Local News Peace political news

တပ်မတော်က ဖမ်းဆီးပြီးနောက် အရိုးနှင့်အဝတ်အစားများသာ တူးဖော်ရရှိသည့် ဦးမောင်သန်းမြင့်နှင့်ဦးကိုဝင်းမောင်ကိစ္စ တိုင်ကြားသော်လည်း ဖမ်းဆီးခဲ့ခြင်းမရှိဟု အကြောင်း ပြန်

တပ်မတော်က ဖမ်းဆီးပြီးနောက် အရိုးနှင့်အဝတ်အစားများသာ တူးဖော်ရရှိသည့် ဦးမောင်သန်းမြင့်နှင့်ဦးကိုဝင်းမောင်ကိစ္စ တိုင်ကြားသော်လည်း ဖမ်းဆီးခဲ့ခြင်းမရှိဟု အကြောင်း ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သင်းပေါင်းချောင်းကျေးရွာမှ ဦးမောင်သန်းမြင့်နှင့် ဦးကိုဝင်းမောင်တို့ကို မြန်မာ့တပ်မတော်က ဖမ်းဆီးပြီးနောက် အရိုးနှင့်အဝတ်အစားများသာ တူးဖော်ရရှိသည့် ကိစ္စ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့သော်လည်း ဖမ်းဆီးခဲ့ခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းပြန်ခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ သင်းပေါင်းချောင်းကျေးရွာမှ ဦးမောင်သန်းမြင့်နှင့် ဦးကိုဝင်းမောင်တို့ကို ၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တပ်မတော်တပ်ရင်း ၃၇၉ က နေအိမ်မှ လာရောက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သတင်းအစအနပျောက်ဆုံးသွားပြီး ဧပြီလဆန်းပိုင်း ကျေးရွာအနီး ကြက်ယက်ဘုရားတောင်ပေါ်တွင် အရိုးနှင့်အဝတ်အစားများသာ ပြန်လည် တူးဖော်ရရှိကြောင်း ဦးမောင်သန်းမြင့်၏ ဇနီးဖြစ်သူ ဒေါ်ငြိမ်းမေ က ပြောဆိုသည်။

“ဦးမောင်သန်းမြင့်နဲ့ ဦးကိုဝင်းမောင်ကို တပ်ဘက်က ဖမ်းသွားတာပါ။ အဲဒါ အရိုးနဲ့အဝတ်အစားကိုလည်း ဧပြီလ ပထမပတ် တပ်ဘက်က စခန်းချခဲ့တဲ့ တောင် ကုန်းပေါ်ကနေ တူးဖော်ရပါတယ်။ အဲဒါ လူ့အခွင့်အရေးကော်မရှင်ကို တိုင်ထားတာ အဲဒီလိုဖမ်းဆီးခဲ့တာမရှိဘူးဆိုပြီး အကြောင်းပြန်ပါတယ်” ဟု ဦးမောင်သန်းမြင့်၏ ဇနီးဖြစ်သူ ဒေါ်ငြိမ်းမေက ပြောဆိုသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းကလည်း ဦးမောင်သန်းမြင့်နှင့် ဦးကိုဝင်းမောင်တို့နှစ်ဦးကို တပ်မတော်ဘက်က ဖမ်းဆီးပြီးမှ အရိုးနှင့်အဝတ်အစား ပြန်လည်တူးဖော်တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ကျန်ရစ်သူမိသားစုဝင်များက အကူအညီတောင်းခံလာ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံတိုင်ကြားသော်လည်း အကြောင်းမထူးဟု ပြောဆိုသည်။

” ကော်မရှင်အကြောင်းပြန်စာထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီလို ဖမ်းဆီးခဲ့ခြင်းမရှိဘူး။ အကြမ်းဖက်နှိမ်နင်းရေး လုပ်တာပဲရှိတယ်ဆိုပြီး အကြောင်းပြန်တယ်။ နောက်ပြီး တပ်မတော်က ဖမ်းဆီးပြီးတော့ အရိုးနဲ့ အဝတ်အစားပဲ တူးဖော်ရတဲယ်။ သူ ၂ ဦးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအနေနဲ့ အစိုးရဘက်က ပေးတယ်ဆိုတဲ့ သေသူတစ်ဦးကို လျှော်ကြေး ၃ သိန်း ဆိုတာမျိုး ရတာလည်းမရှိဘူး” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပဋိပက္ခကာလအတွင်း တပ်မတော်၏ ဖမ်းဆီးမှုကြောင့် ပျောက်ဆုံးခဲ့သော မိသားစုဝင်များရှိပါက တရားဝင်နည်းလမ်းများအတိုင်း အကြောင်းကြားရန် နိုဝင်ဘာလ ၂၇ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ဖမ်းဆီးထားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ခဏခဏပြောသလိုပဲ ကျွန်တော်တို့ကစစ်ဆေးတာ၊ မေးမြန်းတာတွေရှိမယ်၊ ထိန်းသိမ်းတာတွေရှိမယ်။ သို့သော်ကျွန်တော်တို့က တရားစီရင်ရေး ကဏ္ဍအတိုင်းပဲ သွားတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဖမ်းခံရတဲ့သက်သေအထောက်အထားတွေရှိတယ်ဆိုရင်လည်း အဲဒီသက်သေအထောက်အထားတွေနဲ့ ကျွန်တော်တို့ကသက်ဆိုင်ရာတွေကို ပြောပေါ့။ ဒီဖက်ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူးဆိုတာကို တရားဝင်ပြောနိုင်မယ်။ အရင်တုန်းကတော့ တိုက်ပွဲတွေဖြစ်ပွားနေတယ်။ ပဋိပက္ခ တွေဖြစ်ပွားနေတဲ့အချိန်မှာလုပ်ခွင့်မသာဘူး။ ဒီအချိန်မှာတော့ ဒါတွေကိုလုပ်ဆောင်နိုင်ဖို့အတွက် ပိုပြီးလွယ်ကူ လာပါလိမ့်မယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts