All News Election Features

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာလို့ ရှုံးနိမ့်ခဲ့ကြလဲ အပိုင်း (၁)

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာလို့ ရှုံးနိမ့်ခဲ့ကြလဲ အပိုင်း (၁)

By စိုင်းထွန်းအောင်လွင်

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသား ပါတီတွေအနေနဲ့ တူညီတဲ့ လူမျိုးစု အလိုက်ပါတီတွေ တစ်ပါတီတည်း အဖြစ် ယှဉ်ပြိုင်ခဲ့တာတွေ့ရတယ်။ လက်ရှိ ရလဒ်တွေအရဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ ယခင်က တိုင်းရင်းသားပါတီတွေ ရယူနိုင်ခဲ့တဲ့ ရာခိုင်နှုန်းဖြစ်တဲ့ ၈ ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲ ရောက်နေတဲ့ အနေအထားကို တွေ့ရတယ်။ ( အတည်ပြုချက်တွေ ထပ်မံ တိုးလာနိုင်တာတွေ ရှိနေနိုင်ပါသေးတယ်။)

ရခိုင်နဲ့ ရှမ်းက ပယ်ဖျက်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ၁၇ နေရာ တိုးလာခဲ့ရင်တော့
ရာခိုင်နှုန်း ထပ်တက်လာမှာတော့ သေချာတယ်။ ဒါပေမယ့် အခုအခြေအနေအရ ၂၀၁၅ ရွေးကောက်ပွဲ ပြည်နယ်တွေမှာ ဒီချုပ်နိုင်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ၁၁၀ ရဲ့ တဝက်ကိုတောင် တိုင်းရင်းသားပါတီတွေ မလျှော့ချနိုင်ခဲ့ပါ။ တစ်ချိန်တည်းမှာလည်း ပြည်နယ်တွေမှာ USDP နိုင်ထားခဲ့တဲ့ နေရာတွေက NLD ဆီရောက်ကုန်တာလည်းတွေ့မြင်နေရတယ်။

ကချင်ပြည်နယ်မှာဆိုရင် အမျိုးသားလွှတ်တော် ၁၂ နေရာစလုံး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကအနိုင်ရတယ်။ ယခင်က လွှတ်တော် ၃ ရပ်မှာ ပါတီ ၂၁ ပါတီလောက် ရှိခဲ့ပေမယ်။ အခုအခြေအနေအရဆိုရင် လွှတ်တော် ၃ ရပ် ( အမျိုးသား ၊ ပြည်သူ့ ၊ ပြည်နယ် (တိုင်းဒေသ ) မှာ ၁၆ ပါတီလောက်ပဲ မဲဆန္ဒနယ် အနိုင်ရစာရင်းထဲ ပါလာတာတွေ့ရတယ်။

ချင်း ၊ ကရင် ၊ မွန် ၊ ကယား ၊ ကချင် တို့မှာ ပါတီပေါင်းစည်းခဲ့တာတွေရှိပေမယ့် ထိုက်သင့်သလောက် အောင်မြင်မှု မရခဲ့သလို တချို့ပြည်နယ်တွေဆို ပေါင်းစည်းပါတီတွေရှိပေမယ့် ခွက်ခွက်လှန် ရှုံးနေတာတွေ ့ရပါတယ်။

တစ်ချို့က ရှုံးနိမ့်မှုအပေါ် ပြည်နယ်တွေမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ( ဒေသခံ တိုင်းရင်းသားမဟုတ်တဲ့ အခြား လူမျိုးတွေကို အလွယ်တကူ ရိုးမယ်ဖွဲ့ကြမှာဖြစ်ပေမယ့် ဒါက အစိတ်အပိုင်းတရပ်လောက်ပဲ ဖြစ်နိုင်ပါတယ်။ သေချာသုတေသနတော့ ဆက်လုပ်ရမယ့်ကိစ္စပါ။

နိုင်ငံရေးမှာ အဓိက အရေးကြီးတဲ့ လူထုနဲ့ အပြန်အလှန် ဓါတ်ကူးမှု Binary ဆိုတဲ့ အပိုင်းကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့မှု ရှိမရှိဆိုတာကလည်း ဆန်းစစ်ရမယ့် အခြေအနေရှိတယ်။ပေါင်းစည်းပါတီတွေအကြောင်း အဓိက ပြောတာဖြစ်တဲ့အတွက် ပါတီတွေအကြောင်းပဲ ဆက်ပါမယ်။

စင်ကာပူ ISEAS က ထုတ်တဲ့ မြန်မာပြည်က တိုင်းရင်းသားပါတီတွေ ပေါင်းစည်းမှုအကြောင်း စာအုပ်မှာ မြန်မာပြည်က တိုင်းရင်းသား ပါတီတွေ ပေါင်းစည်းကြတာ အခြေခံ အကြောင်းအရာ ၂ ရပ်ကိုသာ အခြေခံ ပါသတဲ့။

(၁) မဲဆန္ဒနယ်မြေနေရာပိုရဖို့
(၂) နေရာပိုရမှုကနေ အသံပိုထွက်နိုင်အောင်နဲ့ ဖက်ဒရယ်အတွက် သွားဖို့ ဆိုတာပဲဖြစ်ပါတယ်။

အဲရစ် ဘီလန်ဂါဆိုတဲ့ ပုဂ္ဂိုလ်အဆိုအရတော့ ပါတီတွေ ပေါင်းတာကို ကြည့်ရင် အများစုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေမှာ ရလဒ်မကောင်းတာ မဲကွဲတာကို အဓိက အကြောင်းပြကြတယ်။ အစိုးရ နေရာရရေး ပါလီမန်နေရာရရေးအထိပေါ့။ ဒါပေမယ့် ဒီအချက်တွေကြီးကြီးမလုံလောက်ပါဘူးတဲ့။

သူက ပြောတာက ပါတီတွေ ပေါင်းပြီဆိုရင် အရင်ပါတီတွေအလိုက် တည်ရှိနေမှုတွေကို ရပ်လိုက်ရမှာဖြစ်ပါသတဲ့။မြန်မာပြည်က ပါတီပေါင်းစည်းမှုကိုကြည့်ရင် ပါတီသစ်တော့ အမြင်မှာတွေ့လာရတယ်။ လက်တွေ့ အဲဒီအခြေအနေမဟုတ်ပါဘူး။

ဥပမာအားဖြင့် ပေါင်းလိုက်တာပါတီ။ တစ်ပါတီကို ဗဟိုကော်မတီ ဘယ်နှစ်ယောက်စီယူ ၊ မဲဆန္ဒနယ် ဘယ်လောက်စီယူ ဆိုတာမျိုးနဲ့ လာတာတွေလည်း ရှိနေတယ်။ မူလ ပါတီ မရှိစေကာမူ ပါတီသစ်အဖြစ် လူမှန်နေရာမှန်နဲ့ တည်ဆောက်မှု အခြေခံထက် မဲဆန္ဒခွဲဖို့ အဓိက တာစူတဲ့ သဘောမျိုးတွေ့ရတယ်။

တစ်ချို့ပါတီတွေဆို ပါတီခေါင်းဆောင် တောင် ၃ ဦး ပူးတွဲဖြစ်နေတာတွေ့ရတယ်။
Identity တူရာစုတာနဲ့ မဲရမယ်ဆိုတဲ့ တွက်ဆချက်မျိုးကြီးမားခဲ့ပုံပေါ်တယ်။
ဒေါ်စုမွန်သန့် ရေးတဲ့ ပါတီတွေပေါင်းစည်းခြင်းစာအုပ်မှာတော့ ” နိုင်ငံတကာမှာ ပါတီတွေ ပေါင်းစည်းမှုကို ကြည့်ရင် ရွေးကောက်ပွဲ ရလဒ်အပြင် ၊ နိုင်ငံရေးသဘော တရားရေးရာ အိုင်ဒီယိုလိုဂျီ နီးကပ်မှု ၊ ရွေးကောက်ပွဲစနစ်တွေကိုပါ ထည့်စဉ်းစားလေ့ ရှိတာတွေ့ရတယ်လို့ ဆိုတယ်။

အခြေခံအားဖြင့် ပါတီတည်ဆောက်ရေး ၊ ပါတီဝင်တွေ အားလုံးတန်းတူညီမျှတဲ့ အခွင့်အရေးရှိမှု ၊ နေရာထက် ဒီမိုကရေစီ အားကောင်းမှုကို ရှေ့ရှုစေမှု ၊ ဆွေးနွေးညှိနှိုင်းမှု တွေအပေါ် အခြေခံသင့်တယ်လို့ ဆိုတယ်။

NLD အနိုင်ရမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာတိက္ကမ ကြီးတာ၊ ကိုဗစ်ကာလဝန်ဆောင်မှုအပြင် NLDမှာ အားသာချက်အချို့ရှိခဲ့တယ်။ စာရေးဆရာ မင်းခက်ရဲ ရဲ့ လူမှုကွန်ယက်မှာတော့ ပြည်သူတွေဆီက မဲတောင်းတဲ့အခါ Binary Opposition လို့ခေါ်တဲ့ ပြည်သူအပေါ် ရိုကျိူးမှုအပေါ် အခြေခံလို့ မောက်မာမှု Hubris ကို လျှော့ခိုင်းတာမျိုးတွေ မဲတောင်းတဲ့အခါ အရေးကြီးတယ်။ NLDမှာ အဲအချက်တွေ့ရတယ် လို့ မှတ်ချက်ပြုထားတယ်။

တိုင်းရင်းသားပါတီတွေထဲ ပါတီ ချင်းမပေါင်းဘဲ ပါတီတည်ဆောက်ရေး အသေအချာလုပ်ပြီး မူဝါဒ ရေးရာပါတီအဖြစ် ပြောင်းလာတဲ့ SNLD ရှမ်း ကျားခေါင်းပါတီကတော့ အောင်ပွဲခံနေဆဲ ဖြစ်ပါတယ်။မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ၊ မဟာမိတ်မူ၊ ရွေးကောက်ပွဲ ဆိုင်ရာ နည်းဗျူဟာ ဗျူဟာတွေလည်း လိုပါလိမ့်မယ်။တိုင်းရင်းသားပါတီတွေ စိတ်မပျက်ဘဲ သင်ခန်းစာယူ ဆက်ကြိုးစားဖို့ မေတာရပ်ခံချင်ပါတယ်။

(စိုင်းထွန်းအောင်လွင်သည် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ သုတေသီတစ်ဦးဖြစ်သည်)

ဓာတ်ပုံ- တပ်ချုပ်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီတချို့။ Photo Credit – တပ်မတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts