All News Election interview

“မဲရုံစောင့်ပြီးတော့ နောက် ၃ရက်လောက်မှာ ရောဂါလက္ခဏာပြပြီးတော့ ဆရာ၊ ဆရာမ တွေ အကုန်လုံး ကုသရေးစင်တာတွေ အကုန် ရောက်ကုန်တယ်”

“မဲရုံစောင့်ပြီးတော့ နောက် ၃ရက်လောက်မှာ ရောဂါလက္ခဏာပြပြီးတော့ ဆရာ၊ ဆရာမ တွေ အကုန်လုံး ကုသရေးစင်တာတွေ အကုန် ရောက်ကုန်တယ်။( သန်လျင်နဲ့ဗိုလ်တထောင်မှ ကိုဗစ်နဲ့ အသက် ၅၀ ကျော် ကျောင်းဆရာမ ၂ ဦး ကွယ်လွန်ခဲ့တယ်)။ (ထောက်ပံမှုရဖို့) ဘယ်သူ့ဆီမှလည်း မမျှော်လင့်တော့ဘူး”

ဒေါက်တာဇော်မျိုးလှိုင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး)

By ရန်ကုန်ခေတ်သစ်

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောင်းဆရာ၊ ဆရာမများက မဲရုံမှူး၊ မဲရုံဝန်ထမ်းများအဖြစ် စေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးခဲ့ရာ ရွေးကောက်ပွဲအပြီး ကျောင်းဆရာ၊ ဆရာမများ ကိုဗစ်ကူးစက်ခံရခြင်းနှင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကိုဗစ် ၁၉ရောဂါ ကူးစက်ခံရတဲ့ ဆရာဆရာမ ၅ဝကျော်ရှိလို့သိရတယ်။ သူတို့တွေက ဘယ်မြို့နယ်တွေကလဲ။

ဖြေ။ ။ မြို့နယ်ဆိုတာထက် မြို့နယ်ကတော့ အစုံပဲဖြစ်နေတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းကတော့ အများဆုံး အဲလိုပြောလို့ရတယ်။ ရန်ကုန်တိုင်းကတော့ ၃ဝကျော်ရှိတယ်။ ဒုတိယအများဆုံးက ပဲခူးတိုင်း ပဲခူးမြို့ပေါ်က ၁ဝယောက်လောက်ရှိတယ်။ နောက်တစ်ခါ ဧရာဝတီဖက်က ၃ယောက်လောက်ရှိတယ်။ နောက် မွန်ဖက်က ၂ယောက်လောက်ရှိတယ်။ နောက် မန္တလေးတိုင်းက ၃ယောက်လောက်ရှိတယ်။ မကွေးတိုင်းက ၂ယောက်လောက်ရှိတယ်။

မေး။ ။ အဲဒီ ၅ဝကျော်လုံးက မဲရုံစောင့်ရင်း ကူးစက်ခံရတာလား။ ဘယ်လိုပုံစံမျိုးလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အဲလောက် အသေးစိတ် မြေပြင်အခြေ အနေထိတော့ ကျွန်တော်တို့မသိဘူး။ မဲရုံစောင့်ပြီးတော့ နောက် ၃ရက်လောက်မှာ ရောဂါလက္ခဏာပြပြီးတော့ ဆရာဆရာမတွေ အကုန်လုံး ကုသရေးစင်တာတွေ အကုန် ရောက်ကုန်တယ်။

မေး။ ။ အခုရောဂါ ကူးစက်ခံရတာတဲ့ ဆရာဆရာမတွေက အသက် အရွယ် ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ အသက်အရွယ်ကတော့ အကုန်လုံးတော့ ကျွန်တော်တို့ မမေးနိုင်ဘူး။ မမေးဖြစ်တော့ ကျွန်တော်တို့ ပျမ်းမျှကတော့ ၃ဝကျော်တွေကော ၄ဝကျော်တွေကော ၅၈ထိပါတာတော့သိရတယ်။ ၅၈ ဆရာမကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ၅၈နှစ်ရှိပြီဆိုတာသိရတယ်။ အဲဒီတော့ နောက်ပြောဖြစ်တဲ့ ဆရာဆရာမတွေ အသက်မေးဖြစ်တယ်။ တချို့လည်း ၂၈လောက်ရှိတယ်။ ၃၃၊ ၃၄တွေလည်း အစုံပဲပါတယ်။ အရွယ်စုံတွေ့ရတယ်။

မေး။ ။ ကုသရေးစင်တာမှာ ဆရာမ၂ဦး သေဆုံးတယ်လို့သိရတယ်။ သူတို့ ၂ ဦးက ဘယ်မြို့နယ်တွေကဖြစ်မလဲ။

ဖြေ။ ။ ၂ဦးက ပထမ ၁ဦးကတော့ တော်တော်များများ သိပြီးသားပါ။ ပထမ ၁ဦးက ကြိုတင်မဲကာလမှာ သေဆုံးသွားတဲ့ သန်လျင် ဖို့မြေက ဆရာမကြီးပါ။ ဒုတိယတစ်ယောက်ကတော့ ကျွန်တော်တို့ သတင်းအသေးစိတ်ကတော့ လိုက်နေတုန်းပဲ နာမည်သိရပြီ။ အိမ်လိပ်စာ ဖုန်းနံပတ်လည်းသိရပြီ။ နောက်ပြီးတော့ သေဆုံးသွားတဲ့ ရက်ကိုတော့ ကျွန်တော်တို့က တစ်ဆင့်ခြင်းလိုက် နေတဲ့အတွက် ရက်က အတိအကျ ကျွန်တော်လည်းမသိရသေးဘူး။

နောက်ကာယကံရှင် မိသားစုဆီလည်း ကျွန်တော်တို့ အဖွဲ့ဝင်တွေထဲကနေ တာဝန်လွှဲပြောင်း ဆရာတွေကို ကျွန်တော်တို့ အဆက်အသွယ် လုပ်ခိုင်းထားတာပေါ့။ သူတို့တွေဆီကတော့ ကျွန်တော့်ဆီ သတင်းပြန်မလာသေးဘူး။ သတင်းပြန်မလာသေးဘူးဆိုတော့ ကျွန်တော်လည်း တောက်လျှောက် ဒီနေ့ မီဒီယာတွေကော တောက်လျှောက်ဖုန်းတွေဝင်နေတော့ သူ့တို့ဆီကို ကျွန်တော်တို့ ပြန်ဆက်ချိန်မရသေးဘူးဖြစ်နေတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဆက်ချိန်မရသေးဘူးပေါ့။ အဲတော့ မြို့နယ်ကတော့ ကျွန်တော်တို့သိတာ ဗိုလ်တထောင် မြို့နယ်ကပါ။ ဗိုလ်တထောင်မြို့နယ် အ.ထ.က (၂) ကအလယ်တန်းပြ ဆရာမကြီးလို့ သိရပါတယ်။

မေး။ ။ သေဆုံးသွားတဲ့ ဆရာမ၂ဦးက အသက်အရွယ် ဘယ်လောက်လောက်ရှိမလဲ။

ဖြေ။ ။ ပထမ ၁ဦးက ၅၄လို့ သတင်းရတယ်။ ဒုတိယ တစ်ဦးက ၅၉လို့ရတယ်။ ဒါပေမယ့် မြေပြင်မှာတော့ Confirm မဟုတ်သေးဘူး။ ကျွန်တော်အဲဆရာမတွေနဲ့ ကျွန်တော်အနေနဲ့ ဖုန်းမဆက်ရသေးဘူး။ ဒါတွေတော့ တစ် ဆင့်စကားတော့ဖြစ်တယ်။ ကျွန်တော်တမ်းပြောရတာ အမှားပါမှာစိုးလို့ပါ။

မေး။ ။ ဆရာတို့ ဆရာမတွေကို ဂုဏ်ပြုဆုငွေပေးနေတာတွေ့တယ်။ အဲတာတွေက ၁ဦးကို ဘယ်လောက် သတ်မှတ်ထားလဲ။

ဖြေ။ ။ ထောက်ပံ့ကြေးလို့ ကျွန်တော်တို့က မသုံးဘူး။ ကျွန်တော်တို့ ဂုဏ်ပြုဆုငွေလို့ပဲ သုံးပါတယ်။ ဂုဏ်ပြုတာကတော့ ၁ယောက်ခြင်းကို ဒီမှာ ကျွန်တော်တို့ အဖွဲ့ ရန်ပုံငွေကနေတစ်ဆင့် ၅သောင်း နှုန်းနဲ့ ကျွန်တော်တို့ ဆက်သွယ်ပေးပို့နေပါတယ်။ အကုန်လုံးဆီထိတော့ မရောက်သေးဘူး။ ကျွန်တော်တို့ ၁၁ ယောက် ဆီလောက်တော့ ဆက်သွယ်ပေးပို့လို့ရသွားပြီ။

မေး။ ။ နောက်ထပ်ပြီးတော့ ဂုဏ်ပြုငွေ ပေးဖို့ရှိမလား။

ဖြေ။ ။ ဒီစာရင်းက လူအကုန်လုံးထိ ကျွန်တော်တို့ရောက်အောင်ပို့မှာ ၁၁ ယောက်ဆိုတာ ကျွန်တော်တို့ ဆက်သွယ်ပေးပို့ပြီးသားကိုပြောတာ ကျန်တဲ့သူတွေကျတော့ ပေးပို့ရတဲ့အခါကျတော့ လူမျိုးစုံပေါ့။

တချို့ကျတော့လည်း နယ်မှာ Wave Money တို့ဘာတို့ကနေ ပို့ရတယ်။ ကာယကံရှင်ကိုယ်တိုင်က ဆေးရုံမှာ တက်နေတုန်းဆိုတော့ ကျွန်တော်တို့က ကြိုပို့ထားလို့လည်းမရဘူး။ အဲတော့ သူဆေးရုံဆင်းမှပဲ သူ့အကောက်ထဲကို သူ့ကိုလှမ်းပေးလို့ရမှာ တချို့ကျတော့လည်း မိသားစုဆီ လွှဲပါလို့ပြောတဲ့ဟာမျိုးတော့ရှိတယ်ပေါ့။

ဒါပေမယ့် အဓိကတော့ သူတို့က ကျွန်တော်တို့ ဂုဏ်ပြုငွေထက် သူတို့ကို အားပေးတာကိုပဲ အဓိကကျေနပ်တယ်။ ဘာလို့ဆိုတော့ ဆရာမတို့ရယ် အဲဒါဆို ကျွန်တော်တို့ ဖြေးဖြေးချင်းချင်း တစ်ဆင့်ခြင်း တစ်ရစ်ခြင်းလုပ်မယ်ပေါ့။ သွားနေရတာ ဒီမှာလည်း လုပ်တာလုပ်နေရတယ်။ ကျွန်တော်တို့ ကိုဗစ်ကာကလဆိုတော့ နည်းနည်လေး ကျွန်တော်တို့ဆီမှာလည်း လုပ်ရတာ အခက်အခဲရှိတော့ နှောက်နှေးတာတွေ ရှိပါတယ်။

မေး။ ။ အခုဆရာတို့အဖွဲ့ကို အပြင်ကနေလာပြီးတော့ လှူဒါန်းတာတွေရှိလား။ ဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ ရှိပါတယ်။ ဒီနေ့ဆိုရင် အကြမ်းဖျင်းတော့ ကျွန်တော်တို့ Page ပေါ်မှာလည်း တစ်ယောက်ချင်းလှူတာတွေ တင်ပေးနေတယ်။ ကျွန်တော်တို့ စာရင်းပေါင်းလိုက်တာတော့ ၁ဝသိန်းကျော်လောက်လို့ အကြမ်းဖျဉ်း ကျွန်တော်မှတ်မိတယ်။ နောက် ဆုံး လှူတာတွေကတော့ မလုပ်ရသေးဘူး။

မေး။ ။ အစိုးရဖက်ကကော ရောဂါကူးစက်ခံရတဲ့ ဆရာဆရာမတွေကို ဂုဏ်ပြုငွေပေးတာတွေကောရှိလား။

ဖြေ။ ။ လောလောဆယ်တော့ ကျွန်တော်တို့ဆီတော့ မလာသေးဘူး။

မေး။ ။ အခုရောဂါကူးစက်ခံရတာ ဆရာဆရာမတွေက မဲရုံစောင့်တဲ့တာဝန်ကို ထမ်းဆောင်ခဲ့ရတာတော့ အစိုးရကူညီစောင့်ရှောက်မှုတွေမလာဘူးဆိုတော့ ဒီအပေါ်ဘာပြောချင်လဲ။

ဖြေ။ ။ အရင်နေ့တွေကတော့ ပြောဖြစ်တယ်။ ဒီနေ့တော့ ဘာမှမပြောတော့ဘူး။ ဘယ်သူ့ဆီမှလည်း မမျှော်လင့်တော့ဘူး။ ကျွန်တော်တို့ နိုင်သလောက် ကျွန်တော်တို့အားနဲ့ ကျွန်တော်တို့ လုပ်သွားတော့မယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေလည်း သူတို့အသိစိတ်ဓာတ်နဲ့ လုပ်ချင်တဲ့သူလည်းလုပ် မလုပ်ချင်တဲ့သူလည်း နေဆိုပြီးတော့ ကျွန်တော်တော့ စိတ်ကို အဲလိုပဲ ပိုင်းဖြတ်လိုက်တော့တယ်။

မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ ဆရာဆရာမတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ပေးသွားမလဲ။

ဖြေ။ ။ အဲတာကတော့ ကျွန်တော်တို့ မနေ့က တရားစွဲခံရတယ်လို့သိတယ်။ ကျွန်တော်တို့ တရားစွဲခံရတာ သိတဲ့နောက်မှာတော့ ကျွန်တော်တို့ ဆရာမကြီးနဲ့ ကျွန်တော်တို့ ဆက်သွယ်မေးမြန်းပြီးတော့ ကျွန်တော်တို့ ကူညီဖို့ ပြောပြထားတာတော့ရှိတယ်။

အဲတော့ ကျွန်တော်တို့ ဆရာမကြီးဘက်က မှန်မမှန်ကြည့်လိုက်တော့ ဆရာမကြီးဘက်က ပတ်ဝန်းကျင်ကော သတင်းတွေ အကုန်လုံးလေ့လာလိုက်တဲ့အခါကျတော့ဆရာမကြီးက မှန်ကန်တယ်လို့ ကျွန်တော်တို့ သိရတယ်။ သိရတဲ့အတွက် ဆရာမကြီးဘက်ကို ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာတွေ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ပံ့ပိုးပေးသွားမှာပါ ဆက်လက်ပြီးတော့ပေါ့။

မေး။ ။ ပျော်ဘွယ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဆရာတို့ဖက်က ပြန်တရားစွဲမယ်လို့ ကာယကံရှင် ဆရာမကြီးက ပြောထားတာရှိတယ်။ အဲတာဘယ်တော့လောက်ဖြစ်မလဲ။

ဖြေ။ ။ အဲတာနည်းနည်းလေးလွဲသွားတယ်။ ကျွန်တော်တို့က တရားစွဲပေးလို့မရဘူး။ သူ့ကိုလီဆယ်ခံရတာ သူကပြန်စွဲရမှာ သူစွဲတာကိုသာ ကျွန်တော်တို့က ကူမှာ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ဝင်စွဲလို့မရဘူးလေ ကာယကံရှင်မဟုတ်ဘူးလေ အဲတာလေးတော့ ဆရာမကြီး နားလည်မှုလွဲသွားလားမသိဘူး။ သူတို့ဘယ်လိုနားလည်မှုလွဲသွားလည်းေတာ့မသိဘူး။

ကျွန်တော်တို့က လုပ်လို့မရဘူးလေ ဥပဒေကြောင်းမှာ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ဆရာဆရာမတွေ အတွက်ဆောင်ရွက်တဲ့အဖွဲ့ဖြစ်တော့ ကိုယ့်ဆရာဆရာမတွေဘက်ကနေပဲ ရပ်တည်တဲ့သဘောပဲရှိတယ်။ ဥပဒေ ပိုင်းဆိုင်ရာ အထောက်အကူပြုမယ်။ ကျွန်တော်တို့ အကြံပေးမယ်။ အကြံပေးတယ်ဆိုတာ ကျွန်တော်တို့နဲ့ မိတ်ဘက်အဖွဲ့အဆီတွေရှိတယ်။ မိတ်ဘက်ကျွန်တော်တို့ရဲ့ ရှေ့နေတွေရှိတယ်။ ရှေ့နေတွေကလည်း လိုက်ပါကူညီဆောင်ရွက်ပေးမယ် ဒါမျိုးတွေပဲရှိပါတယ်။ တရားစွဲတာတော့ ကျွန်တော်တို့က စွဲလို့မရဘူး။

မေး။ ။ ကြံ့ခိုင်ရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ဆရာဆရာမတွေကို ခွေးနဲ့ နှိုင်းပြီး စကားပုံတစ်ခုပြောသွားတယ်။ အဲအပေါ်ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ မပြောချင်တော့ဘူး။ အဖက်လည်းမလုပ်ချင်တော့ဘူး။ နည်းနည်းလေး စိတ်ကုန်သွားပြီ ဒါ ကျွန်တော်တစ်ယောက်တည်းသဘောထားပါ။ အဖွဲ့ကတော့ ဘယ်လိုသဘောရှိမလဲမသိဘူး။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ မူလပိုင်းကတော့ ကျွန်တော်တို့ အဖွဲ့မှာ ဒီအစိုးရကိုလည်း အကြံဉာဏ်ပေးတယ်။ အကူအညီတောင်းတယ်။ တိုက်တွန်းတာတွေရှိတယ်ပေါ့။ ဒီကိုဗစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါပေမယ့် အစိုးရမှာလည်း တပြိုင်နက်တည်းမှာ အများကြီးလုပ်နေရတာလည်း ကျွန်တော်တို့ နားလည်ပါတယ်။

အဲတာကြောင့် လုပ်ဆောင်တာတွေ တော်တော်ခက်ခက်ခဲခဲဖြစ်နေတာတွေ့ရတယ်။ ကျွန်တော်တို့ အနေနဲ့ အခု ကျွန်တော်တို့နိုင်သလောက်ပဲကျွန်တော်တို့ ဆက်သွားတယ်။ ဆရာဆရာမတွေကို ကျွန်တော်တို့ နိုင်သလောက် အကူအညီပေးနေပါတယ်။ အဲတော့ ရှေ့လျောက်ပြီးတော့ ဆရာဆရာမအရေးတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ဆရာဆရာမအဖွဲ့ချုပ်အနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသ၍ အစွမ်းကုန်လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့ အဲဒါတော့ပြောလို့ရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts