All News Election interview

“နိုင်ငံရေးစိတ်ဆန္ဒမရှိဘူးဆိုရင် ပြီးခဲ့တဲ့ဝန်ကြီးလိုပဲ အသံတွေ တိတ်ဆိတ်ပြီးတော့ ရန်ကုန်တိုင်းက ဘာအသံမှမထွက်ဘူး။ ရန်ကုန်ရောက် ရခိုင်များရဲ့ နိုင်ငံရေးအရ ရပ်တည်ရမှာဖြစ်သလို ရခိုင်ပြည်နယ် အတွက်လည်း နိုင်ငံရေးအရ အတိုင်းအတာတစ်ခုထိ မီဒီယာမှာကော အစိုးရအဖွဲ့ထဲမှာကော ပြောရမယ့်ဟာတွေ အများကြီးရှိနိုင်ပါတယ်”

“နိုင်ငံရေးစိတ်ဆန္ဒမရှိဘူးဆိုရင် ပြီးခဲ့တဲ့ဝန်ကြီးလိုပဲ အသံတွေ တိတ်ဆိတ်ပြီးတော့ ရန်ကုန်တိုင်းက ဘာအသံမှမထွက်ဘူး။ ရန်ကုန်ရောက် ရခိုင်များရဲ့ နိုင်ငံရေးအရ ရပ်တည်ရမှာဖြစ်သလို ရခိုင်ပြည်နယ် အတွက်လည်း နိုင်ငံရေးအရ အတိုင်းအတာတစ်ခုထိ မီဒီယာမှာကော အစိုးရအဖွဲ့ထဲမှာကော ပြောရမယ့်ဟာတွေ အများကြီးရှိနိုင်ပါတယ်”

ဒေါ်ထုမေ ( ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်လောင်း) နှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းတွင် တစ်သီးပုဂ္ဂလရခိုင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်ထုမေကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ လက်ရှိအချိန်မှာ ဘာအခက်အခဲတွေရှိလဲ။

ဖြေ။ ။ ဝင်ပြိုင်တဲ့နေရာမှာ အခက်အခဲက​တော့ တစ်သီးပုဂ္ဂလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မအနေနဲ့ ပြန်လည်တည်ဆောက်ရတဲ့အခက်အခဲရှိပါတယ်။ ဒါပေမယ့် ကျွန်မ ၅နှစ်တာ လွှတ်တော်မှာ အလုပ်လုပ်ခဲ့တာကို ပြည်သူတွေက အသိအမှတ်ပြုတဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေနဲ့ အလုပ်လုပ်ရတာတော့ ကျွန်မအကုန်လုံး အဆင်ပြေပါတယ်။

ထောက်ခံချက်လည်းများတယ်။ ဒါကြောင့်မို့လို့ ကျွန်မရဲ့ စည်းရုံးမှုတွေကဆိုရင် အလားအလာအများကြီး ကောင်းပါတယ်။ အခက်အခဲက ဘာကြုံရလည်းဆိုရင် ကိုဗစ်ကြောင့် အခက်အခဲအများကြီးကြံုရတယ်။ ပြီးရင်ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ အခက်အခဲကြုံရတယ်။ ဘာကြောင့်လည်းဆိုတော့ ရွေးကောက်ပွဲကော်မရှင်က ပေးတဲ့ မဲစာရင်းတွေဆိုရင် အရမ်းကိုနောက်ကျလွန်းမှာ ရတယ်။ ဒါကြောင့်မို့လို့ ပုံစံ (၉-က)နဲ့ မသွင်းနိုင်လိုက်တဲ့ မဲဆန္ဒရှင်တွေ အများကြီးရှိနေတယ်။

ကျွန်မတို့ကိုမဲပေးချင်တဲ့ စက်ရုံအလုပ်ရုံမှာ အလုပ်လုပ်နေကျတဲ့ အမျိုးသမီးငယ်များဆိုရင် ပထမကတော့ သူတို့ မဲစာရင်းကြည့်ရမှာတို့ သေချာမသိခဲ့ဘူး။ သူတို့တွေမှာ အချိန်တွေမရခဲ့ဘူး။ ကျွန်မပြောပြတဲ့အခါကျရင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ကိုယ့်မဲတစ်ပြားရဲ့ တန်းဖိုးကို ပြောပြတဲ့အခါမှာ သူတို့ထည့်ချင်လာကျတယ်။ အစမှာ ဘယ်သူတွေပါနေမှန်း မသိရတဲ့ အခက် အခဲတွေရှိတယ်။

ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကော်မရှင်နဲ့က ကျွန်မဆီကို ပေးတဲ့အချက်နဲ့က သိပ်ကြန့်ကြာသွားတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့အခက်အခဲကြုံရတယ်။ နောက်တစ်ချက်က သီးတင်ကျွတ်နဲ့ ပတ်သက်လို့ ကျွန်မတို့အခက်အခဲတွေကြုံရတယ်။ ပြီးရင် စည်းရုံးရေးနဲ့ ပတ်သက်လို့ကတော့ တော်တော်ကို အခက်အခဲကြုံရတယ်။ ရပ်ကွက်တွေမှာဆိုရင် ကျွန်မတို့ ကိုဗစ်ကော်မတီက သတ်မှတ်ထားတဲ့ အယောက် ၂ဝထက် စုလို့မရတဲ့ အခြေအနေတွေအများကြီးရှိတယ်။

မနေ့ကဆိုရင် ကျွန်မတို့ တာမွေမြို့နယ်မှာ အင်းဝလမ်းမှာဆိုရင် ကျွန်မ တာမွေမြို့နယ်မှာ တင်ထားတယ်။ ကိုဗစ်ကော်မတီကို ကျွန်မတို့က အခုက စည်းရုံးရေးမှူးတွေ အောင်နိုင်ရေးတွေ ဖွဲ့ရတယ်။ ပြီးရင် မဲရုံအတွက် ကိုယ်စားလှယ်တွေ စုရပါတယ်။ မနေ့က ကျွန်မကနေပြီးတော့ စည်းရုံးရေးနဲ့တကွ မဲရုံကိုယ်စားလှယ်တွေလုပ်မယ်ဆိုပြီးတော့ အင်းဝလမ်းကို သွားတဲ့အခါမှာ အဲမှာ လမ်းမှူးပေါ့။ လမ်းမှူးကနေပြီးတော့ ကျွန်မစာတင်ထားတယ်။ ဒါပေမယ့် ကျွန်မရဲ့ စည်းရုံးရေးမှူးကစာတင်တဲ့အခါမှာ တာမွေမြို့နယ် အင်းဝလမ်း ရပ်ကွက်လွဲသွားတယ်။

သူလည်း တစ်လမ်းတည်းက ရပ်ကွက်ခြင်း မတူတဲ့အခါမှာ သူကဒီရပ်ကွက်လို့ထင်တယ်ဆိုပြီး တော့ ထည့်လိုက်တဲ့အခါကျတော့ ကျွန်မမြို့နယ် ဥက္ကဋ္ဌဆီ ဒီစာတင်တယ်။ မြို့နယ် ဥက္ကဋ္ဌဆီ တင်လိုက်တဲ့စာကနေ ကျွန်မတို့ လမ်းမှာ လာပြီးတော့ ကန့်ကွက်တယ်ပေါ့။ ရပ်ကွက်လွဲသွားလို့ဆိုပြီးတော့ လာပြီးတော့ ကန့်ကွက်တယ်။

ကန့်ကွက်တဲ့အခါ ကျွန်မအတွက်ဆောင်ရွက်ပေးမယ့် ပြည်သူတွေကတော့ ဒါကိုနေပြီးတော့ ဖြန်ဖြေတဲ့ သဘောနဲ့ ပြောပေမယ့် ရဲတိုင်မယ်။ အုပ်ချုပ်ရေးမှူးခေါ်မယ်။ အဲလိုမျိုးနေပြီးတော့ ကျွန်မတို့အခြေအနေကို ခြိမ်းခြောက်တဲ့ပုံစံမျိုး လမ်းမှူးတွေလုပ်တာ ကျွန်မတို့တွေ့ရတယ်။ အဲတော့ ဒါကိုလည်း ကျွန်မတို့စိတ်မကောင်းဖြစ်တယ်။

ဒါကြောင့်မို့လို့ မနေ့ကဆိုရင် ကျွန်မတို့ပြည်သူတွေကို ပြန်လွှတ်လိုက်ရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဖက်က ဆိုရင် ဒါမြို့နယ်မှာ တင်ထားတယ်။ ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း တင်ထားတယ်။ ဒါပေမယ့် လမ်းမှန်တယ်။ မြို့နယ်မှန်တယ်။ ရပ်ကွက်လွဲသွားတယ်။

အဲဒီအပေါ်မှာ လမ်းမှူးကနေပြီးတော့ ရဲစခန်းတိုင်မှာဆိုတာ ခြိမ်းခြောက်သလိုဖြစ်သွားတာပေါ့။ အမှန်တကယ် ဆိုရင် ဒီရပ်ကွက်မှားသွားတဲ့ကိစ္စကို ပြန်လည်ပြီးတော့ ဟုတ်တယ်။ ကျွန်တော်တို့မှားသွားတယ်။ ထပ်တင်ရမယ်ဆိုရင် တင်မယ်ပေါ့။ ဒါပေမယ့် ကျွန်မတို့ ဒီလူ အယောက် ၂ဝစုတဲ့အခါမှာ ဓာတ်ပုံတွေလာရိုက်တယ်။ ပြီးရင် ရဲကိုအကြောင်းကြားမယ်တို့ အဲလိုမျိုး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ကျွန်မတို့ကြုံရတယ်။

ဒါကြောင့်မို့လို့ မနေ့ကတော့ ကျွန်မတို့ အဲပွဲကို ဖျက်လိုက်ရတယ်ပေါ့။ ဒါတွေက တကယ်တမ်းကျရင် ကျွန်မတို့အတွက် အရမ်းကိုအခက်အခဲဖြစ်တယ်။ ကိုဗစ်ကော်မတီက သတ်မှတ်ထားတဲ့ စည်းမျဉ်းကမ်း၊ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းအရ ကျွန်မတို့ဆောင်ရွက်ရတဲ့အခါမှာ အိမ်က ၁ဝပေတို့ ပေ ၂ဝတို့ပဲရှိတယ်။ လူအယောက် ၂ဝလောက်က ၆ပေ အကွာမှာ ကျွန်မတို့ မနေနိုင်ဘူး။

အဲခါကျရင် ကျွန်မတို့ အိမ်ရှေ့ ပရဝန်ကိုထွက်ရတာပေါ့။ အဲခါဆိုရင် လုပ်မယ်ဆိုရင် အိမ်ထဲမှာလုပ် အိမ်ရှေ့ ပရဝန်ကို လုံးဝမထွက်ရဘူး။ ဒီလိုမျိုးပေါ့။ ကျွန်မတို့ကို အုပ်ချုပ်ပိုင်းက အထူးသဖြင့် အဲလမ်းမှူး Level လောက်က ကျွန်မတို့ကို နေပြီးတော့မှ မကူညီတဲ့အပြင် ခြိမ်းခြောက်တာတွေ ကျွန်မတို့ ကြုံရတယ်။

ဒါအင်မတန်မှ ရွေးကောက်ပွဲဆောင်ရွက်တဲ့အခါ တသီးပုဂ္ဂလ ကိုယ်စားလှယ် အနေနဲ့ကော အမျိုးသမီးတစ်ယောက်အနေနဲ့ကော ကြုံရတဲ့အခက်အခဲတွေဖြစ်တယ်။

မေး။ ။ နိုင်ငံရေးပါတီနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်ကနဲ့ အခုတစ်သီး ပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဘာကွာခြားမှုရှိမလဲ။

ဖြေ။ ။ အများကြီး ကွာခြားပါတယ်။ ပါတီတစ်ရပ်အနေနဲ့ သွားတဲ့အခါကျရင် ကိုယ့်ရဲ့အောင်နိုင်ရေးကို စီမံခန့်ခွဲမှုကို ကျွန်မက ဆောင်ရွက်စရာ မလိုဘူး။ မူဝါဒသဘောထားကိုပဲ ကျွန်မကနေပြီးတော့ ပြည်သူကို တင်ပြရတယ်။ ပြီးရင် ကျွန်မတို့ အောင်နိုင်ရေးမှာဆိုရင် ကျွန်မတို့ပြည်သူတွေက ဒီမိုကရေစီသဘောတရားနဲ့ အတိုင်းအတာတစ်ခုထိ ရင်းနှီးမှုအားနည်းသေးတယ်ဆိုတော့ ၂ဝ၁၅ကဆိုရင် ကျွန်မတို့နယ်မှာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ ပြည်နယ်များရဲ့ ပြဌာန်းပိုင်ခွင့် ပြီးရင် ဒီမိုကရေစီများထဲကနေပြီးတော့ အားနည်းချက် အားသာချက် ဒီမိုကရေစီနီုင်ငံဖြစ်ခြင်းဖြစ် နိုင်ငံသားများရဲ့ အခွင့်အရေး တရားဥပဒေစိုးမိုးရေး ဒါတွေကို မူဝါဒပေါ့။

ပြီးရင် ကျွန်မတို့တွေ ဘာကြောင့်နိုင်ငံရေးလုပ်ရတာလည်း ပြီးရင် ပြည်သူတွေက ဘာကြောင့်မဲပေးရမှာလည်း မဲတစ်မဲရဲ့ တန်ဖိုး ကိုယ်ပေးလိုက်တဲ့ မဲတစ်မဲကနေပြီးတော့ ကိုယ်လိုချင်တဲ့အစိုးရကို ဖွဲ့နိုင်တယ်။ အစရှိသဖြင့်ပေါ့။ ကျွန်မတို့နယ်မှာဆိုရင် နိုင်ငံရေးစနစ်တွေကို ပြောဖို့အတွက် ကျွန်မမှာ အချိန်ရှိခဲ့တယ်။

ပြီးရင် တခြားကိုယ်စားလှယ်တွေနဲ့ အတူတကွသွားတဲ့အခါကျရင် တခြားကိုယ်စားလှယ်တွေကလည်း ကိုယ့်အတွက်ပြောပေးလို့ရသလို တခြားကိုယ်စားလှယ်အတွက်လည်း ကိုယ့်ပါတီကို အပြန်အလှန် အမှီသဟဲ ပြုကျတယ်။ ပြီးရင် စီမံခန့်ခွဲတဲ့နေရာမှာ တစ်ယောက်တည်း စီမံခန့်ခွဲ စရာမလိုဘူး။ အကုန်လုံး စီမံခန့်ခွဲတဲ့စနစ်ပေါ့။ Collective Leadership နဲ့သွားလို့ရတယ်။

ဒါပေမယ့် တကယ်တမ်း ဒီမှာ တစ်ယောက်တည်း တစ်သီးပုဂ္ဂလဖြစ်သွားတဲ့အခါကျတော့ကမ်ပိန်းတစ်ခုလုံးကို လုပ်ဆောင်ဖို့အရေးက ဒီ ၅နှစ်တာ အတွေ့အကြုံရှိခဲ့တာကြောင့်ပဲ ဒီလောက်ထိ ရပ်တည်နိုင်တယ်လို့ပဲ ပြောလို့ရမယ်ပေါ့။ ဒါပေမယ့် တစ်ခုလုံးမှာရှိတဲ့ အစအဆုံး ဘယ်လိုလုပ်သွားမယ်။ ဘယ် Human Resources ကိုဘယ်လိုမြှင့်ရမယ်ဆိုတော့ အဲမှာနေပြီးတော့ Capacity ဖြစ်တဲ့ ပုဂ္ဂိုလ်တွေလည်းပါတယ်။ အခုမှရွေးကောက်ပွဲကို စိတ်ဝင်စားပြီးတော့မှ ကျွန်မ Team ထဲကို ဝင်လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ ဒါပေမယ့် ကျွန်မကတော့ စနစ်တကျ ဖြတ်သန်းခဲ့တယ်။

အခက်အခဲကတော့ အဓိကစည်းရုံးလုပ်ငန်းမှာ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ အခက်အခဲတွေရှိတယ်။ ပြီးရင် ကျွန်မတို့ဒီ ခွင့်ပြုချက်မရတဲ့ကိစ္စတွေပေါ့။ အဲတာပါတီကြီးတွေနဲ့ ပြိုင်ရတဲ့အခါမှာ ပါတီကြီးတွေက အရမ်းအသာစီးရတယ်။ သတင်းအချက်အလတ်ကို ကြိုသိထားသလိုမျိုး ကျွန်မတို့ ခန့်မှန်းရတယ်။ တစ်သီးပုဂ္ဂလအနေနဲ့ကျရင် စီမံခန့်ခွဲမှုလည်း ကိုယ်ကစီမံခန့်ခွဲရတယ်။

ကိုယ့်ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးမူကိုလည်း ကိုယ်က ပြောရတယ်။ အတိုင်းအတာ တစ်ခုထက်စာရင် သူများထက်အလုပ်ပိုရတယ်ဆိုတာတော့ သေချာတာပေါ့။ ခါတိုင်းစည်းရုံးရေးအခုပဲလုပ်ရတယ်ဆိုရင် အခုက စီမံခန့်ခွဲတာ မဲရုံကိုယ်စားလှယ်ရှာတာ တစ်ခုလုံးကို mapping လုပ်တာပေါ့။ အဲတာတစ်ခုလုံးကို အလုပ်လုပ်ရတယ်။ ၂ဝ၁၅ တုန်းကထက် အဆပေါင်းများစွာပိုကြိုးစားရတယ်။

မေး။ ။ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား ဝန်ကြီးနေရာကို လက်ရှိအာဏာရပါတီနဲ့ ရခိုင်မှာ အားအကောင်းဆုံးဖြစ်တဲ့ ANP ပါတီအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ဘာကြောင့် များများ ပါဝင်ယှဉ်ပြိုင်ကြတာလဲ။

ဖြေ။ ။ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကျရင် ရေးရာဝန်ကြီးသာဖြစ်တယ်ပေါ့။ လွှတ်တော်ကိုယ်စားလှယ် သပ်သပ်ရယ် မဟုတ်ဘူး။ ရန်ကုန်ရောက် ရခိုင်ပြည်သူတွေကို ကိုယ်စားပြုရတဲ့ ရခိုင်ပြည်နယ် ပြင်ပပေါ့။ ရန်ကုန်ရောက် ရခိုင်ပြည်သူတွေကို ကိုယ်စားပြုရတဲ့ နေရာဖြစ်တယ်။

အဲလိုဖြစ်တဲ့အခါကျတော့ ပြည်မပါတီရဲ့ မဲဆွယ်စည်းရုံးမှုမှာဆိုရင် အနိုင်ရပါတီမို့လို့ အကုန်လုံး လုပ်ပေးနိုင်တယ်ဆိုတဲ့ အရာမျိုးပြောတာတွေရှိတယ်။ တခြားပါတီဆိုရင်လည်း ပါတီမို့လို့ Back Ground တာမျိုး ပြောဆိုတာတွေတွေ့ရတယ်။ တစ်သီးပုဂ္ဂလအနေနဲ့ ကျွန်မတို့ကတော့ ၅နှစ်တာ ပြည်ထောင်စုလွှတ်တော်မှာ အတွေ့အကြုံရှိတဲ့ဟာတွေက ကျွန်မရဲ့အားသာချက်ဖြစ်ပါတယ်။ ကျွန်မနိုင်ငံရေးကို ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်တတ်တာက ကျွန်မရဲ့အားသာချက်ဖြစ်ပါတယ်။ ပြီးရင် ကျွန်မရဲ့ အကျင့်ပျက်ခြစားမှုဟာ လုံးဝမရှိဘူးဆိုတဲ့ ကျွန်မရဲ့ ကမ်ပိန်း ကတိကဝတ်တွေကြောင့်ပဲ ကျွန်မအားသာချက်တွေရှိတယ်။

ကျွန်မအနေနဲ့က ၅နှစ်တာ အတွေ့အကြံုက ဒီအစိုးရကို ထိန်းကြောင်းတာရှိတယ်။ ပြီးရင် ဥပဒေပြုခဲ့တာရှိတယ်။ ပြည်သူကို ကိုယ်စားပြုခဲ့တာရှိတယ်။ ပြီးရင် ကျွန်မရဲ့ တစ်သီးပုဂ္ဂလ ဆိုပေမယ့်လည်း ကျွန်မအနေနဲ့ ၅နှစ်တာ လုပ်ဆောင်ခဲ့တဲ့အခါမှာ အမျိုးသားလွှတ်တော်မှာ ကျွန်မအဆိုအများဆုံးတင်ခဲ့တဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ တကယ်တမ်း ပြည်သူတွေကနေပြီးတော့ ပါတီကြီးဆိုတာထက် ဒီကိုယ်စားလှယ် ဘယ်လောက်လုပ်နိုင်လဲ။ သူ့မှာ ဘာမူဝါဒ ပြတ်ပြတ်သားသားရှိလဲ။

နိုင်ငံရေးအရ ဘယ်လောက်ရိုးသားလဲအပေါ်မှာ ပြည်သူတွေ ချဉ်းကပ်ထားတာ တွေ့ရသေးတာမို့လို့ ကျွန်မရဲ့ အားသာချက်ပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ အတိုင်းအတာ တစ်ခုအားဖြင့်တော့ ပါတီကြီးတွေက အင်အားရှိတယ်။ သူတို့ကျွန်မထက် ငွေလည်းရှိနိုင်တယ်။ လူလည်းရှိနိုင်တယ်။ ဒါပေမယ့် ကျွန်မမှာ ပြည်သူ့အားရှိတယ်။

ပြည်သူတွေက ကျွန်မ ၅နှစ်တာလုပ်ခဲ့တဲ့ အလုပ်တွေကို သူတို့အသိမှတ်ပြုတယ်။ ပြီးရင် ကျွန်မရဲ့ ကိုယ်စားပြုမှုကို လုံးဝသံသယမရှိဘဲနဲ့ ကျွန်မပေါ်မှာ ယုံကြည်တယ်။ ဒါကတော့ ကျွန်မရဲ့ နိုင်ငံရေးအရ အားသာချက်ဖြစ်တယ်။

မေး။ ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာက ပြိုင်ဆိုင်မှုပြင်းထန်နိုင်မလား။

ဖြေ။ ။ ကျွန်မအနေနဲ့ကတော့ ဒီပြီးခဲ့တဲ့ ၂ဝ၁ဝ၊ ၂ဝ၁၅ ထက် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ပိုပြီးတော့ စိတ်ဝင်စားလာတာကိုတွေ့ရတယ်။ အရင်တုန်းက ဒီလောက်မများတဲ့ဟာ အခုက ရခိုင်တွေကိုယ်တိုင်ကိုက တစ်သီးပုဂ္ဂလတွေကော ပါတီကကော ပြီးရင် အနိုင်ရပါတီကော အကုန်လုံး ဒီနေရာကို ဝင်ပြိုင်တဲ့အခြေအနေတွေ့ရတယ်။

ပြည်မပါတီကြီး အနိုင်ရပါတီလည်းပါတယ်။ ရခိုင်ပြည်နယ်မှာ အင်အားကြီးတဲ့ ပူးပေါင်းထားတဲ့အတွက်ကြောင့်မို့လို့ အင်အားကြီးသွားတဲ့ ပါတီလည်းပါတယ်။ တစ်သီးပုဂ္ဂလ ဒီရန်ကုန်မှာနေပြီးတော့ လူမှုအဖွဲ့အစည်းတွေမှာ လုပ်နေကျတဲ့ တစ်သီးပုဂ္ဂလတွေလည်းပါတယ်ဆိုတော့ ပြီးရင် လူငယ်တွေပါလာကျတယ်။

ရခိုင်မှာလည်း ရွေးကောက်ခံနေရာက ၉မြို့နယ်တောင်လျှော့သွားတယ်။ အဲပေါ်မှာ ကျွန်မအနေနဲ့ကတော့ ပြည်သူကို ချပြတယ်။ ပြည်သူတွေကပြောပါတယ်။ ကျွန်မကို ဘာကြောင့် အမျိုးသားလွှတ်တော် ဆက်မပြိုင်တာလဲ။ အမျိုးသားလွှတ်တော်မှာရှိသင့်တယ်။ ရန်ကုန်တိုင်းဆိုတာက လုပ်ပိုင်ခွင့်အရမ်းအားနည်းတယ်။ ရန်ကုန်နေ ရခိုင်လူမျိုးကိုပဲ ကိုယ်စားပြုလို့ရနိုင်တယ်။

ဒါပေမယ့် ကျွန်မကတော့ သူတို့ကိုချပြတယ်။ ဒါကနေပြီးတော့ မဟာဗျူဟာကျတဲ့ ကျွန်မအမြင်ပေါ့။ ပြီးခဲ့တဲ့ ဝန်ကြီးလုပ်ပိုင်ခွင့်နဲ့ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ဟာကို အတိုင်းအတာတစ်ခုလောက်ပဲ ကျွန်မတို့သိတယ်။ ကျွန်မအနေနဲ့ကျရင် ဒီနေရာဟာ ကျွန်မပြည်သူကိုချပြတယ်။ ဘာကြောင့်ဒီနေရာမှာ ဝင်ပြိုင်လဲ။ ဒုတိယရခိုင်ပြည်နယ်လို့ပြောလို့ရအောင် မြန်မာတစ်နိုင်ငံလုံးရဲ့ ဝ ဒသမ ၁ ရာခိုင်နှုန်း ကျွန်မတို့ရခိုင်ပြည်သူတွေရှိတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရှိတယ်။

အတတ်ပညာရှင်တွေရှိတယ်။ ပြီးတော့ လူငယ်တွေအများကြီး ဒီမှာလာပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတယ်။ ဒါကျွန်မတို့နေပြီးတော့ ဒီနေရာရဲ့ အားသာချက် သူတို့အတွက် ဝန်ဆောင်မှု ပေးဖို့ရာ ဒီဝန်ကြီးဌာနဟာ ပြိုင်ပြိုင်ဆိုင်ဆိုင်နဲ့ ပြည်သူအတွက် အားကောင်းမောင်းသန် ဖြစ်ရမယ်ဆိုတဲ့ နိုင်ငံတကာမီဒီယာတွေ သို့မဟုတ် နိုင်ငံတကာ သံရုံးတွေနဲ့တွေ့လို့ရတဲ့ နေရာတွေဖြစ်တယ်။

ရခိုင်ပြည်နယ် အခြေအနေကို အများကြီး ရန်ကုန်တိုင်းကနေပြီးတော့ ဆောင်ရွက်လို့ရတဲ့အရာဖြစ်တယ်။ နောက်တစ်ချက်က ရခိုင်ပြည်နယ်အတွက် တကယ့် ဖက်ဒရယ်တည်ဆောက်ရေးမှာ လိုအပ်မယ့် လူ့စွမ်းအားအရင်းတွေကို ရန်ကုန်ကနေ တည်ဆောက်လို့ရတယ်။ ကျွန်မရဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့အခါကျတော့ ဒီနေရာဟာ ပိုပြီးတော့ စိတ်ဝင်စားစရာပိုကောင်းလာတယ်လို့ ကျွန်မသုံးသပ်တယ်ပေါ့။

တခြားကျွန်မရဲ့ ပြိုင်ဖက်တွေမှာတော့ တခြားမူဝါဒတွေ ထူးထူးခြားခြားတော့ သူတို့ဆီမှာမတွေ့ရဘူး။ ဒါကြောင့်မို့လို့လည်း ဒီနေရာက ခုနပြောသလို ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာတာက ရခိုင်ပြည်နယ်မှာရှိတဲ့ မဲဆန္ဒနယ် လျှော့သွားတာကလည်း တစ်ကြောင်းပါနိုင်သလို ဒီနေရာရဲ့ အရေးပါမှုကို ကျွန်မအနေနဲ့ သုံးသပ်တဲ့အခါကျရင်လည်း ဒီနေရာက စိတ်ဝင်စားစရာ ဖြစ်လာတယ်လို့ သုံးသပ်မိတယ်။

မေး။ ။ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ၂ဝ၁ဝ၊ ၂ဝ၁၅ တုန်းကလည်း တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲခဲ့တာတွေ မြင်တွေ့ရလဲ။

ဖြေ။ ။ ပြည်သူကပိုသိမှာပါ။ ကျွန်မက ရန်ကုန်တိုင်းနဲ့ ၅နှစ်လောက်ကတော့ အတိုင်း အတာတစ်ခုထိ အဆက်အသွယ် အားနည်းခဲ့တယ်။ ဒါပေမယ့် ကျွန်မ ၂ဝ၂ဝ အလယ်ပိုင်းလောက်မှာနေပြီးတော့ ရခိုင်ပြည်သူတွေက ဒီနေရာကို စိတ်ဝင်စားကျတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားဝန်ကြီးတစ်ေယာက်ရဲ့ လုပ်ပိုင်ခွင့်တွေ ပြီးရင် ဘတ်ဂျက်ဘယ်လောက်ရလဲ။

ပြီးရင် ပြည်သူ့ဘတ်ဂျက်ငွေနဲ့ ဆောင်ရွက်တဲ့ ဥပမာအားဖြင့် ရခိုင်သင်္ကြန်တို့ ပြီးရင် ဆရာတော် ဦးဥတ္တမနေ့ အဲလိုမျိုးပေါ့။ သက်ဆိုင်တဲ့ပွဲတွေ မဖြစ်မနေကျင်းပရမယ့် ပွဲတွေနဲ့ ပတ်သက်ပြီးတော့ သိချင်ကျတယ်။ ဘတ်ဂျက် ပွင့်လင်းမြင်သာမှုကိုသိချင်ကျတယ်။ ဒါကိုတော့ ကျွန်မအနေနဲ့ လွှတ်တော်မှာ မေးခဲ့တာပေါ့။ အဲတော့ ဘာတွေ သိသိသာသာတိုးတက်သွားတာရှိလည်းဆိုေတာ့ ကျွန်မတို့ ၂ဝ၁ဝတည်းက ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကို မဲပေးခဲ့တယ်။

အဲတုန်းက ကျွန်မတို့ကို လာမဲဆွယ်တုန်းက ဘာတောင်းဆိုလဲဆိုရင် ရန်ကုန်မှာ ရခိုင်လူငယ်စင်တာ တစ်ခုတည်ဆောက်ပေးပါ။ ကျွန်မတို့ လူငယ်တွေက နေရာမရှိဘူး။ ကျွန်မတို့ရဲ့ အရည်အသွေးကို တိုးတက်အောင်လုပ်ဖို့ နေရာတစ်ခုရှိမှဖြစ်တယ်။ အဆောက်အအုံ တစ်ခုရှိမှဖြစ်မယ်လို့ တောင်းဆိုပေမယ့်လည်း ဒီ၁ဝနှစ်ကြာသွားတဲ့အပေါ်မှာ ဘာမှမတွေ့ရဘူး။ အခြေခံအဆောက်အအုံနဲ့တော့ ကျွန်မတို့မတွေ့ရပါဘူး။

ဒါပေမယ့် ဒီဘတ်ဂျက်ပွင့်လင်းမြင်သာမှုကိုလည်း ကျွန်မတို့ မမြင်ခဲ့ရဘူးပေါ့။ ဒါပေမယ့် ကျွန်မကတော့ လွှတ်တော်မှာ မေးခဲ့တယ်။ ဒါပေမယ့် ကျွန်မထင်ပါတယ်။ အတိုင်းအတာ တစ်ခုထိ ပြီးခဲ့တဲ့ ဝန်ကြီးကလည်း သူ့ရဲ့အကောင်းဆုံး လုပ်ဆောင်ခဲ့တာဖြစ်ပါလိမ့်မယ်လို့တော့ ကျွန်မထင်ပါတယ်။

မေး။ ။ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေက သူတို့ဘာတွေ လိုအပ်တယ်လို့ အဓိကတင်ပြလာတာ ရှိလဲ။

ဖြေ။ ။ သူတို့လိုအပ်နေတာက Legal Protection ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ဥပမာ စက်ရုံကအမျိုးသမီးငယ်တစ်ယောက် ကနေပြီးတော့ စက်ရုံမှာ ခွဲခြားဆက်ဆံတာခံရတာတို့ ပြီးရင် ၁၁ မျဉ်းစောင်းနဲ့ အလုပ်သွားလျောက်ရင် ရခိုင်မို့လို့ အလုပ်မပေးချင်တာမျိုး ပြီးရင် ၁၁ မျဉ်းစောင်း လို့ မှတ်ပုံတင်ကြည့်လိုက်တာနဲ့ အလုပ်ခန့်မယ့်သူက မျက်နှာပျက်သွားတဲ့ဟာမျိုးပေါ့။

သူတို့ကို ခွဲခြားဆက်ဆံတာ သူတို့မကြိုက်ပါဘူးလို့ ဒါတွေကို မားမားမတ်မတ်ရပ်တည်ပေးဖို့ ပြောကြားတာမျိုးတွေရှိတယ်။ ပြီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အားနည်းကျတယ်။ ဒီအလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီးတော့လည်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့အတွက် ကြိုးစားပေးပါ တင်ပြပေးပါလို့ သူတို့တောင်းဆိုတာတွေ့ရတယ်။ ရခိုင်မှာ ရခိုင်အဖွဲ့အစည်းတွေရှိပါတယ်။

ဒီအဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖြစ်ဖို့ကို သူတို့အနေနဲ့ လိုလားတယ်။ Organization Development ကို သူတို့လုပ်စေချင်တယ်။ ဒါမှရခိုင်တစ်ယောက်ချင်းစီက တိုးတက်လာမှာဖြစ်တယ်လို့ သူတို့သုံးသပ်တယ်။ အထူးသဖြင့် ရန်ကုန်မှာ မနေ့ကဆိုကြုံရတယ်။ ကျွန်မကိုယ်တိုင်ကိုက ရန်ကုန်မှာ အသက်၁၆နှစ်လောက်တည်းက ရောက်ပြီးတော့မှ ကျွန်မရန်ကုန်မှာကြီးပြင်းတာ ဒါပေမယ့် ကျွန်မတို့ပတ်ဝန်းကျင်မှာတော့ ဒီလိုမျိုး ကြီးကြီးမားမား ခွဲခြားဆက်ဆံတာ မခံရပေမယ့် တကယ့် စက်ရုံမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေက ပြီးရင် အိမ်ရှင်နဲ့ အိမ်ငှား ခွဲခြားဆက်ဆံတာတွေ ခံရတယ်လို့ သူတို့ပြောပါတယ်။

ဒါတွေကို သူတို့ဝန်ကြီးတစ်ယောက်အနေနဲ့ သူတို့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့ သူတို့ပြောတယ်။ အထူးသဖြင့် ကိုဗစ်မှာဆို ပိုပြီးတော့ သိသာတယ်ပေါ့။ ကိုဗစ်ဖြစ်ခြင်းသည် ရခိုင်က ရန်ကုန်ကိုရောက်လာတဲ့ ပြောင်းရွေ့လာတဲ့သူတွေဆိုရင် အများကြီး ခွဲခြားဆက်ဆံတာကို သူတို့ခံရတယ်။ ခွဲခြားဆက်ဆံတာ ခံရတဲ့အထဲမှာနေပြီးတော့ အိမ်ထပ်မငှားတော့တဲ့ အခြေအနေထိ သူတို့ရင်ဆိုင်ရတယ်။

ဒါကြောင့်မို့လို့ ဒီလိုနိုင်ထက်စီးနင်း ပြောတာတွေရှိတယ်။ အကြည့်တွေရှိတယ်။ ခံရတာတွေရှိတယ်ပေါ့။ အထူးသဖြင့် သူတို့တွေက ဘာတွေပြောကျလည်းဆိုရင် ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စစ်တွေမှာ ကိုဗစ် ၁၉ ဖြစ်ပွားတာနဲ့ပတ်သက်ပြီး ရန်ကုန်ကို လေယာဉ်တွေနဲ့ လာကျတဲ့အခါမှာ ရခိုင်ကဆိုရင် နဂိုနေတဲ့သူတွေတောင်မှ အကြည့်တွေက အရင်တုန်းကနဲ့ မတူဘူးပေါ့။

အဲလိုမျိုးတွေ တွေ့ရတယ်လို့ သူတို့ပြောကျပါတယ်။ သူတို့တွေက ကျွန်မသာ ဝန်ကြီးဖြစ်လာမယ်ဆိုရင် ရန်ကုန်မှာ ရခိုင်တွေက တခြားသောဗမာအပါအဝင် တိုင်းရင်းသားတွေနဲ့ လိုက်လျော ညီထွေနေတတ်တယ်။ Social Harmony ကျွန်မတို့ရှိပြီးသားဖြစ်တယ်ပေါ့။ သူတို့ကိုလည်း Social Harmony ပုံစံမျိုး ဆက်ဆံပေးပါ။ ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ ဒါကို ဝန်ကြီးအနေနဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးရမယ်ဆိုပြီးတော့ သူတို့တွေက အလိုလားဆုံးကတော့ သူတို့ဘယ်နေရာကိုရောက်ရောက် ရခိုင်တိုင်းရင်းသားတွေက အကုန်လုံးနဲ့ သဟဇာတ ဖြစ်ဖြစ် နေတတ်ပါတယ်ဆိုတဲ့ အရာကို လက်ခံစေချင်တယ်ပေါ့။

ခွဲခြားဆက်ဆံမှု မပြုအောင် ဝန်ကြီးအနေနဲ့ ဆောင်ရွက်ပေးပါလို့ တင်ပြတာအများဆုံးတွေ့ရတယ်။ ဒုတိယတစ်ခုကတော့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပါတယ်။

မေး။ ။ ရန်ကုန်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားတွေက ဒီလိုမျိုးခွဲခြားဆက်ဆံနေရတယ်ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အနေအထားမျိုးဖြစ်နေမလား။

ဖြေ။ ။ တကယ်တမ်း ဒါ အကြောင်းအရာတစ်ခုခြင်းနဲ့သွားရမှာဖြစ်ပါတယ်။ အကုန်လုံးကတော့ ဒီလိုမျိုးခံနေရတာမဟုတ်ပေမယ့်လည်း တချို့စက်ရုံတွေမှာ အလုပ်ခန့်မယ့် ပုဂ္ဂိုလ် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေက သူတို့မှတ်ပုံတင်ကြည့်လိုက်တာနဲ့ ၁၁ မျဉ်းစောင်းဆိုရင် မျက်နှာပျက် သွားတာတို့ ဒါတွေရှိခဲ့တယ်လို့ သူ့တို့ဆီက ကျွန်မကိုတင်ပြတာတွေရှိပါတယ်။

ပြီးရင် လူမျိုးအပေါ်မှာ အခြေခံပြီးတော့ အခုအလုပ်လာလျောက်တဲ့ထဲမှာ ဘယ်လူမျိုးတွေပါလဲ။ ဒါတွေကို မေးခြင်းအားဖြင့် ခွဲခြားဆက်ဆံမှုပဲဖြစ်ပါတယ်။ အလုပ်ကိုင်အခွင့်အလမ်းကို ကိုယ်ကခေါ်ပြီဆိုရင် JD နဲ့ပတ်သက်ပြီးတော့ ဒီတစ်ယောက်ဟာ ဘယ်လောက်ထိ ကျွမ်းကျင်လဲ။ သူလုပ်မယ့် အလုပ်ကို ဘယ်လောက်ပိုင်နိုင်လည်းဆိုတာနဲ့ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အခုလက်ရှိကျွန်မတို့ကျင့်သုံးေနတဲ့ ဖွဲ့စည်းပုံဆိုင်ရာမှာကော အခြေခံဥပဒေမှာကော ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံမှု မပြုရဘူးပေါ့။ ဒါတွေပါတယ်။ ဒါကြောင့်မို့လို့ ဒါဟာ အနုနည်းနဲ့ လူ့အခွင့် အရေးချိုးဖောက်သလိုမျိုး ပြည်သူတွေ ခံစားရတယ်။ သူတို့စိတ်ပိုင်းဆိုင်ရာတွေ အရမ်းခံစားရတယ်။ အဲကနေပြီးတော့ အခုကိုဗစ်ကာလမှာဆိုရင် ရခိုင်ဘက်ကတက်လာတဲ့ second wave မတိုင်ခင် ရခိုင်ဖက်ကတက်လာတဲ့ အမျိုးသမီးငယ်တွေဆိုရင် အလုပ်ပြန်မပေးတော့ဘူး။

အလုပ်ပြန်လျှောက်လို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီရခိုင်ပြည်နယ်ဘက်မှာ ကိုဗစ်ပါလာလို့ ဒီလိုမျိုးအရာတွေကြုံရတယ်လို့ သူတို့ရင်ဖွင့်တာတွေကြားရပါတယ်။ ဒါကြောင့်မို့လို့ ဒါကို လူ့အခွင့်အရေးချိုးဖောက်သလားလို့ မေးရင်တော့ ဒီအလုပ်နဲ့ ပတ်သက်ပြီးတော့ ဘာသာရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ မျိုးစုံရှိနိုင်တယ်။

ဒါပေမယ့် အဓိကအနေနဲ့ အလုပ်ရှင်အနေနဲ့ မေးရမှာက ဒီအလုပ်ကို ဒီပုဂ္ဂိုလ် တကယ် လုပ်နိုင်သလား။ မလုပ်နိုင်သလား။ အတွေ့အကြုံရှိသလား။ မရှိဘူးလား။ ဒါနဲ့ပဲမေးရမှာဖြစ်ပါတယ်။ ဒါ မှတ်ပုံတင်နဲ့လည်းမဆိုင်သလို လူမျိုးနဲ့လည်းမဆိုင်သလို ဘာသာနဲ့လည်း မဆိုင်ဘူး။ ဒါကြောင့်မို့လို့ ဒါဟာ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် လူ့အခွင့်အရေးကို အနုနည်းနဲ့ ချိုးဖောက်တယ်လို့ ကျွန်မပြောလို့ရတယ်။

မေး။ ။ ပြည်သူတွေဘက်က အဲလိုတင်ပြတယ်ဆိုတော့ ဘာတွေပြန်ပြီး လုပ်ဆောင်ပေးနိုင်မယ်လို့ ကတိကဝတ်ပေးခဲ့တာရှိလဲ။

ဖြေ။ ။ ကျွန်မအနေနဲ့ကတော့ ကျွန်မတို့ ၂ဝ၁ဝတုန်းတည်းက တောင်းဆိုခဲ့တဲ့ ကဏ္ဍကို ကျွန်မဆောင်ရွက်သွားဖို့ ကတိကဝတ်ပေးပါတယ်။ ကျွန်မက ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာရင် ပထမနှစ်ကစပြီးတော့ ရန်ကုန်မှာနေပြီးတော့ ရခိုင်စင်တာ တစ်ခုပေါ်ပေါက်လာဖို့ပေါ့။ ဒါဆိုရင်ဖြစ်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၅နှစ်တာမှာဆိုရင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ဘာတို့ဆိုရင် မြေနေရာတွေဘာတွေရသွားတဲ့အထိ တိုင်းရင်းသားရဲ့ အခွင့်အရေးတွေကို ပေးခဲ့တာ တွေ့ရတယ်။ ဒါပေမယ့် ကျွန်မတို့ ရခိုင်ဝန်ကြီးကျရင် ဒီအခွင့်အရေးတွေကို လောက်လောက်ငှငှ မရရှိခဲ့တာပေါ့။ ဒီရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ယောက်အနေနဲ့ ရန်ကုန်မှာနေပြီးတော့ ရန်ကုန်တိုင်းရဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ဘတ်ဂျက် ရပိုင်ခွင့်ထဲက ရခိုင်လူငယ်တွေ ပြီးရင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးဖို့ သင်တန်းတွေပေးဖို့ တကယ့် လိုအပ်တဲ့ အခြေခံအဆောက်အအုံ ရရှိဖို့အတွက် မြေနေရာရရှိအောင် ကျွန်မတို့ဆောင်ရွက်သွားမယ့်ဟာကို ကတိကဝတ်ပေးတယ်။

ပြီးရင် ရန်ကုန်နေ ရခိုင်ပြည်သူများရဲ့ အထူးသဖြင့် အလုပ်သမားတွေအတွက် Legal Protection ပေါ့။ တစ်စုံတစ်ရာ သူတို့အနေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မတို့က ဥပဒေအရ အကာအကွယ်ပေးဖို့အတွက် ရန်ကုန်ရောက် ရခိုင်ဥပဒေပညာရှင်များ သူတို့နဲ့ဆက်သွယ်ပြီးတော့ Legal Protection ပေးမယ့် အဖွဲ့အစည်းတစ်ခုဖွဲ့ဖို့ဆိုပြီး ကျွန်မတို့ ကတိကဝတ်ပေးထားတာရှိတယ်။ ဒါလည်း ကျွန်မကိုတောင်းဆိုတာတွေရှိတယ်။

ဒီမှာနေပြီးတော့ ရခိုင်ကနေ ဥပဒေပညာနဲ့ သက်မွေးဝမ်းကြောင်းပြုနေကျတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ကလည်း ဒါတွေကို ကူညီချင်ကျတယ်။ တကယ်တမ်း ဥပဒေအရ အကာအကွယ်အားနည်းတဲ့သူတွေအတွက် ပြီးတော့ သူတို့ရှေ့နေငှားရမ်းတာတွေမတတ်နိုင်ဘူး။ တစ်ခုခုရင်ဆိုင်လာရရင် ကျွန်မတို့ အုပ်ချုပ်ရေးမှူးကို သွားပြီးတော့ တိုင်ရတယ်။

အုပ်ချုပ်ရေးမှူးရဲ့ အဆုံးအဖြတ်ကို သူတို့ခံယူရတယ်။ အုပ်ချုပ်ရေးမှူးရဲ့ အဆုံးအဖြတ်သည် ဘယ်လောက်ထိ မှန်ကန်လည်းဆိုတာ ကျွန်မတို့ ပြည်သူတွေက သိရှိဖို့အတွက် နားလည်ဖို့ရာခက်ခဲတယ်ပေါ့။ ဒါကြောင့်မို့လို့ ပြည်သူတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့ ဥပဒေအထောက်အကူပြုအဖွဲ့ သို့မဟုတ် ဥပဒေအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းသွားဖို့ ကျွန်မအနေနဲ့ ကတိကဝတ်ပြုတယ်။

နောက်တစ်ခုက ပညာရေးနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်ရောက် ရခိုင်လူငယ်များရဲ့ အဆင့်မြင့်ပညာ အခန်းကဏ္ဍကို လက်လှမ်းမှီအောင် ဥပမာအားဖြင့် အဝေးသင်တတ်နေတယ်။ သို့မဟုတ် ပထမဘွဲ့တတ်ပြီးသား လူငယ်တွေအနေနဲ့ Master ဘွဲ့ တတ်ချင်တယ်ဆိုရင် သူတို့နဲ့ ချိန်ဆက်ပြီးရင် ပညာရေးဆိုင်ရာမြှင့်တင်ဖို့ကို သူတို့နဲ့ ကတိကဝတ်ပေးတာတွေရှိပါတယ်။

မေး။ ။ ဒီဝန်ကြီးနေရာက ရခိုင်တိုင်းရင်းသားတွေရဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ဘယ်လိုအခြေအနေတွေ ရရှိလာမယ်လို့ ထင်မြင်မိလဲ။

ဖြေ။ ။ နိုင်ငံရေးအရဆိုရင် ဘာနဲ့ သက်ဆိုင်လည်းဆိုရင် ရန်ကုန်ကနေပြီးတော့ ကျွန်မ စောစောကဆွေးနွေးခဲ့တဲ့အတိုင်းပဲ သံတမန်အားဖြင့် ပြောလို့ရတဲ့နေရာဖြစ်တယ်။ ပညာရေးအားဖြင့် အားကောင်းလို့ရတဲ့နေရာဖြစ်တယ်။ ကိုဗစ်အလွန်မှာ စီးပွားရေး အတိုင်းအတာတစ်ခုထိ ရန်ကုန်ကနေပြီးတော့ ရခိုင်လူမျိုးတွေအတွက် ကျွန်မတို့ဆောင်ကျဉ်းပေးနိုင်မယ့် ကိစ္စတွေရှိလာနိုင်ပါတယ်။

ဒါကနေပြီးတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့် ထဲက လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးအရဆိုရင် ဒီနေရာကို ရရှိမယ့် သူရဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ဆိုင်ပါလိမ့်မယ်။ ကျွန်မအနေနဲ့တော့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အက္ခရာကျတယ်လို့မြင်တယ်။ ဒါပေမယ့် ဒီလိုမျိုး အက္ခရာကျတဲ့ဟာ ဘယ်ပေါ်မှာ မူတည်နိုင်သလဲဆိုရင် ဒီနေရာကို တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်နဲ့ ဆိုင်ပါလိမ့်မယ်။

တကယ်လို့ ဒီနေရာကို တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်က နိုင်ငံရေးစိတ်ဆန္ဒမရှိဘူးဆိုရင် ပြီးခဲ့တဲ့ဝန်ကြီးလိုပဲ အသံတွေ တိတ်ဆိတ်ပြီးတော့ ရန်ကုန်တိုင်းက ဘာအသံမှမထွက်ဘူး။ ရခိုင်တွေအားလုံး အဆင်ပြေနေသလိုပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့လို နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ဒီနေရာမှာ ဝင်ရောက်အရွေးချယ်ခံပြီးတော့ ဝန်ကြီးတစ်ယောက်ဖြစ်လာမယ်ဆိုရင် ကျွန်မသည် ပြည်သူက တိုက်ရိုက်ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုလည်း ဟုတ်တယ်။

ဝန်ကြီးဆိုလည်း ဟုတ်တယ်။ အဲလိုမျိုး အခြေအနေမျိုးမှာ ရန်ကုန်ရောက် ရခိုင်များရဲ့ နိုင်ငံရေးအရ ရပ်တည်ရမှာဖြစ်သလို ရခိုင်ပြည်နယ် အတွက်လည်း နိုင်ငံရေးအရ အတိုင်းအတာတစ်ခုထိ မီဒီယာမှာကော အစိုးရအဖွဲ့ထဲမှာကော ရန်ကုန်အတွက် ကျွန်မတို့ကိုယ်စားပြုပြီးတော့ ပြောရမယ့်ဟာတွေ အများကြီးရှိနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေရာက ပြီးရင် ရန်ကုန်ဆိုတဲ့နေရာက နိုင်ငံရေးသမားတစ်ယောက်အတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်တဲ့နေရာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်နိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးအရ ရခိုင်ပြည်သူလူထုအတွက် ရပ်တည်နိုင်မယ့် အခြေအနေဖြစ်တယ်။ ဒါပေမယ့် တစ်ခုရှိတာက နိုင်ငံရေးစိတ်ဆန္ဒရှိတဲ့ ပုဂ္ဂိုလ် တွေလက်ထဲကို ခုနပြောတဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ရာထူးရောက်သွားမှသာ ဒီလိုမျိုးဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဒီလိုမျိုးမဟုတ်ဘဲနဲ့ ဒီနေရာကို ၅နှစ်တစ်ကြိမ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ပါတီက တာဝန်ပေးလို့ပြိုင်မယ်။ ပါတီမူဝါဒနဲ့ပဲ ပြီးခဲ့တဲ့ ၁ဝနှစ်လို အချိန်တွေကုန်သွားမယ်ဆိုရင် ပြည်သူတွေလည်း ဘာမှအကျိုးရှိမှာမဟုတ်သလို ဒီနေရာလည်းပဲ လုပ်ပိုင်ခွင့်ဘာမှမရှိဘူးလို့ ထင်သွားနိုင်တယ်။

ဒါကြောင့်မို့လို့နေပြီးတော့ မြန်မာနိုင်ငံမှာက ဖွဲ့စည်းပုံအခြေခံဥပဒေကအစ ပြင်ဆင်ဖို့ရာ အများကြီးလိုအပ်တယ်။ အဲလိုပဲ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကလည်း ဒီတိုင်းကြည့်မယ်ဆိုရင် ကျယ်ပြန့်တာတွေမတွေ့ရဘူး။ ဒါပေမယ့် မြန်မာနိုင်ငံအခြေအနေအရ ကျယ်ပြန့်တဲ့ ဥပမာအားဖြင့် သမ္မတရဲ့ လုပ်ပိုင်ခွင့်ကိုတောင်မှ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာ ကျွန်မတို့ ဒါဝေဖန်သုံးသပ်စရာဖြစ်တယ်ပေါ့။

ဒါကြောင့်မို့လို့ ဒီနေရာကို ရရှိမယ့်သူရဲ့ နိုင်ငံရေးစိတ်ဆန္ဒရယ်။ သူ့ရဲ့ဖန်တီးမှုပေါ့။ သူဘယ်လောက်ထိ နိုင်ငံရေးစည်းကို ချဲ့နိုင်လဲ။ သူ့မှာနိုင်ငံရေးစိတ်ဆန္ဒဘယ်လောက်ရှိလဲ။ ဘယ်နေရာတွေမှာ ဘယ်လိုဝင်ပြောမလဲ။ ဥပဒေအရ ဘာတွေကို တိုးတက်အောင်လုပ်မလဲဆိုတာက ဒီနေရာကို ရရှိမယ့် ဝန်ကြီးနဲ့ပိုဆိုင်တယ်လို့ သုံးသပ်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts