Election Local News Peace political news

တပ်ချုပ် ကိုယ်ရေးအရာရှိဟောင်း ဦးလင်းဇော်ထွန်း အပါအဝင် ကြံ့ခိုင်ရေး အနိုင်ရသော မိုင်းဖြတ်တွင် ပြည်သူ့စစ်အဖွဲ့ က မဲဆန္ဒရှင်များကို ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်း၊ မဲမသမာမှုများရှိ၍ SNLD တိုင်ကြားမည်

တပ်ချုပ် ကိုယ်ရေးအရာရှိဟောင်း ဦးလင်းဇော်ထွန်း အပါအဝင် ကြံ့ခိုင်ရေး အနိုင်ရသော မိုင်းဖြတ်တွင် ပြည်သူ့စစ်အဖွဲ့ က မဲဆန္ဒရှင်များကို ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်း၊ မဲမသမာမှုများရှိ၍ SNLD တိုင်ကြားမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း ဦးလင်းဇော်ထွန်းအပါအဝင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သော မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲနေ့ ပြည်သူ့စစ်အဖွဲ့က မဲဆန္ဒရှင်များကို ရွာလုံးကျွတ် ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်းမှုများရှိခဲ့ကြောင်း မိုင်းဖြတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော SNLD ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျဖေ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့ အပါအဝင် ကြိုတင်မဲများ ကောက်ယူရာတွင် မမှန်မကန် လုပ်ဆောင်မှုများကို တွေ့မြင်ရကြောင်း ဦးကျဖေ့က ဆိုသည်။

“တချို့မဲရုံတွေမှာ ကော်မရှင်ဥပဒေနဲ့ တိတိကျကျမှန်မှန်ကန်ကန်ဆောင်ရွက်တာ​ တွေ့ရပါတယ်။ တချို့မဲရုံကျတော့ မဲရုံမှူးကိုယ်တိုင်က ဒါထုပါ၊ ဒါထည့်ပါဆိုပြီး ဆန္ဒပြုခန်းအထိသွားပြီးမှ တစ်ဦးချင်းလိုက်ပါဆောင်ရွက်ပေးနေတာ တွေ့မြင်ရပါတယ်။ နောက်တချို့မဲရုံကျတော့ ဆန္ဒပြုခန်းက လျှို့ဝှက်ဆန္ဒပြုခန်းမဟုတ်ဘဲနဲ့ အများပြည်သူ လူလာတဲ့ဘက်ကို လှည့်ထားတဲ့ပုံစံကြီးဖြစ်နေတယ်။ နောက် မဲဆန္ဒရှင်တွေကို ပြည်သူ့စစ်အဖွဲ့မှ ခေါင်းဆောင်တွေ၊တိုက်စစ်မှုးတွေရှိပါတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့တွေက ကျေးရွာသားတွေကို သူတို့ပါတီကို မဲပေးရမယ်ဆိုပြီး ကားအကြိုအပို့လုပ်ပေးနေတယ်။ တစ်ရွာပြီးတစ်ရွာလေ။ သူတို့က ကြံ့ခိုင်ရေးပေါ့” ဟု ဦးကျဖေ့က ရှင်းပြသည်။

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့ တစ်ခု အခြေ စိုက်လှုပ်ရှားလျက်ရှိသည်။

ကြိုတင်မဲပေးရာတွင် ဝန်ထမ်း၊ သက်ကြီးသူများနှင့် နေမကောင်းသူများကိုသာ ကြိုတင်မဲပေးရမည်ဖြစ်သော်လည်း တပ်မတော်သားမိသားစုတချို့ပင် ကျန်းကျန်းမာမာဖြင့်ပင် ကြိုတင်မဲ့ပေးခဲ့မှုများလည်း ကြုံတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“တပ်မိသားစုကိုလည်း ကြိုတင်မဲပေးတာတွေရှိပါတယ်။ ကြေညာထားတာက ဝန်ထမ်းတွေ
မဟုတ်ရင် ကလေးမီးဖွားရင် ကလေးမီးဖွားတဲ့ အထောက်အထားနဲ့ ပြပြီးမှ မဲထည့်ရမှာလေ။ နေမကောင်းတဲ့အထောက်အထားနဲ့ပြပြီးမှ ကြိုတင်မဲပေးရမှာလေ။ အဲဒီမှာ မပြဘဲနဲ့ ကြိုတင်မဲထည့်တာရှိပါတယ်။ အဲဒီကိစ္စကို မြို့နယ်ကော်မရှင်မှာ ပြန်ခေါ်ပြီး ညှိကြတယ်။ အဲဒီကိစ္စကို”ဟု ဦးကျဖေ့က ဆိုသည်။

မိုင်းဖြတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ တပ်ချုပ်၏ ကိုယ်ရေးအရာရှိဟောင်းလည်းဖြစ် ဗိုလ်မှူးဟောင်းလည်းဖြစ် ဦးလင်းဇော်ထွန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဦးညွန့်ဝင်း က မဲဆန္ဒနယ် အမှတ် ၁ ၏ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ဦးဖရန် စစ်ကိုစ် အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း အနိုင်ရရှိခဲ့သည်။

ဦးကျဖေ့က လတ်တလော ရွေးကောက်ပွဲတွင် မသာမှုများလုပ်ဆောင်သော အထောက်အထားများကို စုဆောင်းလျက်ရှိပြီး SNLD ပါတီနှင့်တိုင်ပင်ကာ ရွေး ကောက်ပွဲကော်မရှင်ထံသို့ မကြာမီ တိုင်ကြားမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts