All News Election Local News

ကြံ့ခိုင်ရေးပါတီ၏ မင်းကင်းမြို့နယ် အမတ် ဦးမောင်မြင့်ကို ဘာသာရေး၊ လူမျိုးရေး အကြောင်းပြ မဲဆွယ်စည်းရုံးမှုဖြင့် NLD က အမှုဖွင့်

ကြံ့ခိုင်ရေးပါတီ၏ မင်းကင်းမြို့နယ် အမတ် ဦးမောင်မြင့်ကို ဘာသာရေး၊ လူမျိုးရေး အကြောင်းပြ မဲဆွယ်စည်းရုံးမှုဖြင့် NLD က အမှုဖွင့်

By – မျက်မှောက်ခေတ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကို မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဉပဒေအထောက်အကူပြုအဖွဲ့က တရားလိုပြုလုပ်ကာ မင်းကင်းမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သိရှိရသည်။

ဦးမောင်မြင့်သည် ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း မင်းကင်းမြို့နယ်အတွင်း ကျွန်းတော်ကျေးရွာနှင့် ဉယျာဉ်မကျေးရွာတွင် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြပြီး မဲဆွယ်ခဲ့သဖြင့် ယခုကဲ့သို့ အမှုဖွင့် လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲဉပဒေအရ အမှုဖွင့်တာပါ။ ကျေးရွာနှစ်ရွာမှာ ဟောပြောတာက လူမျိုးရေးကို အကြောင်းပြုပြီး မဲဆွယ်တာ ပေါ်ပေါက်တယ်။ အဲဒါကြောင့်မို့ သူကျူးလွန်တဲ့ ပြစ်မှုအရ ထင်ရှားတဲ့ သက်သေ၊ ခိုင်လုံတဲ့ သက်သေတွေနဲ့ ၂ မှုဖွင့်တာပါ။ ရဲစခန်းက အမှုကို လက်ခံပြီး သူတို့လုပ်စရာရှိတာ လုပ်နေပါတယ်။”ဟု မင်းကင်းမြို့နယ် NLD ဥပဒေအထောက်အကူပြုကော်မတီဉက္ကဌ ဦးကျော်မင်းထွဋ်က ပြောသည်။

မင်းကင်းမြို့မရဲစခန်းက အမှုကို လက်ခံပြီး ကျွန်းတော်အရှေ့ရွာဖြစ်စဉ်အတွက် (ပ)၂၃၂/၂၀၂၀၊ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) ၊ ဉယျာဉ်မကျေးရွာဖြစ်စဉ်အတွက် (ပ)၂၃၃/၂၀၂၀၊ ရွေးကောက်ပွဲဉပဒေပုဒ်မ ၅၈ (ဂ) တို့ဖြင့် ရဲတပ်ဖွဲ့ ကလုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရှိရသည်။

“အမှုကိုတော့ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အခုမှ စ စစ်မလို့ ရှိပါသေးတယ်။”ဟု မင်းကင်းမြို့မရဲတပ်ဖွဲ့စခန်း စခန်းမှုး ဒုရဲမှုးဇော်မိုးကျော်က ပြောသည်။

ဦးမောင်မြင့် ဟောပြောသည့် ဗီဒီယိုမှတ်တမ်းဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့ ကျွန်းတော်အရှေ့ကျေးရွာတွင် ဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က ဘာရယ်မဟုတ်ဘူး။ သွားပြီး နားထောင်စပ်စုတာပေါ့။ အဲဒါကနေ ဖုန်းနဲ့ ဗွီဒီယိုရိုက်ခဲ့တာ။ လာရောက်နားထောင်သူက ၃၀ ဝန်းကျင်တော့ ရှိမယ်။ အစက ခြံစည်းရိုးအပြင်ကနေ နားထောင်ပြီး ရိုက်နေတာ။ နောက်တော့ တစ်ယောက်က အထဲဝင်ရိုက်ဖို့ပြောတော့ သွားရိုက်တယ်။ အဲဒီအချိန်မှာပဲ ဦးမောင်မြင့်က သူ့ဟောပြောမှုကို ဗွီဒီယိုရိုက်တာ ခွင့်မပြုဘူး။ ရိုက်ရင်တရားစွဲမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ထွက်လာခဲ့တယ်။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးထွန်းဝင်းနိုင်က ပြောပါတယ်။

ဦးမောင်မြင့်က ဟောပြောရာတွင် “သူတို့ပါတီအနေနဲ့ ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမှာ ကုလား ၃ ယောက်ထည့်ခဲ့တာမှားတယ်။ အဲဒီတုန်းက ပြစ်တင်ဝေဖန်ခဲ့တဲ့ပါတီက အခု ကုလား ၄၂ ယောက်ထည့်တယ်။ ပြည်သူတွေ သိကြရဲ့လား။ မိဘပြည်သူတွေ ဘယ်ပါတီဘက်က ရပ်မလဲ။”ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ ဉယျာဉ်မကျေးရွာတွင်မူ ဦးမောင်မြင့်က လူမျိုးရေးအကြောင်းပြ မဲဆွယ်ဟောပြောခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၂၀ ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်တွင် NLD ပါတီက အမတ်နေရာအားလုံး အနိုင်ရရှိထားသည်။

(မိတ်ဖက် မျက်မှောက်ခေတ်သတင်းဌာန၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts