All News Local News Peace

ရိုဟင်ဂျာများပြန်လက်ခံရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေး အပါ အဝင် အချက် ၈ ချက် ဆောင်ရွက်ရန် BHRN က NLD အစိုးရကို တိုက်တွန်း

ရိုဟင်ဂျာများပြန်လက်ခံရေး၊ ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေး အပါအဝင် အချက် ၈ ချက် ဆောင်ရွက်ရန် BHRN က NLD အစိုးရကို တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော NLD အစိုးရအနေဖြင့် ရိုဟင်ဂျာများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်လည် လက်ခံရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြင်ဆင်ရေးအပါအဝင် အချက် ၈ ချက် ဆောင်ရွက်ရန် ဗြိတိန်အခြေစိုက် Burma Human Rights Network (BHRN)က NLD အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်သည်။

အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် သူတို့၏အာဏာကိုတိုးချဲ့လာနိုင်မှုမှာ ထင်ရှားလာသည်နှင့်အမျှ၊ မြန်မာ့လူ့အခွင့်အရေးကွန်ရက်သည် မြန်မာနိုင်ငံ၏ နောင်တက်လာမည့်အစိုးရကို တိုင်းပြည်၏ ရင်ဆိုင်နေရသောကြီးမားသည့် လူ့အခွင့်အရေး ပြသနာများကို ကိုင်တွယ် ဖြေရှင်းရန် တိကျသည့်ခြေလှမ်းများလှမ်းရန် တိုက်တွန်းကြောင်း၊ NLD အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးသမားများ အဖြစ် အချိန်ကာလ ကြာမြင့်စွာကတည်းက နိုင်ငံတကာအသိုင်း အဝိုင်း၏ ရှုမြင်ခြင်း ကိုခံခဲ့ရသော်လည်း၊ ထိုအခြေအနေနှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲမှု အနည်းငယ်မျှသာ ပြုလုပ်နိုင်ခဲ့ကြောင်း BHRN၏ တိုက်တွန်းချက်တွင် ဖော်ပြထားသည်။

လွှတ်တော်အတွင်း၌ ၎င်းတို့၏ ကြီးထွားလာသည့် အာဏာနှင့်အတူ၊ ၎င်းတို့သည်တိုင်းပြည်အတွင်းရှိ လူနည်းစုများအတွက်အရေးတကြီး လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုအတွက် တိကျသေချာသောခြေလှမ်းများ လှမ်းရန်လိုအပ်ကြောင်း BHRNက တိုက်တွန်းသည်။

“မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို စစ်တပ်နှင့်သူတို့ရဲ့ ကျောထောက်နောက်ခံ USDP ပါတီအပေါ် ပြည်သူတို့ ရဲ့ ငြင်းပယ်မှုအဖြစ် ရှုမြင်နိုင်ပါတယ်။ ကျွန်တော်တို့အနေဖြင့် ယခုရွေးကောက်ပွဲအား တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအား ချန်လှပ်ထား ခဲ့သောကြောင့် ဆန့်ကျင်ခဲ့သော်လည်း၊ NLD အစိုးရအသစ်အတွက် ရှေ့ဆက်ရမည့်လမ်းကြောင်းမှာတော့ ရှင်းလင်းပြတ်သားနေဆဲဖြစ်ပါတယ်။ NLD အစိုးရအနေဖြင့် နိုင်ငံသားအားလုံး အတွက် လူ့အခွင့်အရေးကိုအပြည့်အဝ ဆောင်ရွက်ပေးရန် လိုအပ်ပြီး၊ လူနည်စုများ အပေါ် အနာဂတ်တွင်ကျရောက်လာမည့် မည်သည့်ထိခိုက်မှုမျိုးကိုမဆို ကာကွယ်ပေးရန်လိုအပ်ပါတယ်။ သူတို့ အနေဖြင့် ထိုကဲ့သို့ပြုလုပ်ပေးရန်ပျက်ကွက်ခဲ့ပါက ယခင်တုန်းက သူတို့ ရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုများကိုဖိနှိပ်ခဲ့သော အာဏာရှင်အစိုးနှင့် ထူးမခြားနား ဖြစ်သွားပါမည်။” ဟု BHRN ၏ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်း က ပြောဆိုခဲ့ပါသည်။

BHRN အနေဖြင့် မြန်မာနိုင်ငံ၏ နောင်တက်လာမည့်အစိုးရအား တိုင်းပြည်တွင်ပို၍ကောင်းမွန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် လူသားဆန်သော အနာဂတ်ဖြစ်ထွန်းရန် အချက် ၈ ချက် ဆောင်ရွက်ရန် တိုက်တွန်းထားပြီး ယင်းအချက်များတွင်
ရိုဟင်ဂျာများအား ပြန်လည်လက်ခံရန် ပြုလုပ်သည့်ကိစ္စရပ်အား အရှိန်အဟုန်မြှင့်ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပြုလုပ်ရာတွင် ရိုဟင်ဂျာများ၏ လူ့ဂုဏ်သိက္ခာနှင့်လူ့အခွင့်အရေးများကို အရေးထား၍ ဆောင်ရွက်ပေးရပါမည်ဖြစ်ပြီး ထိုဖြစ်စဉ်တွင် မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာနိုင်ငံရေးသမားများ နှင့်ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်ကြောင်း ဖော်ပြ တောင်းဆိုထားသည်။

NLD အစိုးရအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့အား ပြုပြင်ပြောင်းလဲရပါမည်ဖြစ်ပြီး ထိုဝန်ကြီးဌာနနှစ်ရပ်သည် လူနည်းစုများအပေါ်ဖိနိပ်သော မူဝါဒများအားပြဌာန်းခဲ့ကာ မကြာခဏ ဆိုသလို လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ မူလအရင်းအမြစ်များ ဖြစ်နေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး၊ လွန်ခဲ့သောငါးနှစ်တာ ကာလအတွင်းတွင် NLD သည် USDP ပါတီအား လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာန တို့အား နိုင်ငံရေးအရ အပေးအယူ အနေဖြင့် ထိန်းချုပ်ခွင့်ပြုခဲ့ကြောင်း၊ NLD အစိုးရသည် ယခုအခါတွင် နိုင်ငံရေးအရ အခွင့်အရေးရှိ ပြီး၊ထိုအခြေအနေကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ ထို့အပြင် NLD မှ အသစ်တက်လာမည့် အစိုးရအသစ်အနေဖြင့် ထိုဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား လူ့အခွင့်အရေးနှင့်လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ သင်တန်းတို့ကို ဝန်ထမ်းတိုင်း မတက်မနေရအဖြစ်သတ်မှတ်ပေးရန် လိုအပ်ကြောင်း ဖော်ပြ တိုက်တွန်းထားသည်။

အလားတူ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၈ ခုနှစ်နိုင်ငံသား ဥပဒေတို့နှင့် တကွ နိုင်ငံတကာစံများနှင့်ထင်ရှားစွာ ဆန့်ကျင်နေသည့် ဥပဒေဖြစ်နေကြောင်း၊ NLD အစိုးရအနေဖြင့် အဆိုပါ ဥပဒေပေါ်တွင် လူအများပို၍ ငြင်းခုံဆွေးနွေးခွင့် ရှိလာအောင် အားပေးပံ့ပိုးပေးရမည်ဟု ဖော်ပြ တိုက်တွန်းထားသည်။

ထို့ပြင် NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကို အလျင်အမြန်ကျင်းပပေးရန် ၊NLD အစိုးရအနေဖြင့် လက်ရှိ အထိမ်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် တက်ကြွလှုပ်ရှားသူများနှင့် အရေးဆို လှုပ်ရှားသူများ အားလုံးအား ထောင်သွင်းအကျဉ်းချထားမှုကို လုံးဝပပျောက်စေမည့် ရှင်းလင်းတိကျသည့် လမ်းပြမြေပုံတစ်ခု အကောင်အထည်ဖော်ရန်၊ ရိုဟင်ဂျာများသည် နိုင်ငံသားပေးပြီး မဲပေးခွင့်ပြုရန် တို့ကိုလည်း BHRNက တောင်းဆိုထားသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်နေသော မြန်မာမွတ်စလင် တစ်သိန်းခန့်နှင့်အခြားလူနည်းစုများကို အစိုးရမှလိုအပ်သည့် အထောက်အပံ့များကို အပြည့်အဝ ပေးအပ်ရန် NLD အစိုးရအနေဖြင့် လူနည်းစုများအပေါ်လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုများနှင့်တကွ လူမျိုးရေး ခွဲခြားမှုအသုံးအနှုန်းများနှင့် ပုံဖော်မှုများ အားလုံးကို ပြင်းထန်စွာ အရေးယူ ဖြေရှင်းရန်တို့ကိုလည်း BHRNက တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts