China Watch Features political news

မြန်မာ့မြေပေါ်မှ အုပ်ချုပ်မှုမဲ့နေသော တရုတ် ဒုစရိုက်ကာစီနိုမြို့များ အန္တ ရာယ် ဖြေရှင်းရေး နိုင်ငံ့ ခေါင်းဆောင်များ မာမာထန်ထန် တုံ့ပြန်ရန်လို

မြန်မာ့မြေပေါ်မှ အုပ်ချုပ်မှုမဲ့နေသော တရုတ် ဒုစရိုက်ကာစီနိုမြို့များ အန္တရာယ် ဖြေရှင်းရေး နိုင်ငံ့ ခေါင်းဆောင်များ မာမာထန်ထန် တုံ့ပြန်ရန်လို

By Jason Tower နှင့် Priscilla A. Clapp

အုပ်ချုပ်ရေး နှင့် စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှုများစွာ ဝိုင်း၀ိုင်းလည် နေသော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြားသားများ ထိန်းချုပ်ထားသည့် လောင်းကစား နယ်မြေ ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံ့ ခေါင်းဆောင် များ၏ မာမာထန်ထန် တုံ့ပြန်မှု လိုအပ်နေပါသည်။

ဒီမိုကရေစီစနစ် မရင့်ကျက်သေးပဲ ရုန်းကန်နေရသည့် နိုင်ငံတစ်ခု ဖြစ်သည့် မြန်မာနိုင်ငံနှင့် ၎င်း၏ ရွေးချယ်တင်မြှောက်ခံထားရသော ခေါင်းဆောင်များတွေ့ကြုံရသည့် စိန်ခေါ်မှုမျိုးက မည်သည့်နိုင်ငံကိုမဆို ကသောင်းကနင်းဖြစ်စေနိုင်သည်။ ယင်းအနက် အကြီးမားဆုံး စိန်ခေါ်မှုများတွင် နှစ် ၅၀ ကြာ စစ်အာဏာရှင် စနစ်ဖြင့်အုပ်ချုပ်ခဲ့ခြင်း၊ တိုင်းရင်းသားအရေးတင်းမာမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ၊ တူညီသော အမျိုးသားရေးလက္ခဏာရပ် မရှိခြင်း၊ အမြစ်တွယ်နေသော ဆင်းရဲမွဲတေမှု နှင့် တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း ၅ နိုင်ငံနှင့်ရှုပ်ထွေးသော နယ်စပ်ကိစ္စများ ရင်ဆိုင်နေရခြင်းစသည်တို့ ပါဝင်သည်။

အထက်ပါ ပြဿနာရပ်များ အားလုံးနှင့် အကျုံးဝင်နိုင်ပြီး အလွန်အရေးကြီးလှသည့် ခြိမ်းခြောက်မှု အသစ် တစ်ခုကိုမူ လူသိနည်း နေသေးသည်။။ စနစ်တကျကြံစည်ကျူးလွန်သော ရာဇဝတ်မှုများဖြင့် ဆက်စပ်မှုရှိသည့် နိုင်ငံဖြတ်ကျော် ကွန်ရက်များသည် ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် မိတ်ဖက်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေများ တည်ထောင်နေသလို တရုတ်နိုင်ငံရှိ ကြီးမားသော တရားမဝင် လောင်းကစား စျေးကွက်နှင့် ချိတ်ဆက်နိုင်မည့် “စမတ် မြို့တော်” ဟု အမည်ပေးထားသော စီမံကိန်းများကို လွန်ခဲ့သော သုံးနှစ်အတွင်းကစတင် အကောင်အထည် ဖော်လျက် ရှိပါသည်။

၎င်းစီမံကိန်းများက နိုင်ငံတစ်ခုလုံးကို ဂယက်ရိုက်ခတ် နိုင်သောကြောင့် အဆင့်အသီးသီး နှင့် ကဏ္ဍအသီးသီးရှိ မြန်မာ့ခေါင်းဆောင်များ အနေဖြင့် ယင်းအပေါ် လေးလေးနက်နက် အာရုံစိုက်သင့်ပါသည်။

ယင်းစီမံကိန်း များအနက် ရှေ့တန်းအရောက်ဆုံး နှင့် အဆင့်မြင့်ဆုံးမှာ ထိုင်းနယ်စပ် နယ်တွင် တည်ဆောက် ထားသည့် တစ်ချိန်ကဝေးလံခေါင်သီလှသည့်ရွှေကုက္ကိုလ်ကျေးရွာတဖြစ်လဲ ရထိုက်မြို့သစ်တွင် blockchain နည်း ပညာ နှင့် ခရစ်ပ်တို ငွေကြေးလုပ်ငန်းများ လုပ်ဆောင်နေသော Building Cities Beyond Blockchain (BCB) အမည်ရှိ ကုမ္ပဏီပင် ဖြစ်သည်။

ရွှေကုက္ကိုလ်မှ ငွေများကို လျှို့ဝှက်စွာ ခဝါချနိုင်ရန် ယင်းကုမ္ပဏီသည် ရထိုက်မြို့ သစ်အတွက် “Fincy” ဟုခေါ်သော အက်ပလီကေးရှင်း တစ်ခုကို မိတ်ဆက်ခဲ့ ပါသည်။ တရုတ် ရင်းနှီး မြုပ်နှံသူများ သည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့၏ အကာအကွယ်ဖြင့် နိုင်ငံ၏ ဥပဒေ အဖွဲ့အစည်းများ နှင့် ဘဏ်လုပ် ငန်းဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များကို ရှောင်ရှားပြီး စီမံကိန်းကို ရှေ့ဆက်နိုင်ရန် လုပ်ဆောင် နေလျက်ရှိ သည်။

ကရင်ပြည်နယ်ရှိ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ တန် စမတ်မြို့သစ် စီမံကိန်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ကျင့်သုံး ရန် စဉ်းစားနေမှုကိုလည်း ထိခိုက်စေနိုင်ပါသည်။

၎င်းစီမံကိန်း နှင့် ကရင်ပြည်နယ်ရှိ အခြားသော ကာစီနို စီမံကိန်း များကြောင့် မြေယာ မျှတစွာ စီမံခန့်ခွဲမှု၊ အရင်းအမြစ်များ သာတူညီမျှစွာ ခွဲဝေမှု၊ တိုင်းရင်းသား ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်မှု နှင့် နိုင်ငံရေးတွင် အရပ်သား ထိန်းချုပ်မှု စသည်တို့ ရရှိလာ စေရန် လိုအပ်သော နိုင်ငံရေး၊ လူမှုရေး နှင့် စီပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် ခိုင်မာသော ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရေး ကြိုးပမ်းချက်တို့ အားပျော့သွားစေ နိုင်ပါသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် ပြည်ထောင်စု အဆင့် နှင့် ပြည်နယ်အဆင့် နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် ၄၆ စတုရန်း မီတာခန့် အကျယ်အဝန်း ရှိသည့် ရထိုက်မြို့သစ်တွင် မည်သည့် အရာများ ဖြစ်ပေါ်နေလျက် ရှိသည်ကို အလေးအနက်ထား အာရုံစိုက်သင့် ပါသည်။ အောက်ပါမေးခွန်းများ၏ အဖြေကိုရှာဖွေခြင်းဖြင့် ဖြစ်ပေါ်နေသော ပြဿနာများကိုဖြေရှင်းရန် လိုအပ်ပါသည်။

• ရထိုက်မြို့သစ် အကောင်အထည်ဖော်သူများ ဖြစ်သည့် BCB နှင့် Yatai IHG တို့သည် ဒေသ အာဏာပိုင် များ၏ ပါဝင်မှုကို ရှောင်ရှားကာ၊ နယ်ခြားစောင့်တပ်ဖွဲ့မှ ရရှိထားသော သဘောတူညီချက် သက်သက်ဖြင့်၊ စီမံကိန်း နယ်မြေအတွင်းရှိ မြေယာနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများအား ၎င်းတို့၏ blockchain နည်းပညာ အသုံးပြုပြီး တိုက်ရိုက် လွှဲပြောင်းမှု လုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု အဘယ်ကြောင့် ရဲရဲဝင့်ဝင့် ဆိုနေရ သနည်း။

• ဘန်ကောက် အခြေစိုက် ကုမ္ပဏီဖြစ်သော Yatai IHG သည် အဘယ်ကြောင့် မြန်မာနိုင်ငံ၏ တရားဝင် ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးကို အသုံးပြုခြင်း မရှိပဲ ရထိုက်မြို့သစ်၏ ငွေကြေး အဝင်၊အထွက် များကို စီမံခန့်ခွဲရာတွင် လျှို့ဝှက်ငွေကြေး စနစ်များကို အသုံးပြုခွင့်ရနေသနည်း။ အဘယ်ကြောင့် တရုတ် အလုပ်သမား ရာပေါင်းများစွာအား ရွှေကုက္ကိုလ်သို့ ဝင်ရောက်လုပ်ကိုင်ခွင့် ပေးထားသနည်း။

• အဘယ်ကြောင့် တရားဝင် ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ထားခြင်း မရှိပဲ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူ တစ်ဦးက မြို့တစ်မြို့လုံး၏ စီမံခန့်ခွဲမှုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိထားသနည်း။

• တရားမဝင်သော လုပ်ငန်းများကို ကြော်ငြာလျက်ရှိသည့် ပို့စ်ထောင်ပေါင်း များစွာကို Facebook က ၎င်း၏ ပလက်ဖောင်းပေါ်တွင် အဘယ်ကြောင့် ခွင့်ပြုထားရသနည်း။

• Yatai IHG သည် ၎င်း၏ လုပ်ငန်းများအပေါ် အစိုးရကော်မရှင်က စုံစမ်းစစ်ဆေးရန် လုပ်ဆောင်နေခြင်းကို အဘယ်ကြောင့် ငြင်းဆိုနေရသနည်း။ ထို့ပြင် ၎င်းသည် ယခင်တစ်ပတ်ကပင် အစိုးရ ခွင့်ပြုချက်မရှိပဲ အမေရိကန် ဒေါ်လာ ၆ သန်းတန် ဟိုတယ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။

ဗဟိုဘဏ်၏ သတိပေးချက်

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ နှင့် စပ်လျဉ်းပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စစ်အစိုးရ ထံမှ အမွေဆက်ခံ ရရှိခဲ့သည့် ယိုင်နဲ့နဲ့ ဘဏ်စနစ်ကို ပြန်လည် ပြုပြင်နိုင်ရန် ဘဏ္ဍာရေးစနစ် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကို ဦးစားပေး လုပ်ဆောင်လျက် ရှိပါသည်။ ဗဟိုဘဏ်သည် အီလက်ထရောနစ် ငွေပေးချေမှု ဆိုင်ရာ အက်ပလီကေးရှင်းများ ကို စောင့်ကြည့် စီမံမှု အခြေအနေ နှင့်စပ်လျဉ်း၍ သဘောထားများ ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ် သည် WeChat pay နှင့် Alipay တို့ အသုံးပြုမှု ကိုလည်း တားမြစ်ချက် ထုတ်ပြန်ထားပြီး၊ Wave Money နှင့် အခြား သော နိုင်ငံခြား ကုမ္ပဏီများ ငွေကြေးခဝါချခြင်း နှင့် အခွန်ရှောင်ခြင်း တို့ မလုပ်ဆောင်နိုင်ရန် စည်းမျဉ်းစည်းကမ်း များ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

တစ်ဖက်တွင်မူ Fincy သည် မြန်မာဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများကို ရှောင်ကျဉ်လုပ်ဆောင် နိုင်ရန် ပုံဖော်ပြင်ဆင်ထားပြီး ပြင်ပအဖွဲ့အစည်းများ ဝင်ရောက်စိစစ်ခြင်း မရှိနိုင်သည့် “သီးသန့် ရောင်းဝယ် လွှဲပြောင်းမှု များ” အဖြစ် လုပ်ဆောင်ထားပါသည်။ မြန်မာနိုင်ငံ အတွင်းနှင့် ပြင်ပသို့ ငွေကြေးများ အထုတ်၊ အသွင်း ပြုလုပ်နိုင် ခြင်းနှင့် နိုင်ငံတွင်းရှိ အခြားသော ဒေသများတွင်လည်း၊ ၎င်းကို အသုံးပြုနိုင်ခြင်း စသည့် အစွမ်းတို့ကြောင့် Fincy သည် နိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်အား မလွဲမသွေ ထိခိုက်ပျက်စီးစေနိုင်မည်ဖြစ်သည်။

Fincy ၏ မိခင် ကုမ္ပဏီဖြစ်သည့် BCB မှာမူ စင်္ကာပူနိုင်ငံ ဥပဒေအရ တရားဝင်မှု ရှိပါသည်။ တည်နေရာ အချက်အလက် ထည့်သွင်းရန် မလိုအပ်ဘဲ ငွေပေးချေမှုများ လုပ်ဆောင်နိုင်မည့် လျှို့ဝှက်စနစ် တည်ဆောက်နိုင်ရန် BCB ကို စင်္ကာပူနိုင်ငံက ခွင့်ပြုထားခြင်းကြောင့် အာဆီယံ နိုင်ငံများ နှင့် မြန်မာနိုင်ငံ တို့အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ယင်းကိစ္စအပေါ် စင်္ကာပူနိုင်ငံက သတိထားမိခြင်း ရှိမရှိမှာမူ မရှင်းလင်းပါ။ အာဆီယံစျေးကွက်သို့ စီးပွားရေး လုပ်ငန်းငယ်များ လက်လှမ်းမီ နိုင်စေသောကြောင့် BCB ၏ အဆင့်မြင့် ငွေကြေးဆိုင်ရာ စနစ်များမှာ မြန်မာနိုင်ငံ၏ အွန်လိုင်း ကူးသန်းရောင်းဝယ်ရေး ကဏ္ဍအတွက် အသုံးဝင်နိုင် ပါသည်။

သို့သော်လည်း ၎င်း၏ Fincy အက်ပလီကေးရှင်း (လောင်းကစား လုပ်ငန်းများတွင် အဓိက အသုံးပြုနေသည်) သည် မည်သည့်ခွင့်ပြုချက်မှ ရယူ ထားခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် အသုံးပြုနေခြင်းသည် နိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ အာဏာပိုင်များမှ တရားမဝင် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများအပေါ် စစ်ဆေးရန် လုပ်ဆောင်မှုများကိုပင် အဟန့်အတားဖြစ်စေနိုင် မည် ဖြစ်သည်။

စင်္ကာပူ ငွေကြေး အာဏာပိုင်အဖွဲ့အစည်းမှ ခွင့်ပြုထားသော ကင်းလွတ်ခွင့်ကို အဆိုပါကုမ္ပဏီက အသုံးချ၍ တရား မဝင် လုပ်ငန်းများ လုပ်ဆောင်မှု ရှိ၊မရှိ စင်ကာပူ အစိုးရ အနေဖြင့် ချက်ခြင်း စုံစမ်းစစ်ဆေးမှု တစ်ခု လုပ်ဆောင်သင့် ပါသည်။ တစ်နည်းအားဖြင့် ယင်းမှာ အဆင့်မြင့် နည်းပညာ အသုံးပြု၍ ရာဇဝတ်မှုများကို ငွေကြေးပံ့ပိုးနေသည့် လုပ်ငန်းများ လုပ်ဆောင်နေခြင်းကို တိုက်ဖျက်ရန် အာဆီယံနိုင်ငံများရှိ ငွေကြေးအာဏာပိုင် အဖွဲ့အစည်းများ နှင့် ဥပဒေ စိုးမိုးရေး အေဂျင်စီများ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အလမ်းလည်း ဖြစ်ပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်ခြားစောင့်တပ်ဖွဲ့များ

ငြိမ်းချမ်းရေး နှင့် ပဋိပက္ခ အခြေအနေများ ဆိုင်ရာ လက်ရှိ အခင်းအကျင်းမှာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ကောင်းလှ ပါသည်။ နယ်ခြားစောင့် တပ်ဖွဲ့များ (BGFs) ကို လွန်ခဲ့သော ဆယ်နှစ်ကျော်က ဖွဲ့စည်းခဲ့ပါသည်။ လက်နက်ကိုင် ပဋိပက္ခကို စွန့်လွှတ်ပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်းသည့် အတွက် ၎င်းတို့သည် သက်ဆိုင်ရာ ၎င်းတို့၏ နယ်မြေ များ အတွင်းတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။ ရထိုက်မြို့သစ် ကဲ့သို့ စီမံကိန်းမျိုးမှာမူ ကြိုတင်မမြင်နိုင်ခဲ့သည့် အကျိုးသက်ရောက်မှု များပင် ဖြစ်ပါသည်။

နယ်ခြားစောင့် တပ်ဖွဲ့များသည် မည်သည့်ရည်မှန်းချက်မျိုးမှမရှိဘဲ အကျိုးအမြတ် ရရှိရေးအတွက်သာ လက်နက် ကိုင်နေခြင်း ဖြစ်ပါသည်။ နိုင်ငံရေး သိပ္ပံပညာရှင် Mancur Olson ၏ အခေါ်အဝေါ်အရ ဆိုလျှင် ၎င်းတို့သည် “ပုံသေ ဓားပြများ (stationary bandit)” တနည်းအားဖြင့် မူပိုင် ခိုးဝှက်လုယူမှု (monopoly of theft) ကိုကျင့်သုံးနေခြင်း ဟုခေါ်ဆိုသည်၊ အကြောင်းမှာ ၎င်းကသာ လူထုကို အခြားသော ခြိမ်းခြောက်မှုဒဏ်မှ အကာအကွယ်ပေးနေ ခြင်းကြောင့်ဟုဆိုနိုင်သည်။

နယ်ခြားစောင့် တပ်ဖွဲ့များ အနေဖြင့် ဒေသခံများ၏ အခွင့်အရေးကို လေးစားခြင်းမရှိဘဲ နိုင်ငံခြားသားများထံ မြေယာရောင်းချခြင်း၊ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ရေး နှင့် ပြည်ထောင်စု ဥပဒေများ၏ ထိန်းချုပ်မှုမှ ကင်းလွတ်နေခြင်း စသည်တို့ကဲ့သို့ ခေါင်းပုံဖြတ်လုပ်ငန်းများဖြင့် ပတ်သတ်ဆက်စပ် နေသမျှ ကာလ ပတ်လုံး အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ၎င်းတို့၏ ခြေလှမ်းများကို ကူးချ နိုင်ပါသည်။ ယင်းကဲ့သို့ အမြစ်စွဲနေသည့် ပဋိပက္ခ ဇစ်မြစ်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားဖြင့် ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် အကျင့်ပျက် လက်နက်ကိုင် အဖွဲ့များသာ ကြွယ်ဝချမ်းသာမှု နှင့် အာဏာများ ပိုမို ရရှိလာပြီး Yatai IHG ကဲ့သို့ ကုမ္ပဏီများသည်လည်း တိုင်းရင်းသား လူနည်းစု နယ်မြေများတွင် ထိန်းချုပ်ခွင့် ရရှိလာခဲ့ပါသည်။

ဥပဒေ စိုးမိုးရေး အဖွဲ့များ လက်လှမ်းမီခြင်း မရှိသောကြောင့် စမတ်မြို့တော်များ အနေဖြင့် တရားမဝင် ဒေါ်လာငွေ သန်းပေါင်းများစွာ စုဆောင်းနိုင်ဖွယ် ရှိနေပြီး နယ်ခြားစောင့် တပ်ဖွဲ့များ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ သည် တရုတ် လောင်းကစား လုပ်ငန်းများရှိ ၎င်းတို့၏ အခန်းကဏ္ဍကို ဆက်လက် တိုးချဲ့မှု ပြု၊ မပြု မေးခွန်းထုတ်ရမည် ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် Fincy သို့မဟုတ် Fincy ကဲ့သို့သော အက်ပလီကေးရှင်းများ အသုံးပြု ၍ မတရားဝင်ငွေများ ရှာဖွေခြင်း နှင့် ဒစ်ဂျစ်တယ် နည်းလမ်းဖြင့် တရားမဝင် လုပ်ငန်းများ လုပ်ဆောင်မည်လော။ ဤကဲ့သို့ ဖြစ်ပေါ်မှုများက ဒေသန္တရ စီပွားရေး အကျပ်အတည်းကို အခြေခံကျကျ ပြောင်းလဲလိုက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရပ်တန့်စေမည်လော။

တရုတ်၏ အခန်းကဏ္ဍ

ယင်းပြဿနာများမှာ ကရင်ပြည်နယ် တစ်ခုတည်း ကိုသာ သက်ရောက်မှု ရှိသည် မဟုတ်ပါ။ တရုတ်နိုင်ငံနှင့် ထိစပ် နေသည့် မြန်မာနိုင်ငံ၏ မည်သည့် နယ်စပ်ဒေသတွင်မဆို ယင်းပုံစံ စီမံကိန်းများဆောင်ရွက်ပါက ပြဿနာများ လှသည့် ထိုလုပ်ငန်းများအပေါ် တရုတ်နိုင်ငံ၏ ထိန်းကျောင်းနိုင်မှုကို မေးခွန်းထုတ်ရမည် ဖြစ်သည်။

နယ်စပ်တစ်လျှောက်တွင် ငွေကြေးအင်အား တောင့်တင်းသည့် လက်နက်ကိုင် အဖွဲ့များ ပိုမိုများပြား လာသည်ကို ထင်ထင်ရှားရှား တွေ့နေရပြီး ၎င်းမှာ ပထဝီ အနေအထားအရ ယင်းနယ်မြေ အားလုံးကို ဖြတ်သန်းရသည့် တရုတ်-မြန်မာ စီးပွားရေး ဖော်ဆောင်ရေးဆိုင်ရာ တရုတ်၏ အကျိုးစီးပွားအပေါ် စိန်ခေါ်မှုများစွာ ပေါ်ပေါက်စေပါ သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေများရှိ လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် တရုတ်နိုင်ငံမှ အဖွဲ့အစည်းများ ပူးပေါင်းပြီး လုပ်ငန်း အကောင်အထည်ဖော်မှု များအပေါ် မြန်မာနိုင်ငံက ထိန်းကျောင်းရာတွင် တရုတ်နိုင်ငံ အနေ ဖြင့် ၎င်း၏ ရေရှည်အကျိုးစီးပွား အတွက် ကူညီသင့်ပါသည်။

အထူးသဖြင့် တရားမဝင် လုပ်ငန်းများ ဆိုပါက တရုတ် နိုင်ငံ အပေါ်တွင်လည်း သိသိသာသာ သက်ရောက်မှုများ ရှိမည်ဖြစ်သည်။ ဥပမာ- ဇူလိုင်လ တစ်လတည်းမှာပင် ကာစီနိုမြို့များသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။

အနည်းဆုံး အနေဖြင့် တရုတ်နိုင်ငံသည် ၎င်းထံမှ ကုမ္ပဏီများ အခြားနိုင်ငံများရှိ တရားမဝင် လုပ်ငန်းတွင် ပါဝင်ခြင်း မရှိစေပဲ သတ်မှတ်ထားသော စည်းကမ်းဥပဒေများ နှင့်အညီ လုပ်ဆောင်မှု ရှိစေရေး တွန်းအားပေးနိုင်ပါသည်။ တရုတ်ပြည်မရှိ ကုမ္ပဏီများသည် စည်းကမ်းဥပဒေများ နှင့်အညီ လုပ်ဆာင်မှု အားနည်းနေသည့် သာဓကများစွာကို တွေ့နေရပြီး မြန်မာနိုင်ငံရှိ Yati IHG ကိစ္စရပ်နှင့် အခြားနိုင်ငံများတွင်လည်း တရုတ် အစိုးရတစ်ပိုင်း အေဂျင်စီများ၏ ပါဝင်ပတ်သတ်မှု ရှိနေသည်ကို တွေ့ရပါသည်။

စမတ်မြို့တော် နည်းပညာများ၏ ဆိုးကျိုးများသည် အခြားသော အရှေ့တောင်အာရှ နိုင်ငံများ အပေါ်လည်း သက် ရောက်မှု ရှိနေပါသည်။ ယနေ့ချိန်အထိ ဂယက်ရိုက်ခတ်မှု တိုက်ရိုက် ခံစားခဲ့ရသော နိုင်ငံများတွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူနှင့် ထိုင်း နိုင်ငံတို့ ပါဝင်နေပြီး ၎င်းတို့အားလုံးသည် ကရင်ပြည်နယ်ရှိ ရထိုက် စမတ်မြို့သစ် စီမံကိန်း ပြီးမြောက်မှုတွင် တနည်းနည်းဖြင့် ပါဝင်ပတ်သတ်မှု ရှိသူများလည်း ဖြစ်ပါသည်။ ၎င်းနိုင်ငံ များ၏ အစိုးရများ အနေဖြင့် ငွေရေးကြေးရေး နှင့် ဘဏ်စနစ် တို့ကို ဖျက်ဆီးနိုင်စွမ်း ရှိသည့် Fincy ကဲ့သို့သော နည်း ပညာများအပေါ် ဂရုတစိုက် ဆန်းစစ်လေ့လာသင့်ပါသည်။ အထူးသဖြင့် ငွေကြေး ခဝါချမှုများ အပေါ် တင်းတင်း ကြပ်ကြပ် ထိန်းချုပ်မှုရှိသည့် နိုင်ငံတကာ စျေးကွက်အတွင်း ယင်းနည်းပညာများ မည်ကဲ့သို့ လှုပ်ရှားနိုင်သည်ကို ဂရုပြုစောင့်ကြည့် ရမည်ဖြစ်သည်။

နောက်ဆုံးအချက်အနေဖြင့် စမတ်မြို့တော် စီမံကိန်းများကြောင့် မြန်မာနိုင်ငံ ထိခိုက်နစ်နာရသလို အမေရိကန် နိုင်ငံ၏ မျှော်မှန်းချက်များ အပေါ်တွင်လည်း ထိခိုက်မှု ရှိစေပါသည်။ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးမှု ပျက်စီးခြင်း၊ မြန်မာ့ ဘဏ်စနစ်ကို စွန်းထင်းစေခြင်း၊ ပြည်သူ့စစ်အဖွဲ့များ အင်အားကောင်းလာခြင်းကြောင့် ပဋိပက္ခသစ်များ ပေါ်ထွက် နိုင်ခြင်း၊ စစ်တပ်အခြေပြု စီပွားရေး ချဲ့ထွင်လာနိုင်မှု နှင့် လက်နက်ကိုင် ထိန်းချုပ်မှုအောက်တွင် ဥပဒေမဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေများ ပေါ်ထွက်လာခြင်း စသည်တို့မှာ အမေရိကန်၏ မူဝါဒရေးရာ ရည်မှန်းချက်အတွက် ပြင်းထန်သည့် စိန်ခေါ်မှု များပင်ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာကပင် အမေရိကန်ပြည်ထောင်စုသည် မတူကွဲပြား၍ အလွန်တရာ အလားအလာကောင်း သော အာရှဒီမိုကရေစီဖြစ်ထွန်းစေရေးကို ရှေးရှု၍ မြန်မာ့ ဒီမိုကရေစီအင်အားစုများနှင့် အရပ်ဘက်အဖွဲ့များကို တတ်အားသရွေ့ အကူအညီပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး လမ်းကြောင်းအတွက် ကြီးမားစွာ အဟန့် အတား ဖြစ်စေသော ဒစ်ဂျစ်တယ် နည်းပညာသစ်များကို ထိန်းကျောင်းနိုင်ရန် မြန်မာနိုင်ငံက လုပ်ဆောင်နေပြီး ယင်းလုပ်ဆောင်မှုများ အပေါ် အမေရိကန်နိုင်ငံက အရှိန်အဟုန်တိုးမြှင့်၍ ပံ့ပိုးသင့်ပါသည်။

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts