Features Peace political news

စစ်သားများကို ဘုရားလို ကိုးကွယ်ခိုင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်ခဲ့သော ဦးဝီရသူနှင့် သူ၏ ရုန့်ရင်းကြမ်းတမ်းသော စကားများ

စစ်သားများကို ဘုရားလို ကိုးကွယ်ခိုင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်ခဲ့သော ဦးဝီရသူနှင့် သူ၏ ရုန့်ရင်းကြမ်းတမ်းသော စကားများ

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ၂၀၁၉ ခုနှစ် မေလတွင် အမှုဖွင့်ခံခဲ့ရသော ဦးဝီရသူသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် တစ်နှစ်ကျော်ကြာ ဝရမ်းပြေး ပုန်းအောင်းနေရာမှ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံလိုက်ပြီဖြစ်သည်။

ဦးဝီရသူသည် အဓိကအားဖြင့် အစိုးရနှင့် NLD ပါတီကို ဝေဖန်ရာတွင်လည်း ကောင်း၊ မွတ်စလင်များနှင့်ပတ်သက်၍၊ မြန်မာနိုင်ငံဆိုင်ရာ ပြည်ပ ကိုယ်စား လှယ်များနှင့်ပတ်သက်၍ ဝေဖန်ရာတွင်လည်း ကောင်း ရုန့်ရင်းကြမ်းတမ်းသော စကားများကို မကြာခဏ ဆိုသလို ပြောဆိုခဲ့ပြီး ယင်းပြောဆိုမှုများသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ကြောင့် ဆရာတော်၊ သံဃာတော်များက ပြောဆိုထားကြသည်။

၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့၊ ရန်ကုန်မြို့တော်ခန်းမရှေ့၊ ပန်းခြံ ကားပါကင်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ရေး ထောက်ခံပွဲ အခမ်းအနားတွင် ဦးဝီရသူ၏ ဟောပြောခဲ့မှုများနှင့်ပတ်သက်ပြီး အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က ပုဒ်မ ၁၂၄ (က) နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါ ပုဒ်မ ၁၂၄ (က) အရ ပြစ်မှု ထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင်အတိအလင်း ပြဌာန်းထားသည်။

နိုင်ငံခြားအကြံပေးနှင့်သံတမန်များကို ဆဲဆိုမှု

ဦးဝီရသူသည် ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့ ရန်ကုန်မြို့ဟောပြောပွဲတွင် အစိုးရ၊ လွှတ်တော်ကို အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့ပြီး NLD အစိုးရလက်ထက်တွင် နိုင်ငံခြားအကြံပေး ၉၀ ကျော်ရှိကြောင်း၊ အဆိုပါ နိုင်ငံခြားသား အကြံပေးများကို မသာ၊ မသာမများဟု ခေါ်ဆို သုံးနှုန်းခဲ့သည်။

“နိုင်ငံခြားအကြံပေး ၉၀ ကျော်ရှိနေပြီး တိုင်းပြည်က မွဲပါတယ်ဆိုနေမှ ဒီမသာတွေ မသာမတွေကို ထိုင်ကျွေးနေရသေးတယ်” ဟု ဦးဝီရသူက ၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့ ရန်ကုန်မြို့ ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

ဦးဝီရသူသည် ၂၀၁၅ခုနှစ်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာသံတမန်တစ်ဦးဖြစ်သူ မစ္စယန်ဟေးလီကိုလည်း ဖာသည်မ ဟု ခေါ်ဝေါ် သုံးစွဲခဲ့ဖူးသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုတိုက်ခိုက်ခြင်း

ဦးဝီရသူသည် ၂၀၁၉ ဧပြီလ ၂၉ ရက်နေ့ မြိတ်မြို့တွင် ကျင်းပပြုလုပ်သော အခြေခံဥပဒေ ထောက်ခံပွဲ၊ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သော စကားများကို ပြောဆိုခဲ့သည်။

“မိတ်ကပ်လေး လိမ်းဖို့လောက် တတ်၊ ဖက်ရှင်လေး ဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ လျှောက်သွားဖို့လောက်တတ်။ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒီလောက်သရမ်းနေတဲ့ ဟာကြီးကို သမ္မတ တင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျပ်တို့ နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်”ဟု ဦးဝီရသူက ပြောဆိုခဲ့သည်။

အလွန်ဆိုးဝါးသော စကားလုံးအသုံးအနှုန်းများကို အဆိုပါဟောပြောပွဲတွင်ပင် ဦးဝီရသူက ဆက်လက်ပြောဆိုခဲ့ဖူးသည်။

” ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ။ အနားခေါ်ထားလည်း ပြည်ပကောင်တွေပဲ။ အကြံပေးလည်း ပြည်ပ ကောင်တွေပဲ။ အတူသွားလည်း ပြည်ပ ကောင်တွေပဲ။ အတူအိပ်လည်း …..။အဲဒါကြီးကိုပဲ ကျုပ်တို့ နိုင်ငံသမ္မတဖြစ်မယ်ဆိုရင် အကုန်လုံးခင်ဗျားတို့ ပြည်သူတစ်ရပ်လုံး ကုန်းသာပေးလိုက်ကြပေတော့ ။ သေရောဗျာ။ လွတ်လပ်ရေး ဘာလို့ ယူနေသေးလဲ။ လွတ်လပ် ရေးဆုံးရှုံးတာထက်တောင် ပိုဆုံးရှုံးသွားဦးမယ်။ အေး ဗိုလ်ချုပ်ခမျာ အသက်အသေခံပြီး လွတ်လပ်ရေးယူသွားတယ်။ သူ့သမီးအကြောင်း မသိရှာလို့။ အတိုင်ပင်ခံနဲ့တင် ကျေနပ်တော့.. ဘုရားလက်ထက်ဆိုရင် ခွေးကတက်မှာပဲ နေရမှာ” ဟု ဦးဝီရသူက ပြောဆိုခဲ့ပြန်သည်။

တပ်မတော်သားများကို ဘုရားလို ကိုးကွယ်ခိုင်းခဲ့သူ

လက်ရှိ အာဏာရပါတီနှင့် အစိုးရကို ရုန့်ရင်းကြမ်းတမ်းစွာ အမြဲလိုလို ဝေဖန်လေ့ရှိသော်လည်း ဦးဝီရသူသည် တပ်မတော်ကိုမူ အမြဲလိုလို ကာကွယ်ခဲ့ပြီး ဘုရားကဲ့သို့ ပင် ကိုးကွယ်ခိုင်းခဲ့ဖူးသည်ကို သူ၏ ပြောဆိုမှုများအရ သိရှိရသည်။

၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့ ရန်ကုန်မြို့ ဟောပြောပွဲတွင် လွှတ်တော်တွင်းရှိ စစ်သားများကို ဘုရားကဲ့သို့ ကိုးကွယ်ရန် ပြောဆိုခဲ့သည်။

“ဒီကနေ့ စစ်သားတွေဟာ လွှတ်တော်ထဲဝင်ထိုင်နေရတာဟာ အမုန်းခံပြီး ဝင်ထိုင်နေရတာပါ။ လစာက လွှတ်တော်ကိုယ်စားလှယ် လစာရတာမဟုတ်ဘူး။ စစ်သား လစာပဲရတာ။ စစ်သား လစာစားပြီး တိုင်းပြည်ကို ကာကွယ်စောင့် ရှောက် အမုန်းခံပြီး ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သားတွေကို ခင်ဗျားတို့က ဘုရားလိုတောင် ကိုးကွယ်ရမယ်။ အခုဟာ ရန်သူလို မုန်းတီးနေကြတယ်။ ဒီအလို အဆင်မျိုးကြီးရောက်နေကတည်းက အခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဦးဝီရသူ က ပြောဆိုသည်။

တပ်မတော်ဘက်ကလည်း ဦးဝီရသူကို သံဃာတစ်ပါးအနေဖြင့် ကိုးကွယ်ဆည်း ကပ်သည်ဟု ပြောဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဦးဝီရသူကို ဆွမ်းကပ်ကာ ဦးဝီရသူ သီတင်းသုံးသော မစိုးရိမ်တိုက်သစ်ထံသို့ သိန်းနှစ်ရာကျော်လှူဒါးခဲ့ဖူးသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးတွင် ဆွမ်းဆပ်ကပ်လှူဒါန်းမှု ပြုလုပ်ခဲ့ပြီး ငွေကျပ် ၂၁၀၁၂၀၀ဝိ (သိန်းပေါင်းနှစ်ရာ့တစ်ဆယ်တစ်သောင်းနှစ်ထောင်)ကျပ် လှူဒါန်းခဲ့ကြောင်း ၊ စာအောင်သံဃာ ပူဇော်ပွဲပညာရေး ပဒေသာပင်အဖြစ် သိန်း တစ်ရာ၊ လှူဖွယ်နှင့် ဆွမ်း အတွက် သိန်း တစ်ရာ့တစ်ဆယ်ကျော် လှူဒါန်းခဲ့ဖူးကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူကို ဆွမ်းကပ်မှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် သံဃာတစ်ပါးအဖြစ် ဆွမ်းကပ်ခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆရာတော်ဦးဝီရသူနဲ့ ဆက်ဆံရေးဆိုတာက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဆွမ်းကပ်တယ်ဆိုတာက သံဃာကိုရည်မှန်းပြီးကပ်တာပါ မည်သည့်သံဃာကိုမဆိုကပ်မှာပဲဖြစ်ပါတယ်။ သံဃာတော်များကို ဆွမ်းကပ်တာဖြစ်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်အရှင်အရိယာဝံသဘိဝံသ ကမူ ဦးဝီရသူ၏ ဟောပြောမှုများသည် ဘုရားဟောနှင့်ဆန့်ကျင်ပြီး သာသနာကို ဖျက်ဆီးနေကြောင်း၊ စစ်သားများကို ဘုရားလိုကိုးကွယ်ခြင်းသည် လူသတ်ရသော လူသတ်သမားကို ဘုရားလို ကိုးကွယ်ခိုင်းခြင်းဖြစ် ကြောင်း၊ ဗုဒ္ဓဘာသာ တစ်ရပ်လုံးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း မိန့်ဆိုခဲ့ဖူးသည်။

ယခုအခါဦးဝီရသူကို လူဝတ်လဲ၍ အနောက်ပိုင်းခရိုင်တရားရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရမန်ရယူပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ရုံးချိန်း ပြန်လည် ချိန်းဆိုထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ် တပ်ချုပ်က မစိုးရိမ်တိုက်သစ်တွင် ဆွမ်းကပ်လှူဒါန်းစဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts