Local News Peace political news

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ယခုလကုန် တွေ့ဆုံဖွယ်ရှိဟုဆို

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ယခုလကုန် တွေ့ဆုံဖွယ်ရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် ယခုလကုန်ပိုင်းတွင် တွေ့ဆုံဖွယ်ရှိကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ပူးပေါင်းပါဝင်ပေးကြပါရန် NLD က တိုင်းရင်းသားပါတီ ၄၈ ခုသို့ စာပေးပို့ခဲ့ပြီး ယင်းစာပေးပို့မှုအရ ယခုလကုန်တွင် တိုင်းရင်းသားများနှင့် တွေ့ဆုံဖွယ်ရှိနေသည်ဟု မုံရွာအောင်ရှင်က ပြောဆိုသည်။

“ကျွန်တော်တို့က ပထမအဆင့် နှိုးဆော်တာပေါ့။ နှိုးဆော်လိုက်တာ သူတို့ကို အသိပေးလိုက်တာ။ ကျွန်တော်တို့ အဲဒါတွေ အဲဒါတွေတော့ ကျွန်တော်တို့ အစီအစဉ်တွေရှိနေပြီ။ အဲဒီတော့ တိုင်းရင်းသားပါတီတွေဘက်က ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အကြောင်းပြန်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အစီအစဉ်တွေ ဆွေးနွေးဖို့ အဲဒီဟာ နှိုးဆော်တာ ဘာမှကို မလုပ်ရသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဆွေးနွေးတဲ့ အခါကျတော့မှ ကျွန်တော်တို့ နှစ်ဖက် ညှိနှိုင်းရမှာပေါ့။ အဲသဘောအဆင့်ပဲရှိပါသေးတယ်။ ကျွန်တော်မြင်တာကတော့ ဒီလကုန်လောက်ဖြစ်လိမ့်မယ်ထင်တယ်။ သူတို့အခု အမြန်ဆုံးလုပ်နေကြတာပဲ” ဟု မုံရွာအောင်ရှင်က ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး တွင် တိုင်းရင်းသားပါတီများအနေဖြင့် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း တချို့သော ပါတီများသည် မိမိတို့၏ ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲံသည်ကိုလည်း သိရှိရကြောင်း၊ NLD အနေဖြင့် မည်သို့သော အခြေအနေသို့ ရောက်သည်ဖြစ်စေ နောင်အနာဂတ်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီဖြစ်ရာ တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်းNLD၏ ပေးစာတွင် ရေးသားထားသည်။

NLD က စာပေးပို့သည့် တိုင်းရင်းသားပါတီများတွင် လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ထားဝယ်တိုင်းရင်းသားများ ပါတီ၊ ပြည်ထောင်စုပအိုင်းအမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ) ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီတို့ပါဝင်သည်။

ထို့ပြင် မြိုအမျိုးသားပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်း(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ အမျိုးသမီးပါတီ(မွန်)၊ ဒိုင်းနက် လူမျိုးများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ နာဂအမျိုးသားပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကချင်အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရခိုငပြည်နယ်အမျိုးသားအင်အားစုပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ၊ ၀ အမျိုးသားပါတီတို့လည်းပါဝင်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts