All News Election Features

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာလို့ ရှုံးနိမ့်ခဲ့ကြလဲ (နိဂုံး)

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာလို့ ရှုံးနိမ့်ခဲ့ကြလဲ (နိဂုံး)

By စိုင်းထွန်းအောင်လွင်

(၁) Social Psychological Factors လူမှု စိတ်ပညာရှူထောင့်က ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ လူအုပ်ဝါဒကို သူတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာ ဆွဲဆောင်လှုံ့ဆော်မှုတွေနဲ့အတူ သိမ်းသွင်းသွားနိုင်ခဲ့ပါတယ်။

သုတေသနတွေအရတော့ လူတွေအများစုမဲပေးကြတာဟာ စိတ်ခံစားမှုတွေပေါ် အခြေခံပြီးမဲပေးကြတာပါ။
( Adam Przeworski 2019 )

John Aldrich နဲ့ Jacob Montgomery တို့ရဲ့ ၁၉၅၈ ကနေ ၂၀၀၂ ခုနစ်အတွင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို သုတေသန ပြုချက်တွေအရ မဲဆန္ဒရှင် နှစ်မျိုးပဲ ရှိကြတယ် ဆိုပါသတဲ့။ ကိုယ်စားလှယ်လောင်း ၊ မူဝါဒ နဲ့ ကဏ္ဍအလိုက် ဆက်စပ်မှုကို ဆင်ခြင်ပြီး မဲထည့်မဲ့သူ နဲ့ လုပ်လေ့လုပ်ထ ရှိတဲ့ အလုပ်တခုကိုပဲ အမြဲလုပ်တဲ့သဘောနဲ့ ပါတီ တခုကို အမြဲမဲပေးသူမျိုး ဆိုတာပဲဖြစ်ပါတယ်။

ခြိမ်းခြောက်မှု ၊ တခြားဆိုးရွားတဲ့ အနေထားမျိုး မကြုံရသေးရင် သို့မဟုတ် မကြုံရသေးဘူးလို့ ယူဆနေရာ အထက်မှာဖော်ပြခဲ့တဲ့ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း ပါတီ တခုကို အမြဲမဲထည့်တဲ့ အုပ်စုတွေက တခြားပါတီကို မဲပြောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ပါ။

မဲကို တက်တက်ကြွကြွပေးဖို့ အဆင်သင့်ဖြစ်နေသူတွေထဲ အဆိုပါ ဒုတိယ အုပ်စုတွေ ပါနေတတ်သလို ဟုတ်သော်ရှိ မဟုတ်သော်ရှိ နိုင်ငံအတွက် သူတို့အနေနဲ့ ပါဝင်ကစားနေတာ ( သို့မဟုတ် ) အပြောင်းအလဲ တရပ် ( သို့မဟုတ် ) အာဏာရှင် နဲ့ ကစားတဲ့ ဂိမ်းမှာ ပရဟိတ သဘောနဲ့ ပါဝင်နေသူတွေအဖြစ် ကိုယ့်ကိုကိုယ် မြင်တတ်သူတွေလည်း ဖြစ်ပါတယ်။

ဒီလိုအုပ်စုတွေနဲ့ လူပြိန်းကြိုက်ဝါဒီတွေ ၊ လူအုပ်စု ၀ါဒရဲ့ သဘောထားအမြင်တွေ ပဲ့တင်ထပ်လာတဲ့အခါ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးကို မသိနားမလည်တဲ့ လူအုပ်စုတွေဟာ အပြောင်းအလဲအတွက်ဖြစ်စေ ၊ အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့အတွက်ဖြစ်စေ ၊ အမေရိကန် ပထမ ၊ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကိစ္စတွေအတွက်ဖြစ် အလွယ်တကူ သိမ်းသွင်းစည်းရုံးခံရနိုင်ပါတယ်။

မင်ဒဲလားအဆိုအရကတော့ တကယ့်အားကောင်းမောင်းသန်တဲ့ ပညာရေး ဆိုတဲ့အချက်မရှိရင် ဒီမိုကရေစီ မရှင်သန်နိုင်လို့ ဆိုခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲ ကာလရှေ့တုန်းက လွှတ်တော်ထဲ အတိုက်အခံလိုအပ်တယ်ဆိုတဲ့ အယူအဆအရ တိုင်းရင်းသားတွေကို လွှတ်တော်ထဲ များများဝင်ဖို့ ဆော်သြသူတွေ ရှိပေမယ့် ခေါင်းဆောင်ရဲ့ သြဇာတိက္ကမ အရကြီးမားပြီး ၊ အစိုးရ လက်တံတွေကော၊ အရင်း အမြစ် တော်တော်များများပါ အသုံးပြုနိုင်တဲ့ အန်အယ်လ်ဒီအောက်မှာ အဲဒီအသံတွေက လူထုဆီ ရောက်သင့်သလောက်မရောက်တော့ပဲ ဖုံးလွှမ်းခဲ့ဖွယ်ရှိပါတယ်။

တိုင်းရင်းသားပါတီတွေအဖို့မှာကတော့ ပါတီချင်းပေါင်း ၊ သမရိုးကျ စည်းရုံးတာတွေ ရှိပေမယ့် ထိရောက်တဲ့ နည်းပညာ အသုံးပြု မဲဆွယ်နိုင်မှု ၊ ရှင်းလင်းတဲ့ ကတိကဝတ်နဲ့ ရွေးကောက်ပွဲ ကမ်ပိန်း ဗျူဟာ အားနည်းခဲ့တာ လက်ခံရမယ့်အချက်ပဲဖြစ်ပါတယ်။

(၂) တိုင်းရင်းသားပါတီတွေက သက်ဆိုင်ရာ သူ့လူမျိုးကိုပဲ အဓိကထားမဲဆွယ်တာတွေ ၊ တိုင်းရင်းသား အမတ်တွေအနေနဲ့ သူ့ကိုမဲပေးတဲ့ ကျေးရွာ ၊ အုပ်စုမြို့တွေကိုပဲ ကိုယ်စားပြုလို့ စည်းရုံးတာ အကျိုးဆောင်ပေးတာတွေ လုပ်နေတတ်တာများပြီး တခါတခါ ဒေသတွင်းမှာရှိတဲ့ တခြားလူမျိုးတွေကို စည်းရုံးတာမျိုးတွေ လုပ်ဖို့ အားနည်းနေတတ်ကြပါတယ်။

တောင်ကြီးမြို့မှာနေထိုင်တဲ့ ကိုဝင့်ထယ်ကောင်းမြတ်ကတော့- ” ၁။ ကိုယ့်လူမျိုးစုရွာတွေကလွဲရင် ကျန်တဲ့ ဘယ်ရွာမှ ခြေဦးမလှည့်၊ ခြေယောင်တောင်မပြခဲ့တာ ၊အားလုံးနားလည်တဲ့ စည်းရုံးရေးသီချင်းမရှိတာ၊လူမျိုးအသီးသီးနဲ့ နိုင်ငံရေးစကားပြောပြီး ရွေးကောက်ပွဲ နေရာသတ်မှတ်ချထားမှု (ဝါ) မဟာမိတ်မူမရှိတာ မရှိတာ အဓိကကျတယ်လို့ ထောက်ပြတယ်။

နောက်တချက်အရေးကြီးတာက တိုင်းရင်းသားပါတီတွေအနေနဲ့ အောက်ခြေနဲ့ ရွာမဲတွေကိုပဲ အားထားလေ့ရှိပြီး မြို့ပေါ်က အိလိတွေကို စည်းရုံးထားဖို့ မေ့နေတတ်တာလည်း ပြသနာပါပဲ။

တချို့အိလိတွေကတော့ အမျိုးသားရေး ထက်သန်လို့ တိုင်းရင်းသားပါတီတွေကို ထောက်ပံ့ လှူဒါန်းတာမျိုးရှိပေမယ့် အိလိအများစုကတော့ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ရှင်သန်ရေး ၊ တင်ဒါလုပ်ငန်းတွေ ဆက်ရရေး အတွက် အာဏာရပါတီကိုသာ အလေးပေးတဲ့ သဘောတွေ့ရတယ်။

အဆိုပါ အိလိတွေနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းခွင်တွေက လုပ်သားတွေ ၊ သူတို့ လွှမ်းမိုးနေတဲ့ ဒေသတွေက ဒေသခံတွေဟာ အန်အယ်လ်ဒီကို မဲထည့်ခဲ့ကြတာလည်းတွေ့ရတယ်။
ပုံမှန်အရ ပြည်သူ့စစ်ဆိုရင် ကြံ့ခိုင်ရေး မဲရလေ့ရှိပေမယ့် ရှမ်းတောင် နဲ့ ကယားပြည်နယ်ဘက်က ပြည်သူ့စစ် ၊ နယ်ခြားစောင့်တပ်ရှိရာ ဒေသတချို့မှာ အာဏာရ ပါတီအနေနဲ့ အောင်ပွဲခံခဲ့တာ သတိထားမိတယ်။

(၃) တချို့ တိုင်းရင်းသားပါတီတွေအနေနဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ခွာပြီးနေဖို့ စိတ်ဆန္ဒရှိပေမယ့်လည်း လက်တွေ့မှာ အင်အားမရှိတာ ၊ သူ့လူမျိုးစုတွေကလည်း လမ်းဖွင့်မကြိုဆိုတာ တွေလည်း တွေ့ရပါတယ်။

(၄) စစ်ရေး လုံခြုံရေး အကြောင်းပြချက်နဲ့ ရွာတွေ မဲပေးခွင့်ပယ်ဖျက်ခံရတာ ၊ မဲဆန္ဒနယ်တွေ ပယ်ဖျက်ခံရတာတွေကလည်း တိုင်းရင်းသား မဲဆန္ဒနယ် မဲရလဒ်တွေကို အပြောင်းအလဲဖြစ်စေခဲ့သလို ၊ လက်နက်ကိုင်အချို့ရဲ့ ဆိုးမွေကြောင့်လည်း လူထုက ထင်ရောင်ထင်မှားနဲ့ ကယ်တင်ရှင်လို မဲလာဆွယ်တဲ့ ပါတီကြီးတွေကို အားကိုးကြကုန်တာလည်းတွေ့ရပါတယ်။

ရေ၊ မီး ၊ လျှပ်စစ်အခြေခံ အဆောက်အုံတွေကို ပါတီကြီးတွေကပဲ လုပ်ပေးနိုင်တယ်ဆိုတဲ့ အယူအဆမျိုးကလည်း နိုင်ငံရေးမနိုးကြားတဲ့ တောင်ပေါ်ဒေသတချို့မှာ တွေ့မြင်နေရတဲ့ ကိစ္စပဲဖြစ်တယ်။ ( ဥပမာ ဒီမော့ဆိုဘက်က ကယန်းပဒေါင်ရွာ ၊ ရှမ်းအရှေ့က လူမျိုးစုငယ်တွေနေထိုင်ရာဒေသ ၊ နာဂ ဒေသ ၊ ချင်းတောင်တနး် ဒေသအချို့)
အမှန်တော့ ဒါတွေက ဘယ်အစိုးရတက်တက် လုပ်ရမယ့် တာဝန်ဖြစ်တယ်။

ဒါပေမယ့် ဒါတွေရှိလို နိုင်ငံရေး လွတ်လပ်ခွင့် ၊ မိမိပိုင်ဆိုင် သိုမှီးခွင့်တွေ တက်လာမယ် ၊ ရိုးရာဓလေ့ထုံးတမ်းမြေပိုင်ခွင့် ဆိုင်ရာ ဥပဒေတွေ အားကောင်းလာမယ်၊ သူတို့ ဒေသကို မထိခိုက်စေမယ့် စီမံကိန်းတွေ ပေါ်လာမယ်ဆိုတာတွေနဲ့ သက်ရိုက် သက်ဆိုင်မှု ရှိ ၊မရှိ ဆိုတာ သူတို့တွေအနေနဲ့ စဉ်းစားနိုင်စွမ်းလည်း မရှိပါ။

ဒါကြောင့် ယင်းဒေသတွေမှာ ပြည်မပါတီတွေ အောင်ပွဲခံတာ မဆန်းလို့ ဆိုနိုင်သလို
လူမျိုးစုပါတီတွေကလည်း နည်းပညာ ၊ ဘတ်ဂျက် နဲ့ အခြားအခက်အခဲတွေကြောင့် သူ့လူမျိုးစုဆီတောင် ထိထိရောက်ရောက်သွားရောက် ဆွဲဆောင် စည်းရုံးနိုင်စွမ်းအားနည်းတယ်။

(၅) ဒေသအချို့မှာတော့ Social Capital လို့ ခေါ်တဲ့ လူမှု့အရင်း နဲ့ အမျိုးသားရေး အခြေခံ လူမှု့အသင်းအဖွဲ့တွေ စည်းရုံးလှုံ့့ဆော်မှုနဲ့ ပါတီတွေအနေနဲ့လည်း Civil Society တွေနဲ့ ချိတ်ဆက်လှုပ်ရှားနိုင်စွမ်း အားမကောင်းဘဲ သူ့လူမျိုးတွေကိုယ်တိုင် အကုန် ဘာမန်နိုက် ဖြစ်ကုန်တာ ၊ ဒေသခံတွေကိုယ်တိုင်ကလည်း လူအုပ်ဝါဒထဲ လိုက်မျှောကုန်တာ နဲ့တင် ခွက်ခွက်လှန်ရှုံးတဲ့ တိုင်းရင်းသားပါတီတွေ ပေါ်လာရတယ်။

(၆) မသိနားမလည်ခြင်းဟာ အင်အား ဆိုတဲ့အချက်ဟာ ဂျော့ချ်အော်ဝဲလ်က စတာလင်ရဲ့ အကြွင်းမဲ့ အာဏာရှင်စနစ်ကို လှောင်ပြောင် ထေ့ငေါ့ ခဲ့တာဖြစ်တယ်။ လူအုပ်ဝါဒဟာ အခန့်မသင့်ရင် အကြွင်းမဲ့ ဘဝလည်း ရောက်နိုင်တယ်။ အကြွင်းမဲ့ ကိုလိုနီ ဘဝက မလွတ်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။

ကိုလိုနီပြုတာလို့ ဆိုလိုက်ရင် တခြားတနေရာကလူတွေ အထူးသဖြင့် လူဖြူတွေရောက်လာ၊ စစ်ဖြစ်၊ နယ်တွေသိမ်း၊ သယံဇာတတွေရောင်းစား၊ လူတွေကိုကျွန်တွေလိုခိုင်းစား၊ တခြားကိုရောင်း စသဖြင့်သိကြတယ်။ သိမှု၊ အသိပညာ ကိလိုနီပြုခြင်းအကြောင်းစဉ်းစားမိတဲ့လူနည်းမယ်။

ကိုလိုနီခေတ်ကုန်သွားပေမယ့် ကိုလိုနီပြုခြင်းဆက်ဖြစ်နေသေးတယ်။ အင်္ဂလိပ်လိုတော့ colonialism မရှိတော့ဘူး။ coloniality ရှိသေးတယ်လို့ ပြောလို့ရတယ်။ စာအုပ်တွေထဲမှာ၊ စာသင်ပုံသင်နည်းတွေထဲမှာ၊ သင်ရိုးထဲမှာ၊ ယဉ်ကျေးမှုထဲမှာ၊ ကိုယ့်ကိုကိုယ်မြင်ပုံ၊ လောကကိုသိပုံ ဒါတွေအားလုံးကို coloniality က လွှမ်းမိုးတယ်။ Decolonizing ပညာရှင်တစ်ယောက်ဖြစ်တဲ့ Nelson Maldonado-Torres ကဆိုရင် နေ့စဉ်နဲ့အမျှ coloniality ကို ရှူသွင်းရှူထုတ်လုပ်နေရတာလို့တောင် ပြောတယ်။

ကိုလိုနီပြုတဲ့လူတွေဟာ အ‌နောက်ကလာတဲ့အဖြူတွေများတယ်။ သူတို့အုပ်ချုပ်မယ့် ကျွန်ပြုမယ့်လူတွေအကြောင်း နေရာတွေအကြောင်း ဂဃနဏသိအောင်လုပ်တယ်။ လူတွေ အပင်တွေကို နာမည်ပေးတယ်။ အမျိုးအစားခွဲတယ်။ လူတွေကို ဘာသာစကားအလိုက်၊ အိန္ဒိယလိုနေရာမျိုးမှာဆို ဇာတ်အလိုက် အုပ်စုတွေခွဲတယ်။

မြန်မာပြည်မှာ လူမျိုး၁၃၅မျိုးဆိုတာကလည်း ဘာသာစကားကိုအခြေခံပြီး ခွဲထားခဲ့တာ။ အဖြူတွေစလုပ်ခဲ့လို့ knowledge production အသိပညာပြုစုတဲ့နေရာမှာ အနောက်တိုင်းကလူတွေသိတဲ့၊ ပြောတဲ့ဟာသာ အမှန်ဆိုတဲ့ knowledge hierarchy အထက်အောက်အဆင့်ခွဲမှုပေါ်လာတယ်။

အကြောင်းအရာတစ်ခုကို အဖြူတွေဘယ်လိုပြောသလိုဆိုတဲ့အပေါ်မှာအခြေခံပြီး အမှန်၊ အမှား၊ လက်ခံနိုင်မှု၊ လက်မခံနိုင်မှုတွေ ပေါ်လာတယ်။ ဥပမာ ဆလုံတွေအကြောင်းကို လက်ရှိမြိတ်ကျွန်းစုတွေမှာနေနေတဲ့ ဆလုံတစ်ယောက်ပြောပြတာထက် အဖြူတစ်ယောက်ပြောလိုက်မှ သိသွားတာမျိုး၊ မှန်နေသလိုမျိုးတွေ နေရာတကာမှာ ဖြစ်လာတယ်။

Coloniality လို့ ပြောတဲ့နေရာမှာ အဖြူတွေနေရာမှာ ပါဝါရှိတဲ့လူဆိုပြီးမြင်ကြည့်လို့ ရသေးတယ်။ coloniality ဟာ colonialism နဲ့ ကွာတဲ့အတွက် နိုင်ငံတစ်နိုင်ငံမှာ ကိုလိုနီစနစ်မရှိတော့ပေမယ့် အားကြီးသူ ပါဝါရှိသူ လူများစုက ယဉ်ကျေးမှု၊ သိမှု၊ လူမျိုးငယ် အင်အားနည်းသူတွေရဲ့ ကြမ္မာပြဌာန်းခွင့်စတာတွေကို ချုပ်ကိုင်ခြယ်လှယ်‌နေရင် coloniality ဆက်ရှိသေးတယ် လို့ မသရဖီသန်းက Coloniality နဲ့ ပတ်သက်တဲ့ သူမဆောင်းပါးမှာ ထောက်ပြထားတယ်။

ဒီမိုကရေစီစနစ်မှာ သင့်တင့်လျောက်ပတ်တဲ့ Liberal ပညာရေးအစီအစဉ်တွေ၊ ဒီမိုကရေစီ ပညာပေးမှုတွေ အားမကောင်းရင် ထိရောက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးပုံစံ သက်ဝင်လာမှာမဟုတ်သလို မသိနားမလည်မှုပေါ် အခြေခံ ဂျင်းထည့်တဲ့ ၀ါဒလည်း ဆက်လက်အားကောင်းနေဦးမှာဖြစ်တယ်။

တိုင်းရင်းသားပါတီတွေဘက်ကတော့ အရင်းအမြစ်အများကြီး မသုံးနိုင်ပေမယ့် ထိရောက်နိုင်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို မိခင်ဘာသာစကား အသုံးပြု ပညာပေးမှု ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေအကူအညီနဲ့ ဒေသတွင်းမှာ ကွန်မြူနတီ မီဒီယာ ရေဒီယို စတေရှင်တွေ ထောင်နိုင်အောင် လမ်းကြောင်းပေးမှု ၊ ဒေသတွင်းက လူထုနဲ့ သက်ဆိုင်တဲ့ ပြဿနာရပ်တွေ ကို အသုံးပြုပြီးနိုင်ငံရေးလှုပ်ရှားမှုကို မြှင့်တင်တာ ၊ တချိန်တည်းမှာလည်း ရှိနေတဲ့ လမ်းကြောင်းတွေကို သုံးပြီးတော့ လူထုအရေး လိုက်ပါ ဆောင်ရွက်ပေးတာ ၊ လူထု နဲ့ ပါတီအကြား အပြ်နအလှန်ဆက်နွှယ်နိုင်တဲ့ ဂေဟ စနစ် တရပ် တည်ဆောက်တာမျိုးတွေ လုပ်ကိုင်နိုင်စွမ်းလည်း အားနည်းလှသေးပါတယ်။

တချို့ တိုင်းရင်းသားပါတီတွေကတော့ ပြည်သူ့စစ်တွေက အသွင်ပြောင်းတာ ၊အာဏာရှင်တွေနဲ့ ပလူးပြီး လုပ်ငန်းတွေ ပိုင်ဆိုင်ထားတာ ၊ ပါတီအနေနဲ့ ကွန်မြူနတီကလာတာမဟုတ်ပဲ တိုင်းရင်းသား အိလိတွေကနေ ခေတ်ကာလအရ ထောင်တဲ့ ပါတီမျိုးတွေဖြစ်နေပြီး ဒီမိုကရေစီအပေါ် သက်ဝင်ယုံကြည်မှုလည်း အားနည်းလှတာတွေ့ရပါကြောင်း။

(စိုင်းထွန်းအောင်လွင်သည် တိုင်းရင်းသားအရေးလေ့လာသူ သုတေသီတစ်ဦးဖြစ်သည်)

Photo Credit – MSCO

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts