော့လည်း သွားတယ်။ သွားတဲ့အခါကျတော့ သူတို့ကအဆင့်ဆင့်ပြန်ပြီးတော့ ဟိုဖက်မှာ တင်ပြရမယ် အဲလိုမျိုး ပြောတယ်ပေါ့။ ကျွန်မတို့က ဟိုဖက်မှာကလည်း ဆက်ဆံရေးတာဝန်ခံဆီကို စာတင်တော့လည်း သူတို့က ဖုန်းနဲ့ပဲဆက်သွယ်ပြီးတော့ ဒါမရဘူးလို့ပြောတယ်ပေါ့။ ဒီအခြေအနေ အနေအထားမျိုးကို ကော်မရှင်ကလည်းသိပါတယ်။ သိတဲ့အခါကျတော့ အခု ၂ရက်ပဲရှိတော့တဲ့ အချိန်အတွင်းမှာ ကြိုတင်မဲတွေလည်း ထည့်ပြီးပြီပေါ့။ အခုထပ်ပြီးတော့ စစ်ဆေးဖို့ ဟိုဖက်ကလည်း စစ်ဆေးပြီးမှ သွားလို့ရမယ်ဆိုတော့ ကျွန်မတို့ အတွက်လုံးဝအဆင်မပြေတော့ပါဘူး” ဟု ၎င်းကပြောဆိုသည်။

ထို့ကြောင့် အဆိုပါ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ ရုပ်သိမ်းပေးရန် ကိစ္စကို သာဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေါ်အေးသီတာမြင့်ကဆက်လက်ပြောဆိုသည်။

“ ကျွန်မတို့က ဝ ထိန်းချုပ်နယ်မြေထဲက ရွေးကောက်ပွဲကို ဖျက်သိမ်းပေးဖို့ပဲ တောင်းဆိုထားပါတယ်။ ဒါကို တောင်းဆိုချက်ကို ကျွန်မတို့က ရုတ်သိမ်းဖို့လည်းမရှိဘူးပေါ့။ ဆက်ပြီးတော့ ကျွန်မတို့က ဒါတောင်းဆိုထားတဲ့အတိုင်းပဲပေါ့။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဒီကြိုတင်မဲကိစ္စတွေကော နောက်ပြီးတော့ ကျွန်မတို့ လွတ်လပ်စွာလည်း စည်းရုံးလို့သွားလို့ ခွင့်မပြုတာတွေကော ဆိုရင် ဒါလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲက လုံးဝဖြစ်မလာနိုင်တဲ့အတွက် ကျွန်မတို့ ၄ပါတီ ပူးပေါင်းပြီးတော့ စာတင်ထားတာပေါ့။ ဒီတိုင်းပါပဲ ကျွန်မတို့က ဆက်ပြီးတော့ ဒါကို မဖြစ်နိုင်တဲ့အတွက် ဒါကိုရုတ်သိမ်းပေးဖို့ ကျွန်မတို့အနေနဲ့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

နိုင်ငံရေးပါတီ ၄ ခု၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြစာတွင် “ဝ” ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျေးရွာများတွင် အဝင်/အထွက် ဂိတ်များ ထားရှိကာ စစ်ဆေးမှုများ ရှိနေခြင်း၊ ဝင်ရောက်ရန်အတွက် ယာဉ် အမျိုးအစား၊ လူဦးရေ၊ ဝင်/ထွက်မည့် နေ့၊ အချိန်ဇယားများ ရေးဆွဲ၍ စာဖြင့် အဆင့်ဆင့် တင်ပြနေရခြင်း၊ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် စည်းရုံး ဟောပြောရန် သွားသော်လည်း ဂိတ်ဖြတ်ရန် ပြန်လည် ဆက်သွယ်နေရခြင်း၊ ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေကြားမည့်သူ မရှိခြင်း၊ ဖုန်းပိတ်ထားခြင်း စသည့် အခက်အခဲများကြောင့် ဂိတ် ပေါက်ဝတွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီးအချိန်ကုန် လူပန်းခြင်းဖြင့်သာ ပြန်လာရသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရှိဘဲ အခက်အခဲများဖြင့် ရင်ဆိုင်နေရခြင်းကြောင့် အဆိုပါ ကျေးရွာ အုပ်စု ၄ခုရှိ မဲရုံများ ပိတ်သိမ်းပေးပါရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။

ယင်းတင်ပြစာကို နိုင်ငံရေးပါတီ ၄ပါတီမှ မိုင်းဆတ်ခရိုင် NLD ပါတီ ဥက္ကဌ ဦးခင်မောင်ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မိုင်းဆက်မြို့နယ် ဥက္ကဌ ဦးလောဒ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ မိုင်းဆက်မြို့နယ် ဥက္ကဌ စိုင်းနန်တိ၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အိုက်စိုင်း (ခ) စိုင်းဝဏ္ဏ တို့က လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၀ ထိန်းချုပ်ဒေသ ပန်ဆန်းမြို့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts