All News Election interview Peace

“ဖောင်တော်ဦးစေတီကို နောက်ခံထားပြီးတော့ USDP ကိုယ်စားလှယ် ၄ဦး က ဗီနိုင်းနောက်ခံနဲ့ မဲဆွယ်စည်းရုံးလို့ အမှုဖွင့်ရတာပါ။ အမျိုးဘာသာ သာသနာ အနေနဲ့ မဲဆွယ်ကြမယ်ဆိုရင် ၊ USDP ပါတီကတော့ ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ အခြေခံပြီး ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေရှိပါတယ်”

“ဖောင်တော်ဦးစေတီကို နောက်ခံထားပြီးတော့ USDP ကိုယ်စားလှယ် ၄ဦးက ဗီနိုင်းနောက်ခံနဲ့ မဲဆွယ်စည်းရုံးလို့ အမှုဖွင့်ရတာပါ။ အမျိုးဘာသာ သာသနာအနေနဲ့ မဲဆွယ်ကြမယ်ဆိုရင် ၊ USDP ပါတီကတော့ ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ အခြေခံပြီး ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေရှိပါတယ်”

ဘာသာရေးကို အကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ USDP ပါတီကို အမှုဖွင့်လိုက်သော မိတ္ထီလာမှ ဦးတိမ်မင်းနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

မိတ္ထီလာမြို့နယ်ခံတစ်ဦးဖြစ်သည့် ဦးတိမ်မင်းက ဘာသာရေးအကြောင်းပြ မဲဆွယ် သည်ဟုဆိုကာ USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို အမှုဖွင့်လိုက်ပြီး ယင်းအမှုဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဦးတိမ်မင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မိတ္ထီလာမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ USDPပါတီ ကိုယ်စားလှယ်လောင်း တွေကို ဦးတိမ်မင်းအနေနဲ့ အမှုဖွင့်ထားတာ ဘယ်လို အခြေအနေရှိပါသလဲ။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ မိတ္ထီလာမှာ တန်ခိုးကြီး ဘုရားတွေရှိပါတယ်။ ဥပမာ ရွှေမြင်တင်၊ မိုးကောင်း အန္တကူပေါ့။ အလောင်းစည်သူမင်းကြီး တည် ထားကိုးကွယ်တဲ့ ဖောင်တော်ဦးစေတီပေါ့။ အဲဒီဖောင်တော်ဦးစေတီကို နောက်ခံထားပြီးတော့ USDP ကိုယ်စားလှယ် ၄ဦးက ဗီနိုင်းနောက်ခံနဲ့ မဲဆွယ်စည်းရုံးလို့ အမှုဖွင့်ရတာပါ။

မေး။ ။ ဒီတစ်ခုကြောင့်ပဲလား။ အခြားရောအမှုဖွင့်ထားတာရောရှိသေးလား။

ဖြေ။ ။ (သာသနာအလံနဲ့ မဲဆွယ်မှု) တစ်ခါတည်း ပါသွားမှာပေါ့။ အဲဒါက ပုဒ်မ ၅၈ (ဂ)ပဲလေ။

မေး။ ။ တစ်ခြား ပုဒ်မတွေပါသေးလား။ ၅၈ (ဂ)တစ်ခုတည်းလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့က ရဲအရေးပိုင်တဲ့အမှု နောက်တစ်ခါ UECနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အမှုပဲစွဲလို့ရပါတယ်။ ကျန်တာတော့ ပုဂ္ဂိုလ်ရေးတွေ ဖြစ်သွားမယ်လေ ကျွန်တော်က ပုဂ္ဂိုလ်ရေး မုန်းတီးလို့မဟုတ်ဘူး။

ပါတီစွဲရှိလို့မဟုတ်ဘူး။ မဖြစ်သင့်မဖြစ်ထိုက်တာတို့ ရွေးကောက်ပွဲ ယဉ်ကျေးမှု ထွန်းကားအောင်ပါ။ နောက်နောင်လည်း အမျိုးဘာသာ သာသနာအနေနဲ့ မဲဆွယ်ကြမယ်ဆိုရင် ရွေးကောက်ပွဲမှာ မဖြစ်သင့်တာတွေ ဖြစ်မှာကို ကြောက်လို့ပါ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲ ယဉ်ကျေးမှုကြီး ထွန်းကားအောင်လို့ သတိပေးတဲ့ အနေနဲ့ တရားထစွဲရတာပါ။

မေး။ ။ အမှုအခြေအနေက ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဆိုင်တာက ရဲအရေးပိုင်တယ်ဆိုတော့ ကျွန်တော်ဖွင့်ထားတာ မိတ္ထီလာ တံတားကြီး အနောက်ဘက်ကျတဲ့အတွက် အနောက်ဘက်မှာ USDP ရုံးရှိတဲ့အတွက် မိတ္ထီလာမြို့နယ် အမှတ် (၁)ရဲစခန်းမှာ အမှုဖွင့်ပါတယ်။

ရဲကလည်း လက်ခံဆောင်ရွက်နေပါပြီ။ အမှုတွဲအမှတ်ကတော့ (ပ) ၅၁၁/၂၀၂၀ ဖြစ်ပါတယ်။ ပုဒ်မကတော့ ၅၈ (ဂ)ပါ။

မေး။ ။ ဒီလို အမှုဖွင့်တဲ့ ရည်ရွယ်ချက်ကို အသေးစိတ်ထပ်ရှင်းပြလို့ရမလား။

ဖြေ။ ။ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာနိုင်ငံပါ။ ကျွန်တော်လည်း ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် သူတို့ဟာ ဘာသာရေးခေါင်းဆောင်တွေမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဆိုရင်တော့ ဗုဒ္ဓဘာသာရဲ့ တိုးတက်ရာတိုးတက်ကြောင်း ကျွန်တော်တို့ လုပ်မှာပေါ့။

သူတို့ဟာ နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက် နိုင်ငံခေါင်းဆောင်တွေဖြစ်မယ့် ရွေး ကောက် ပွဲဝင် ပုဂ္ဂိုလ်များ ပြည်ထောင်စုအဆင့်ဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များက သူတို့နိုင်ငံထဲမှာ မှီတင်းနေထိုင်ကျတဲ့ ၅၄သန်းသော ပြည်သူတွေများမှာ ဘာသာကြီး ၄ ဘာသာအပြင် နတ်ကိုးကွယ်သူများလည်းရှိပါတယ်။

အဲဒီတော့ ဘယ်ဘာသာကိုမှ ကျွန်တော်တို့က မျက်နှာသာပေးလို့မရပါဘူး။ အားလုံးဟာ ပြည်သူပြည်သားတွေ ကိုးကွယ်တဲ့ ဘာသာဖြစ်တဲ့အတွက် အဲဒီဘာသာအားလုံးကို မျှတူညီတူစဉ်းစားပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ USDP ပါတီကတော့ ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ အခြေခံပြီး ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေရှိပါတယ်။

ဒါကြောင့်မို့လည်း UEC ကကြိုတင်ပြီးတော့ ဘာသာရေးအကြောင်းပြ မဲဆွယ်ခြင်းမပြုရ၊ မဲပေးရန် လှုံ့ဆော်ခြင်းမပြုရဆိုပြီး ပုဒ်မ ၅၈ (ဂ) ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ပုဒ်မတွေနဲ့ ကျွန်တော်တရားစွဲတာဖြစ်ပါတယ်။

မေး။ ။ ဘယ်နေ့က အမှုဖွင့်တာလဲ။

ဖြေ။ ။ ရွေးကောက်ပွဲမှာ ပုဂ္ဂိုလ်ရေးတိုင်ကြားမှုလုပ်ချင်ရင်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေကို တိုင်ကြားချင်ရင် ရွေးကောက်ပွဲအပြီး ၁၅ရက်အတွင်းမှာ တိုင်ကြားရပါတယ်။ ရွေးကောက်ပွဲဟာ ၈ရက်နေ့မှာ ပြီးခဲ့အခါကျတော့ ၁၅ရက်ပေါင်းလိုက်တဲ့အခါကျတော့ ၂၂ရက်နေ့က နောက်ဆုံးပါ။ နိုဝင်ဘာ ၂၂ရက်နေ့ ည ၆နာရီခွဲမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိမလဲ။

ဖြေ။ ။ ကျွန်တော်တို့က တရားစွဲတယ်ဆိုတာက ရွေးကောက်ပွဲ ယဉ်ကျေးမှုကြီးကို နားလည်လက်ခံနိုင်အောင် တရားထစွဲတာပါ။ တရားစွဲတဲ့ထဲမှာ ဒေါက်တာအောင်သင်းဆိုတာ ကျွန်တော်တို့ ဆရာကြီးပါပဲ။ တိုင်း(၂)က ဦးစိုးသန်းဆိုတာလည်း ကျွန်တော်နဲ့ မိတ်ဆွေပါ။ အမုန်းတရားကြောင့် စွဲခြင်းပြုခြင်းမဟုတ်ပါဘူး။ ရွေးကောက်ပွဲ ယဉ်ကျေးမှု ထွန်းကားလာအောင် ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts