All News Election Local News

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းဆရာ၊ဆရာမများကို NLD ထောက်ခံသူများဟု ကြံ့ခိုင်ရေးပါတီ စွပ်စွဲမှု တောင်းပန်ရန်တောင်းဆို၊ ကွန်ပျူတာစာစီ အမှားဟု USDP တောင်းပန်

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းဆရာ၊ဆရာမများကို NLD ထောက်ခံသူများဟု ကြံ့ခိုင်ရေးပါတီ စွပ်စွဲမှု တောင်းပန်ရန်တောင်းဆို၊ ကွန်ပျူတာစာစီ အမှားဟု USDP တောင်းပန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းဆရာ၊ ဆရာမများကို NLD ထောက်ခံသူများဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စွပ်စွဲမှုအတွက် ပြန်လည် တောင်းပန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေအထွေ ရွေးကောက်ပွဲကြီးသည် ပြည်သူ့ဆန္ဒနှင့်အညီ လွတ်လပ်၍ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည် Covid-19 ကပ်ရောဂါ၏ ခြိမ်းခြောက်မှုကို အန်တုလျက်၊ နိုင်ငံလုံးဆိုင်ရာ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူ့ဆန္ဒမဲများအား တိကျမှန်ကန်စွာ ရေတွက် မှတ်တမ်းပြုစုနိုင်ရေးတို့ကို အထူး လုံ့လဝီရိယပြုကာ၊ ကိုယ်ရောစိတ်ပါ အပင်ပန်းခံလျက် နာရီပေါင်းများစွာ ဆောင်ရွက်ခဲ့ကြသည်ကို အများပြည်သူမှ သိရှိမှတ်တမ်းတင် ဂုဏ်ပြုလျက် ရှိကြောင်း ဖော်ပြထားသည်။

ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သော မဲရုံတာဝန်ကို ထမ်းဆောင်ခဲ့ကြရာတွင် မဲဆန္ဒရှင် ပြည်သူများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သက်ဆိုင်ရာ ပါတီများမှ မဲရုံကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ ရှေ့မှောက်၌ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဆရာ၊ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့် အညီ မဲရုံတာဝန်ထမ်းဆောင်ချိန်၌ ဘက်လိုက်မှု ကင်းစွာ၊ ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြသည်မှာ အများပြည်သူ အသိပင် ဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ “ဆရာ၊ ဆရာမ အများစုသည် NLD ပါတီ ထောက်ခံသူများဖြစ်ကာ ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရှိရပါသည်” ဟု အထောက် အထားမဲ့ စွပ်စွဲ ပြစ်တင် ပြောကြားခဲ့ပါသည်။

အဆိုပါ ပြောကြားချက်သည် ဆရာ၊ ဆရာမများ၏ ရိုးသားမှုနှင့် ဂုဏ်သိက္ခာကို ထိပါးစော်ကားသည်ဖြစ်ရာ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအပါအဝင် ပညာရေး ဝန်ထမ်းထုမှ လွန်စွာ စိတ်ပျက် ဒေါသ ဖြစ်လျက် ရှိကြောင်းဖော်ပြထားသည်။

မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေဖြင့် အဆိုပါ ပြောကြားချက်အား ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မှားယွင်းစွာ စွပ်စွဲပြောကြားချက်အတွက် ဆရာ၊ ဆရာမထုအား တရားဝင် ပြန်လည်တောင်းပန်ရန် အလေးအနက် တောင်းဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ယနေ့ ကျင်းပသော ကြံ့ခိုင်ရေးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ဆရာ၊ ဆရာအများစုသည် NLD ထောက်ခံသူများသာဖြစ်ပြီး ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရပါသည်ဟု ကွန်ပျူတာတာဝန်ခံက မှားယွင်းရိုက်နှိပ်ဖော်ပြခဲ့မိ၍ တောင်းပန်ကြောင်း ကြံ့ခိုင်ရေးပါတီက ယနေ့ ည တွင် ကြေညာချက်ထုတ်ပြန်၍ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်ကို တောင်းပန်လိုက်ကြောင်း သိရှိရသည်။

ယင်းသို့ မှားယွင်းရိုက်နှိက်မှုသည် ကြံ့ခိုင်ရေးပါတီဌာနချုပ်နှင့် ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီ၏ သဘောထားမဟုတ်ကြောင်း၊ စာသားအမှန်မှာ ဆရာ၊ ဆရာမအများစုသည် NLD ပါတီက ဆောင်ရွက်နေသော ရွေးကောက်ပွဲအတွက် ကြားနေဆောင်ရွက်နေသော ဆရာ၊ ဆရာမများ ဖြစ်သည်ကို တွေ့ရပါသည်ဟု ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆရာ၊ ဆရာမများအားလုံးကို အနူးအညွတ်တောင်းပန်ကြောင်း ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီ၏ အတွင်းရေးမှူး ဒေါက်တာကျော်စိုးလက်မှတ်ရေး ထိုး၍ တောင်းပန်လွှာ ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts