Election Local News Peace political news

ကြံ့ခိုင်ရေးပါတီ ဘယ်သူ့အားကိုးရမှန်းမသိဖြစ်နေပြီး ပြောစရာလူမရှိတော့ဘဲ ပါတီအခန်းကဏ္ဍ ဘယ်ရောက်နေမှန်းမသိတော့ဟု ဒုတိယဥက္ကဋ္ဌ ဦးခင်ရီပြော

ကြံ့ခိုင်ရေးပါတီ ဘယ်သူ့အားကိုးရမှန်းမသိဖြစ်နေပြီး ပြောစရာလူမရှိတော့ဘဲ ပါတီအခန်းကဏ္ဍ ဘယ်ရောက်နေမှန်းမသိတော့ဟု ဒုတိယဥက္ကဋ္ဌ ဦးခင်ရီပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လက်ရှိ အခြေအနေတွင် မည်သူကို အားကိုးရမှန်းမသိဖြစ်နေပြီး ရွေးကောက်ပွဲတရားမျှတမှု နည်းပါးနေမှုကို ပြောစရာ လူမရှိတော့ကြောင်း ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ ရန်ကုန်တွင် ကျင်းပ သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းနေမှု၊ မဲမသမာမှုများရှိနေမှုများနှင့်ပတ်သက်၍ ကြံ့ခိုင်ရေးပါတီက တိုင်ကြားမှုများ လုပ်ဆောင်ထားပြီးနိုင်ငံတော်သမ္မတထံသို့လည်း စာအကြိမ်ကြိမ်ပေးပို့ထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် အကြောင်းမပြန်ဘဲ အားကိုးစရာလူမရှိဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ၁၆ ပါတီဖွဲ့ပြီးတော့ ကျနော်တို့မှ စစ်လို့မရဘူးဆိုရင် နိုင်ငံတော်ပိုင်းက စစ်ဆေးရေးအဖွဲ့ ဖွဲ့ပေးပါ။ နိုင်ငံရေးပါတီတွေပါဝင်တဲ့ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးပါ။ ဒါလည်း အကြောင်းမပြန်ဘူး။ ဒီကိစ္စကို နိုင်ငံတော်သမ္မတထံ နိုင်ငံရေးပါတီ ၁၉ ပါတီနဲ့ အိတ်ဖွင့်ပေးစာပေးတယ်။ ကျနော်တို့ ဘာလုပ်ရမှန်းမသိဘူး။ ဘယ်သူ့ကို အားကိုးရမှန်းမသိဘူး။ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ဘယ်ရောက်နေမှန်းမသိဘူး။ နိုင်ငံရေးပါတီဆိုတာ တိုင်းပြည်ထဲမှာ ရှိတဲ့ မဲဆန္ဒရှင်တွေကို ကိုယ်စားပြုတဲ့နေရာ။ ကျနော်တို့ ကိုယ်စားပြုတဲ့နေရာ ဘယ်နေရာကို ရောက်နေမှန်းမသိဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိရွေးကောက်ပွဲသည် တရားမျှတမှု အင်မတန်နည်းပါးသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒါကျနော်တို့ နိုင်ငံ ကျနော်တို့ တိုင်းပြည်၊ ဒီရွေးကောက်ပွဲက ကျနော်တို့နိုင်ငံက လုပ်တဲ့ရွေးကောက်ပွဲ ။ ဒီအစိုးရက ကျနော်တို့အစိုးရ ။ အဲဒါမှ အားမကိုးရရင် ဘယ်သူ့ သွားအားကိုးရမလဲ။ ကျနော်တို့တောင်းဆိုချက်တွေကလဲ တရားဝင် ဥပဒေဘောင်ထဲက တောင်းဆိုချက်တွေပါပဲ။ ဘယ်သူ့သွားပြောရမလဲ။ ပြောစရာလူမရှိတော့ဘူးလေ။ ဒါတွေဟာတရားမျှတမှု အင်မတန်းနည်းပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမှု ပေါင်း ၁၀၄၂ မှု တိုင်ကြားထားကြောင်း သိရှိရသည်။

၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲပေးမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲစခန်းသို့ အမှုပေါင်း ၁၂၆မှုတိုင်ကြားထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC သို့ အမှုပေါင်း ၁ဝ၄၂ မှုတိုင်ကြားထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ဆိုသည်။

“ မဲပေးတဲ့နေ့ရောက်လာတော့ ကြိုတင်မဲမှာကိုက စပြီးတော့ ပြဿနာရှိတယ်။ ဒါအားလုံးသိပါတယ်။ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲဆောင်ရွက်မှုတွေ စိစစ်မှုတွေ ဒါတွေ ကျွန်တော်တို့မသိရဘူး။ နောက် ညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးတွေထွက်တယ်။ အောက်ခြေမှာ ကျွန်တော်တို့ ဘာလုပ်လို့ ဘာလုပ်ရမှန်းကိုမသိဘူး။ နောက်ဆုံးမှာ ဆောင်ရွက်ချက်တစ်ခုပေါ်တိုင်း ဒီဆောင်ရွက်ချက်အပေါ် အတည်ပြုတဲ့ အမိန့်မျိုးတွေ ထွက်လာတဲ့အခါကျတော့ ကြိုတင်မဲအပိုင်းနဲ့ ပတ်သက်ပြီးတော့ အတော့်ကို ဖရိုဖရဲ ကို့ရို့ကားယား နိုင်တယ်လို့ ကျွန်တော်ဒီလိုပြောချင်ပါတယ်။ နောင်တစ်ကယ် မဲပေးတဲ့နေ့ ၈ရက်နေ့ အဲဒီကျတော့ကော သေဆုံးပြီးသားလူတွေ နာမည်နဲ့ပေးသွားတာရှိတယ်။ ၂ခါပေးတာရှိတယ်။ နောက်မှာ ဘုတ်တွေမှာရှိပါတယ်။ နောက်ပြီးတော့ကျွန်တော်တို့ ဒေသခံတွေကိုယ်တိုင် မမြင်ဘူးတဲ့သူတွေ ဒါတွေလာပြီးတော့ ပေးတာတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ဒါတွေနဲ့ပတ်သက်ပြီးတော့ ရဲစခန်းကို အမှုဖွင့်ထားတာ ကျွန်တော်တို့ ပါတီ တစ်ခုတည်းကပဲ ရဲစခန်းကို အမှုဖွင့်ထားတာ ၁၂၆မှုရှိတယ်။ UEC ကိုတိုင်တားတာက ကျွန်တော်တို့ ၁ဝ၄၂ခုရှိတယ်” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူ မည်မျှရှိသည်ကို ၎င်းတို့မသိရှိရကြောင်း ဦးခင်ရီက ဆက် လက်ပြောဆိုသည်။

“ မဲပေးတဲ့ ကဏ္ဍ ဒါကိုကြည့်မယ်ဆိုရင် ၂ပိုင်းကြည့်ရမှာပေါ့။ ကြိုတင်မဲကာလ အဲတော့ ကျွန်တော်တို့မှာ မဲပေးတဲ့ ဘယ်လောက်ရှိတယ်ဆိုတာ အင်အား မသိဘူး။ ကျွန်တော်တို့ကို မပေးဘူး။ ပထမအကြိမ်မဲစာရင်းထုတ်တယ်။ ကျွန်တော်တို့တောင်းတယ်မပေးဘူး။ ဒုတိယအကြိမ်မဲစာရင်းထုတ်တယ်။ ပထမအကြိမ်တုန်းက မပါဘူးထင်တဲ့သူတွေ ကျွန်တော်တို့ ထပ်တိုးစာရင်းတွေ ထပ်တိုးတယ်။ အဲတာတွေ ပါတယ်မပါဘူး။ ကျွန်တော်တို့ စစ်ဆေးခွင့်မရဘူး။ ဒုတိယအကြိမ် မဲစာရင်းထုတ်တော့လည်း စုံစုံလင်လင်မရှိဘူး။ ကိုယ့်နာမည်ပဲ ကိုယ်ကြည့်ရတယ်။ ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ အဲတော့ မဲဘယ်လောက်ပေးမှန်းမသိဘူး။ လူတွေ ဘယ်လောက်ထပ်တိုးမှန်းမသိဘူး။ ဒီနေရာမှာ မဆိုင်တဲ့သူတွေပါနေသလား။ သေဆုံးတဲ့သူတွေ ပါနေသလား။ ဒါတွေ ကျွန်တော်တို့စစ်လို့မရဘူး” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ USDPပါတီ ဝန်းရံသူများ၊ USDP၏ မိတ်ဖက်ပါတီများနှင့် ဝန်ကြီးဟောင်းများ တက်ရောက်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts