All News Local News Peace

မောင်တောတွင် ကထိန်ခင်းပြီးအပြန် ကားတစ်စီး မိုင်းထိပြီး ၃ နှစ်အရွယ် ကလေးအပါအဝင် သားအမိအဖ ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ၁၀ နှစ်အောက်ကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

မောင်တောတွင် ကထိန်ခင်းပြီးအပြန် ကားတစ်စီး မိုင်းထိပြီး ၃ နှစ်အရွယ် ကလေးအပါအဝင် သားအမိအဖ ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ၁၀ နှစ်အောက်ကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်ကျေးရွာတွင် ကထိန်ခင်း၍ ပြန်လာသော ကားတစ်စီး မိုင်းထိ၍ ၃ နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် သားအမိအဖ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း မောင်တောမြို့နယ်ကရုဏာကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁ နာရီခန့် တောင်ပြိုလက်ဝဲအနီးတွင် ကားကို မိုင်းထိသွားခြင်းဖြစ်ပြီး ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ၃ ဦးသည် တစ်မိသားစုတည်းမှ သားအမိအဖ ၃ ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူများတွင် ကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦးပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူ ၁ ဦးမှာ အရေးပေါ် အခြေအနေဖြစ်၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“အခု ကျနော်တို့ လူနာသယ်နေတာပါ။ ဖြစ်တာက သာယာကုန်းမှာ ကထိန်ခင်းပြီး ပြန်လာတဲ့ ကား ၄ စီးနဲ့ ပြန်လာကြတယ်။ အဲဒီမှာ တောင်ပြိုလက်ဝဲအနီးမှာ ကား ၃ စီး ဖြတ်ပြီးနောက်ဆုံးကားကို မိုင်းထိတာ။ ဆုံးတာက တစ်မိသားစုတည်းက ၃ ဦးပေါ့။ ၃ နှစ်ကလေးပါတယ်။ ကလေးအဖေနဲ့အမေပေါ့။ နောက်ဒဏ်ရာရတာက ၅ ဦးရှိတယ်။ အဲဒီအထဲမှာ ၃ နှစ်ကလေး၊ ၅ နှစ်ကလေးနဲ့ ၇ နှစ်အရွယ်ကလေးတွေပါတယ်။ လူကြီးပိုင်းက ၂ ဦးပေါ့။ အဲဒီအထဲမှာ လည်ကုတ်ကို မိုင်းစထိသွားတဲ့ အမျိုးသားက အရေးပေါ် ဖြစ်နေတယ်။ အသက်စိုးရိမ်ရတယ်။ အခု တောင်ပြိုလက်ဝဲကနေ ကျင်ချောင်း။ အဲဒီကနေ မောင်တောဆေးရုံပို့နေပါတယ်” ဟု မောင်တောမြို့နယ် ကရုဏာကွန်ရက်မှ တာဝန်ရှိသူက ရှင်းပြသည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများသည် ဆွေမျိုးတော်စပ်ကြကြောင်း သိရှိရသည်။

လက်ရှိတွင် ယင်းမိုင်းပေါက်ကွဲမှုအတွက် မိုင်းထောင်သော အဖွဲ့အစည်းကို မသိရှိကြောင်း ဒေသခံများက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts