All News Election Local News

ပျော်ဘွယ်တွင် မဲရုံမှူး မူလတန်းကျောင်းအုပ်ဆရာမကို မလျှော်ဩဇာသုံး မဲဆွယ်ဟုဆိုပြီး ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က အမှုဖွင့်

ပျော်ဘွယ်တွင် မဲရုံမှူး မူလတန်းကျောင်းအုပ်ဆရာမကို မလျှော်ဩဇာသုံး မဲဆွယ်ဟုဆိုပြီး ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က အမှုဖွင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ပျော်ကုန်းအုပ်စု မဲရုံအမှတ် ၂ မဲရုံမှူး ပေါက်အင်း (အ.လ.က)ခွဲ မူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မာရီ ကို ကြံ့ခိုင်ရေးမဲရုံကိုယ်စားလှယ် ဦးမြရွှေက ကြိုတင်မဲပေးရာတွင် မလျော်သြဇာသုံးပြီး မဲဆွယ်စည်းရုံးမှုများပြုလုပ်သည်ဟု စွပ်စွဲကာ ရဲစခန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၆၁ (က)ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

ကြံခိုင်ရေးပါတီ၏ မဲရုံကိုယ်စားလှယ်က မဲရုံမှူး မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီကို နိုဝင်ဘာလ ၁ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ အမှုကို တရားရုံးသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အမှုဖွင့် ခံထားရသည့် မဲရုံမှူး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီက “ ကျွန်မကို သူတို့ကြိုတင်မဲ ဆန္ဒမဲပေးတဲ့နေရာမှာ ကျွန်မကိုယူနီဖောင်းဝတ်ပြီးလာတယ်ပေါ့။ ယူနီဖောင်းဝတ်ပြီးတော့ ကျွန်မက မလျှော်သြဇာသုံးပြီးတော့ မဲဆွယ်စည်းရုံးတယ်ပေါ့။ သူတို့တိုင်တာ နောက်ပြီး ကြိုတင်မဲသွားကောက်တဲ့ ရွာထဲကအိမ်တွေကို ကျွန်မကကြိုရောက်နေပြီးတော့ မဲဆွယ်စည်းရုံးပါတယ်ပေါ့။ အဲဒီ USDP မဲရုံကိုယ်စားလှယ်ကနေပြီးတော့ သူကနေတိုင်ထားတာ။ သူတို့အမှု စဖွင့်တာက နိုဝင်ဘာ၁ရက်နေ့က။ ယင်းနော် စခန်းလေ ကျွန်မတို့က ယင်းနော် အပိုင်လေ။ ယင်းနော်စခန်းမှာ အမှုဖွင့်တယ်ပေါ့။ စခန်းဆီကိုသွားပြီ အမှုဖွင့်တယ်။ အမှုဖွင့်တော့လည်း စခန်းမှူးကလည်း ကျွန်မတို့ဒီ ပေါက်အင်းကို လာပြီးတော့ အုပ်ချုပ်ရေးမှူးရုံးမှာ ကျွန်မတို့ကိုခေါ်စစ်တယ်။ နှစ်ဦးနှစ်ဖက် သက်သေတွေရော ကော်မရှင်တွေရော အကုန်လုံးခေါ်စစ်ပြီးပြီ အဲဒီနောက်မှာလည်း ကျွန်မတို့ မြို့နယ် ကော်မရှင်ကလည်း ကျွန်မတို့ကို ခေါ်စစ်တယ်။ မနေ့က ၂၅ရက်နေ့မှာ ပျော်ဘွယ်မြို့နယ် တရားရုံးကိုလွှဲလိုက်တာပေါ့” ဟု ၎င်းကပြောဆိုသည်။

ကျောင်းအုပ်ဆရာမကြီးက ၎င်းအနေဖြင့် ကြိုတင်မဲပေးသည့်နေ့တွင် ကြံ့ခိုင်ရေးပါတီက စွပ်စွဲသကဲသို့ ပြုမူဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ပြန်လည် ရှင်းလင်းပြောဆိုသည်။

“ အဲဒီအိမ်တစ်အိမ်မှ ာသူတို့ ဝင်ပြီးတော့ ကြိုတင်မဲကောက်တယ်ပေါ့။ ကောက်တဲ့အချိန်မှာ ကျွန်မတို့ကလည်း အဲဒီဝိုင်းပေါက်အထိတော့သွား ရပ်ပြီးတော့ ကြည့်တယ်ပေါ့။ ဒါပေမယ့် ဘာမှမမြင်ရပါဘူး။ နားထောင်လို့လည်းမရဘူး။ အဝေးကြီးဆိုတော့ သူတို့က အိမ်ထဲမှာ သူတို့လုပ်တာလေ။ ကျွန်မကျောင်းဝိုင်းဘက်ကို ကျွန်မပြန်လာတယ်။ ပြန်လာပြီး အိမ်သာသွားတယ်။ သူတို့က ဒုတိယတစ်အိမ်ကို ကောက်ပြီးခဲ့ပြီ တတိယတစ်အိမ်ကိုသွားနေပြီပေါ့။ သွားနေတဲ့အချိန်မှာ သူတို့အဖွဲ့ကြီးကို ကျွန်မတို့လှမ်း မြင်တော့ ကျွန်မအိမ်သားကလည်း ဟိုမှာ နောက်တစ်အိမ်ကို သွားတော့မှာထင်တယ်။ လိုက်ကြည့်ရအောင်ဆိုပြီးတော့ ကျွန်မတို့က လိုက်ကြည့်လိုက်တယ်။ သူတို့အဖွဲ့ကြီး ကောက်နေမှ ကျွန်မတို့ကရောက်တာပါ။ နောက်ကနေရောက်ပြီးတော့မှ ကျွန်မတို့ ၂ယောက်က ဘာတစ်ခွန်းမှ ပြောခြင်းဆိုခြင်းမရှိဘူး။ ဒီတိုင်းရပ်ကြည့်ပြီးတော့ နောက်အိမ်တွေလည်းမလိုက်တော့ဘူး။ ကိုယ့်အိမ်ကိုမှာနေတယ်ပေါ့” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီက ရှင်းပြပြောဆိုသည်။

တရားစွဲဆိုခံရသော ကျောင်းအုပ်ဆရာမကြီးက မိမိအနေဖြင့် မည်သည့်ပါတီနှင့်မျှ ပတ်သက်ခြင်းမရှိကြောင်း ၊ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများ အဖွဲ့ချုပ် အနေဖြင့် ပြန်လည် တရားပြန်စွဲရန်ရှိကြောင်း ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts