All News Election Local News

ရှမ်းပြည်နယ်၊ နောင်ချိုတွင် မဲစာရွက် ၄ဝဝ ပျောက်ဆုံးခဲ့မှု ၊ မိုးမိတ်၊ မန်ပိန်း တို့တွင်လည်း မဲအရေအတွက်လွဲမှားမှုများ SNLDနှင့် ကော်မရှင် ညှိနှိုင်းစိစစ်

ရှမ်းပြည်နယ်၊ နောင်ချိုတွင် မဲစာရွက် ၄ဝဝ ပျောက်ဆုံးခဲ့မှု ၊ မိုးမိတ်၊ မန်ပိန်း တို့တွင်လည်း မဲအရေအတွက်လွဲမှားမှုများ SNLDနှင့် ကော်မရှင် ညှိနှိုင်းစိစစ်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွင် မဲစာရွက် ၄ဝဝ ပျောက်ဆုံးခဲ့မှု၊ မိုးမိတ်နှင့် မန်ပိန်း မြို့နယ်တို့တွင်လည်း လွဲမှားမှုများကြောင့် ရေတွက်ပြီးသားမဲစာရင်းများ ပြန်လည်စိစစ်ရန်အတွက် SNLD ပါတီ နှင့် ရွေးကောက်ပွဲ ကော်မရှင် ညှိနှိုင်းပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း SNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောဆိုသည်။

“ အဲဒါက (ပျောက်ဆုံးနေသည့် မဲစာရွက် ၄ဝဝ) အမျိုးသားအတွက် မဲစာရင်း စိစစ်ရင်းနဲ့ပေါ်လာတာ အဲဒါက အမျိုးသားအတွက် မဲမဟုတ်ဘူး။ ပြည်နယ် (၁)အတွက် မဲဖြစ်နေတယ်။ အဲဒါက နောင်ချိုကပါ။ ထည့်မရေတွက်မိတာလို့ပြောပါတယ်။ အဲကစပြီးတော့ မယုံသင်္ကာစရာတွေ အများကြီးပေါ်ပေါက်လာတော့ အခု ဦးမြထွန်းဆွယ်ဟိန်းကိုယ်တိုင် မိုးမိတ်နဲ့ မန်ပိန်းကို လိုက်သွားပါတယ်။ ရေတွက်ထားပြီးသား မဲစာရင်းတွေကို သွားပြီးတော့မှ ပြန်လည်စိစစ်ဖို့ ကော်မရှင်နဲ့ သွားညှိနှိုင်းနေပါတယ်။ အဲမှာလည်းပဲ မဲရုံကိုယ်စားလှယ်တွေရဲ့ သိထားတဲ့အချက်အလက်နဲ့ တကယ်တမ်း ထွက်လာတဲ့မဲရလဒ်က တစ်ထပ်တည်းကျမနေဘူးပေါ့။ အဲတာကြောင့်မို့လို့ မနက်ဖြန်ကစပြီး ထပ်မံစိစစ်မှာဖြစ်ပါတယ်။ အခုတင်ထားတာတော့ နောင်ချိုမြို့နယ်၊ မန်ပိန်းမြို့နယ်နဲ့ မိုးမိတ်မြို့နယ်ပေါ့။ ကျန်တဲ့ဟာတွေကတော့ ငြိမ်ပါတယ် ” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ဖြစ်ပေါ်ခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်ပုံများ စည်းစနစ်မကျခြင်း သမာသမတ်ရှိမှုအပေါ် မေးခွန်းထုတ်စရာများ ပေါ်ပေါက်ရခြင်းဖြစ်ကြောင်း ထိုသို့ နောင်ချိုမြို့နယ်အတွင်းရှိ ပြည်နယ်လွှတ်တော်အမှတ်(၁) နေရာအတွက် မဲစာရွက် ၄ဝဝ ပျောက်ဆုံးရာမှ စတင်ကာ တစ်နွယ်ငင် တစ်စင်ပါဆိုသလို မီးခိုးကြွက်လျှောက် လိုက်သွားနိုင်စရာပြီး UEC ပုံရိပ်ကိုလည်း ထိခိုက်နိုင်ကြောင်း၊ ရွေးကောက်ပွဲစတင်ခင်ကတည်က ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သင့်ကြောင်း ဦးစိုင်းလိတ်ကဆက်လက်ပြောဆိုသည်။

“ ကော်မရှင်အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်ပုံက စည်းစနစ်မကျတာကော နောက်သမာသမတ်ရှိမှုအပေါ်မှာကို ကျွန်တော်တို့ မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်တာပေါ့။ အဲတော့ တစ်နွယ်ငင် တစ်စင်ပါပေါ့။ ဒီလိုမျိုး အသေးအဖွဲ့က စဖြစ်တယ်ဆိုရင် တခြားပြည်သူ့တို့ အမျိုးသားတို့ဆီမှာတွေကော မဖြစ်နိုင်ဘူးလားဆိုပြီးတော့ မီးခိုးကြွက်လျှောက်လိုက်သွားနိုင်စရာရှိတယ်လေ အဲဒါဆိုရင် UEC ကိုလည်းသွားပြီးတော့မှ ပုံရိပ်ထိခိုက်သွားနိုင်စရာရှိတယ်။ အစတည်းက သူတို့ထိန်းထိန်းသိမ်းသိမ်းလုပ်သင့်တဲ့ကိစ္စတွေ ဖြစ်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း ရွာပေါင်း ၆ဝကျော်တွင်လည်း မဲရုံသတ်မှတ်ချက်များထပ်ကျော်လွန်ကာ မဲလာပေးသည့် ဖြစ်စဉ်များရှိနေသည့်အတွက် လက်ရှိချိန်ထိ အငြင်းပွားမှုများဖြစ်ပွားနေကာ မဲရေတွက်မှုမပြီးဆုံးနိုင်သေးေကြာင်း ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး တစုံတရာကျေနပ်မှုမရှိလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထိ တက်မည်ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောဆိုသည်။

“ မူဆယ်ခရိုင်ပေါ့။ အဲမှာလည်း ပြဿနာတွေတက်နေတယ်။ အခုမဲစာရင်းတွေက မငြိမ်ဘူးပေါ့။ တကယ်မဲပေးပိုင်ခွင့်ရှိတဲ့စာရင်းနဲ့ လာပေးတဲ့ မဲစာရင်းတွေက မကိုက်ညီနေဘူး။ ပိုများများနေတယ်။ အခုထပ်ထိတယ်။ ကွတ်ခိုင်မှာ ရွာပေါင်း ၆ဝလောက်က အဲလိုပြဿနာရှိနေတယ်။ လာပေးတဲ့သူက ပိုများနေတာပေါ့။ တကယ်တမ်း မဲရုံသတ်မှတ်ချက်က ရှိရမယ့် အနေအထားထပ်ကို လာပေးတဲ့သူက ပိုများနေတယ်။ အဲတာလည်းပဲ မသမာမှုတစ်ခုပေါ့။ နှစ်ကြိမ်ပေးတာလား။ အသက်မပြည့်တာတွေလာပေးတာလား။ ဒါမှမဟုတ် စာရင်းကပဲ မတိကျတာလားပေါ့။ အဲလိုတွေဖြစ်နေတာ အခု စီစစ်နေတုန်း ရေတွက်လို့ကို မပြီးနိုင်ဘူးဖြစ်နေတယ်။ အငြင်းပွားလို့ကို မပြီးဘူးဖြစ်နေတယ်။ ကွတ်ခိုင်မှာ မူဆယ်ကပြီးသွားပြီ မူဆယ်ခရိုင် ကွတ်ခိုင်ပေါ့။ ကွတ်ခိုင်မှာဖြစ်နေတာ အခုက ကျေနပ်မှု တစုံတရာမရှိရင်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တက်ရမှာပဲ” ဟု ၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင် ရှမ်းပြည်နယ်အတွင်း SNLD ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၁၃နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂၇နေရာ၊ အမျိုးလွှတ်တော်တွင် ၂နေရာ အနိုင်ရရှိသည်ဟု SNLD ပါတီထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts