All News Local News Peace

ပေါင်းတည်တွင် ရခိုင်စစ်ပွဲရပ်စဲရေးနှင့် စစ်တပ်ဆန့် ကျင်ရေးလှုပ်ရှားသည့် ဗကသ ကျောင်းသား ၂ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၁နှစ်ချမှတ်

ပေါင်းတည်တွင် ရခိုင်စစ်ပွဲရပ်စဲရေးနှင့် စစ်တပ်ဆန့် ကျင်ရေးလှုပ်ရှားသည့် ဗကသ ကျောင်းသား ၂ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၁နှစ်ချမှတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း ပေါင်းတည်မြို့တွင် ပြည်တွင်းစစ်ရပ်စဲရေး စတေကာ ကမ်ပိန်း ပြုလုပ်ခဲ့သော ဗကသ ကျောင်းသား ၂ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅ဝ၅ (ခ)ဖြင့် ပေါင်းမြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်၁နှစ်ချမှတ်လိုက်ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင် ကပြောဆိုသည်။

“ မနက် ၉နာရီလောက်ကနေပြီးတော့ ဒီပေါင်းတည်ထောင်ကနေပြီးတော့ အချုပ်ကားနဲ့ ရုံးထုတ်တယ်။ ရုံးထုတ်ပြီးတော့ ၁၅မိနစ်အတွင်းကို ရဲအင်အားအများအပြားသုံးပြီးတော့ မိဘတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရဘဲနဲ့ အချုပ်ကားပေါ်ကနေပဲ အော်သွားတယ်။ ဒီတိုင်းလူလည်း တွေ့ခွင့်မရဘူး။ ရဲအင်အားအများအပြားသုံးပြီးတော့ ၁၅မိနစ်အတွင်း အမိန့်ချသွားတယ်။ ရှေ့နေလည်းမပါဘူး။ ဘယ်သူမှမပါဘူး။ ၉နာရီမှာ ရုံးထုတ်တယ်။ ၉နာရီ ၁၅မိနစ်မှာ ထောင်ထဲပြန်ထည့်လိုက်တယ်။ သူတို့ကို ထောင်ဒဏ် ၁နှစ်ချလိုက်တယ်ဆိုတာ အချုပ်ကားပေါ်က အော်သွားမှပဲ သိရတာပေါ့” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ပြည်တွင်းစစ်ရပ်စဲရေးအတွက် စတေကာ ကမ်ပိန်းပြုလုပ်ခြင်းကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တရားစွဲဆိုခံရသော ကျောင်းသား ၂ဦးမှာ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုကျော်ရဲသူနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ-ဥက္ကဌ ၂ ကိုထက်အောင် တို့ဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ ပေါင်းတည်တင်မကဘူး။ တစ်နိုင်ငံလုံးမှာ မန္တလေးတို့ မုံရွာ၊ မိတ္ထီလာမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေရှိတယ်။ ပြီးတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအပြင်ကို ရှောင်တိမ်းနေရတဲ့ ကျောင်းသားတွေလည်းရှိတယ်ပေါ့။ ပေါင်းတည်မှာ အမိန့်ချလိုက်ပြီဆိုပေမယ့် မိတ္ထီလာတို့ မုံရွာတို့မှာ ရုံးချိန်းကို ခဏခဏ မလိုအပ်ဘဲ ရုံးချိန်းရွေ့နေတာ တွေ့ရတယ်။ မိတ္ထီလာနဲ့ မုံရွာမှာ ဆိုရင် ၂လကြာပြီ လူကိုတွေ့ခွင့်မရဘူး။ ကျောင်းသားကိုလည်း ရုံးမထုတ်ဘူး။ ရုံးချိန်းကိုရွေ့နေတာ ၂လတောင်ကြာသွားပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ရဲဘော်တွေကို စိတ်ပူတယ်။ အဲလိုမျိုးလုပ်နေတာတွေက ရိုးသားမှု ရှိရဲ့လားပေါ့။ အကြောင်းပြချက်မရှိဘဲရွေ့နေတာ ပြီးတော့ ကျွန်တော်တို့ လုပ်နေတာသည် ပြည်တွင်းစစ် ဆန့်ကျင်ရေး လုပ်နေတာဖြစ်တယ်။ မတရားတာလုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ ခိုးပြီးတော့ လုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ ဆိုးသွမ်းတာကို လုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့သည် လူသားချင်းစာနာတဲ့ အတွက် ပြည်တွင်းစစ်ရပ်စဲရေးလုပ်နေတာြဖစ်တယ်။ အဲအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒီလိုပြည်တွင်းစစ်လုပ်နေတာကို အခုလိုဖမ်းဆီးပြီးတော့ ထောင်ချနေတာတွေက ကျွန်တော်တို့အနေနဲ့ တရားမျှတမှုမရှိတဲ့ လုပ်ရပ်လို့ထင်တယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ရဲဘော်တွေအတွက် လုပ်စရာရှိတာတွေလည်း ဆက်လုပ်ရမယ်။ ကျွန်တော်တို့အနေနဲ့ အဓိကအနေနဲ့ အခုလက်ရှိအချိန်မှာ ကျွန်တော်တို့ ရဲဘော်တွေအတွက်ကော စဉ်းစားပြီးတော့ ကျွန်တော်တို့ အကောင်းဆုံးလုပ်ရမှာက အခုချိန်မှာ လက်ရှိ ကျွန်တော်တို့ လုပ်ငန်းစဉ်တွေပေါ့။ ပြည်တွင်း ဆန့်ကျင်ရေး လုပ်ငန်းတွေကို ဆက်ပြီးလုပ်သွားဖို့တော့ ရှိပါတယ်” ဟု ကိုပိုင်ဖြိုးဇင်ကပြောဆိုသည်။

ဗကသကျောင်းသား ၂ ဦးသည် စက်တင်ဘာလ ၁၅ရက်နေ့ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပေါင်းတည်မြို့နယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်လက်ပံတန်း စက်မှုလက်မှု သိပ္ပံကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် စစ်ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှု ပါဝင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts