All News Education Health interview

ကိုဗစ်ဒုတိယလှိုင်းမှာ အခြေခံပညာကျောင်းတွေ ပိတ်ထားရမှု စာသင်နှစ်တစ်နှစ် အောက်ရတော့မလား

ကိုဗစ်ဒုတိယလှိုင်းမှာ အခြေခံပညာကျောင်းတွေ ပိတ်ထားရမှု စာသင်နှစ်တစ်နှစ် အောက်ရတော့မလား

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းစတင်ရိုက်ခတ်သည့် ဩဂုတ်လ ၁၆ ရက်နေ့မှစတင်ပြီး အခြေခံပညာကျောင်းများ ရပ်နားလိုက်ပြီး ယခုအချိန်အထိလည်း ကိုဗစ်လူနာ အရေအတွက်မှာ နေ့စဉ် တစ်ထောင်ကျော် ပတ်ဝန်းကျင်တွင် ကူးစက်ခံနေရသည်။ လက်ရှိတွင် ကိုဗစ်လူနာ ၇၀၁၆၁ ဦး နှင့်သေဆုံး ၁၅၉၉ ဦးရှိနေပြီဖြစ်ရာ အခြေခံပညာကျောင်းများ ပိတ်ထားမှုနှင့် မိဘ၊ ကျောင်းဆရာများ၏ စိုးရိမ်မှုများကို မေးမြန်း ဖော်ပြလိုက်ပါသည်။

ဦးဝင်းနိုင်
ကျောင်းသားမိဘတစ်ဦး

ကျွန်တော်တို့ အကြံဉာဏ်ကတော့ ကျောင်းသားမိဘအနေနဲ့ကတော့ဗျာ။ ဒီနှစ်အနေနဲ့ ပိတ်လိုက်ရင်ပိုပြီးတော့ အဆင်ပြေမယ်လို့တော့ ကျွန်တော်တို့က ထင်တယ်လေ။ ဘာလို့တုန်းဆိုတော့ ပညာသင်တာ ဒီလောက် အလောတကြီး ကသုတ်ကရိုက်ဆိုရင်လည်း ကလေးတွေအခြေခံတွေမလွယ်လောက်ဘူး ထင်တယ်။

ပြီးပြီးရော ဖြစ်သွားမလားပေါ့။ ကျွန်တော်တို့က စိုးရိမ်တာလေ။ အခုဆိုပဲ ကျောင်းက ကျွန်တော်တို့ ဒီဇင်ဘာထဲကို ရောက်တော့မှာဆိုတော့လေ။ အချိန်သိပ်မရှိဘူး။ အထက် က အမိန့်ရှိသလိုပေါ့ နွေပါဆက်သင့်မယ်တို့ဘာတို့ ဆိုတာလည်း သူတို့ပြောတော့သာ တကယ်လုပ်တာက ကျွန်တော်တို့ အောက်ကလုပ်ရတာကိုနော် ကျွန်တော်တို့ ကျောင်းသားမိဘတစ်ယောက်အနေနဲ့ကေတာ့ ဒီနှစ်ကတော့ ကျွန်တော်တို့ကတော့ နားလိုက်ရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်လို့တော့ ကျွန်တော်တို့က ဒီလိုပဲထင်တယ်လေ။

နောက်တစ်ချက်က အကြံအဉာဏ်ပေးချင်တာ ကျွန်တော်တို့ ဒီနှစ်နားတဲ့ကျောင်းသားတွေကို ဟို ၁၀တန်း ၁၁တန်းဘာညာပြီးတဲ့ အသက်အရွယ်ကျတော့ ဒီနှစ်ကြုံတဲ့သူတွေကျတော့ ဥပမာ ဗိုလ်လောင်းက ၁၈နှစ်ပေါ့ ဟို အတန်းပြီးသွားရင် ၁၈နှစ်ဆိုလို့ရှိရင် ဥပမာ ဒီနှစ် ကြုံတဲ့သူတွေကျတော့ ၁၉နှစ်လျော့ပေးပေါ့။ အဲဒီလိုလေး ကိုယ့်ဟာကိုယ့် စဉ်စားကြည့်တာပေါ့လေ။

အထူးအထွေကြီးတော့ ဘာမှမဖြစ်လောက်ဘူးလို့ထင်တာပဲ ဘာဖြစ်လိုလည်းဆိုတော့ ဟိုအရင်တုန်းကတော့ နှစ်နှစ်တွေ သုံးနှစ်တွေ နားပြီး ဒီလိုပဲ ဖြတ်သန်းခဲ့ကြတာလေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၈၈တုန်းက ဒီလိုပဲ နားခဲ့ကြတာ ကျွန်တော်မမှီတဲ့ ဟိုးအရင်တုန်းကလည်း ဒီလိုပဲ တစ်နှစ် နှစ်နှစ် အခြေအနေအရ နားခဲ့ကြတာလေ။

အဲဒီ နားတဲ့အတွက်ကို ဘာဖြစ်လဲဆိုတော့ သိပ်ထူးထူးထွေထွေ ဘာမှမဖြစ်ပါဘူး။ ဟို အရမ်း ကာလွန်ကြီးလုပ်လိုက်ရင်သာ ကလေးတွေ ဟိုမနိုင် ဒီမနိုင်နဲ့ အဲဒါဖြစ်မှာပဲ အရင်လည်း နားခဲ့ဖူးတာပဲ အခုပဲ နှစ်ပဲ တစ်ဝက်ကျိုးနေပြီဆိုတော့ ဒီရောဂါကလည်း လူထူရင် ဘာမှန်းမသိသေးဘူး။ ဘာမှပြောလို့မရသေးတဲ့ အခြေအနေဖြစ်နေတယ်လေ။

အရင်တွေလည်းနားခဲ့တာပဲ နားပြီးတော့ အခုကျမှ မနိုင်တနိုင်ကြီးနဲ့ ရုန်းကန်ရမယ်ဆိုရင် Course တွေလည်းမကုန် ကျွန်တော်တို့ကလေးတွေ နဂိုတည်းက အခြေခံက မကောင်း Lesson (1) ဒီအခန်းလေး ကျက်ပြီး ဒီလိုကတော့ ဖြစ်တော့ဖြစ်တာပေါ့ဗျာ။

ဖြစ်ပေမယ့် ကျွန်တော်တို့ သားသမီးအတွက်ကျတော့ အရမ်းအခြေခံမကောင်းရင် အရမ်းကြီးဆိုးမယ်လို့ ကျွန်တော်က ထင်တယ်လေ။စာမေးပွဲတော့ဖြေလို့ရမယ်လေ။ ဒါကတော့ ဆရာနဲ့ တပည့် အပေါ်မူတည်တာပဲ ကျွန်တော်တို့လည်း ဖြေခဲ့ရတာပဲ Lesson 1 နံပါတ်(၁)ကို တွက်ထားဟေ့ နံပါတ်(၃)တွက်ထားဟေ့ သုံးပုဒ် တစ်ပုဒ်တော့ဘာတို့ ကျွန်တော်တို့ ကြုံခဲ့တာပဲဗျာ။

အဲဒီလို Bynameတွေ ပေးတဲ့အခါကျတော့ ကလေးတွေကစာမကျက် စာမကျက်တော့ ကျွန်တော်တို့က အစအခြေခံတွေ မကောင်းခဲ့ဘူးလေ။ အဲဒီလိုဖြစ်မှာစိုးလို့ မနိုင်တနိုင်ဆိုရင်တော့ မဖွင့်တာက ပိုပြီးတော့ ကောင်းမယ်လို့ ကျောင်းသားမိဘတစ်ယောက်အနေနဲ့ အဲဒီလိုပါ။

ဒေါ်စန္ဒာဝင်း
ကျောင်းသားမိဘတစ်ဦး

လမှမကျန်တော့တာ အခုထဲက ခါတိုင်းဆိုရင် တစ်လပိုင်းလောက်မှ အသဲအသန်လုပ်ပြီး နှစ်လပိုင်းဆိုရင် ဖြေနေရတာဆိုတော့ အခုဟာက စာသင်ချိန်လည်းမရှိတော့ဘူးဆိုတော့ ဒီနှစ်က အောက်သွားပြီလို့ထင်ပါတယ်နော်။

အဲဒါကျတော့ ကလေးတွေ အသက်တစ်နှစ်ကြီးသွားတာပေါ့။ ကြီးသွားတယ်ဆိုတော့ ကိုယ့်မှာဝင်ခွင့်တွေ တက္ကသိုလ်ဝင်ခွင့်တွေ ဘာတွေ အကုန်ပြောင်းရတော့မှာပေါ့နော်။ ဥပမာ စစ်ဗိုလ်သင်တန်းလျှောက်မယ်ဆိုရင်လည်း အသက်ကန့်သတ်ချက် တစ်နှစ် ပြန်လျှော့ရမှာပေါ့ အဲဒီလိုမျိုးတွေ ဖြစ်ကုန်မှာပေါ့။ ဘာပဲဖြစ်ဖြစ်လေ ဘယ်တက္ကသိုလ်ပဲဝင်ဝင် အသက်နဲ့ ကန့်သတ်ထားတာတွေ အကုန်လုံးသည် တစ်နှစ်စီ ပြန်ပြင်ဆင်ရတော့မယ်ထင်တယ်နော်။

ဒေါ်သန်းသန်းဆင့်
ကျောင်းသားမိဘတစ်ဦး

ဘယ်လိုပြောမလဲဆိုတော့ တကယ်တော့ ကျန်းမာရေးက အဓိကပဲလေ။ ကျန်းမာရေးအဓိက ဖြစ်နေတဲ့ ကာလမှာ အခု ရောဂါပိုးကြီးကလည်း ပြောမယ်ဆိုရင် လူတွေကို ထိန့်လန့် စေတယ်။နောက် တစ်ဦးတစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူး မိသားစုမှာ တစ်ဦးတစ်ယောက်ဖြစ်ရင်လည်း အကုန်လုံးကူးစက်တာဖြစ်တဲ့အတွက် ကလေးတွေကို အခုလိုမျိုး ကျောင်းပိတ်ထားတယ်ဆိုတာ အဆင်ပြေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအခြေအနေမျိုးဆိုတာက အခုမှမဟုတ်ဘူး အစ်မတို့ ငယ်ငယ်တုန်းကဆိုလည်း ကြုံခဲ့ဖူးတာပဲလေ။ ဟုတ်တယ်မို့လား။ ကြုံခဲ့ဖူးတယ် ကြုံခဲ့ဖူးတယ်ဆိုတာ ကျန်းမာရေးနဲ့ မဟုတ်ဘူး။ ၈၈အရေးအခင်းတုန်းကဆိုလည်း အစ်မတို့ ကျောင်းတစ်နှစ်အောက်ခဲ့ရတာပဲလေ။ ဒါပေမယ့် သူ့ဟာနဲ့ သူအဆင်ပြေတာပဲ ဒါပေမယ့် ဒီတစ်နှစ်ကလေး အခုဆိုတော့ ပိုဆိုးတာပေါ့နော်။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့အတွက် ဒီတစ်နှစ်လေးအောက်လိုက်ရလို့ ကျောင်းသားတွေအတွက် ဘာပဲပြောပြော ဘဝပျက်သွားတာတို့ ဒါမျိုးတွေလည်း ဖြစ်သွားတာမဟုတ်ဘူးလေ။ မဖြစ်ဘူးပေါ့နော်။ မဖြစ်တဲ့အတွက်ကို ဒီကျန်းမာရေးကိုပဲ အဓိက ထားရမှာ ဒီလိုစာသင်နေရင်းနဲ့ ကျန်းမာရေးမကောင်းဘူးဆိုရင်လည်း ဒီကလေးတွေအတွက်က အဆင်မပြေနိုင်ဘူးလေ။ အဲဒီတော့ အခုလိုမျိုးတစ်နှစ်အောက်လိုက်ခြင်းအားဖြင့်တော့ ကောင်းတယ်လို့ အစ်မကတော့ ယူဆပါတယ်။

အိမ်မှာနေရင်းနဲ့ ဘာပဲပြောပြော Onlineတွေဘာတွေ သင်တန်းတွေ အဲဒီလိုမျိုးတွေဆိုတော့ ကလေးတွေမှာ ဗဟုသုတ အိမ်နေရင်းဗဟုသုတတွေ တိုးလာတယ်ပေါ့နော်။ ဗဟုသုတလေးတွေ တိုးလာတယ် သူတို့လေ့လာပုံလေးဖို့လေးတွေရတယ်။ ဘာပဲပြောပြောလေ တစ်နှစ်ပတ်လုံး အခု မူကြို မှုလတန်းကလေးတွေကို မပြောလိုပေမယ့်အလယ်တန်းအထက်တန်းဆိုတဲ့ကလေးတွေမှာ တစ်နှစ်ပတ်လုံး အခု နှစ်စဉ်နှစ်တိုင်းစာနဲ့ အိမ်နဲ့ကျောင်းနဲ့ စာနဲ့ပဲလုံးပန်းနေရတဲ့အချိန်မှာ အခုလိုကျတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး အိမ်မှာ Stay Homeလိုက်ခြင်းအားဖြင့် ဘယ်လိုပြောမလည်းကလေးအတွက် အခွင့်အရေးတွေလည်းရသွားတာပေါ့နော်။

မိဘတွေနဲ့လည်း တချို့ကလေးတွေဆိုရင် မိဘနဲ့အတူ မနေရတဲ့ကလေးတွေဆိုလည်း မိဘနဲ့ အတူတူနေရတဲ့အတွက် ကလေးတွေရဲ့ စိတ်ကလေးတွေလည်းပျော်ရွင်လာတယ်ပေါ့နော်။ နောက်ပြီးတော့လည်း ဘယ်လိုပြောမလဲ မိသားစုနဲ့လည်းအတူတူနေရသလို လေ့လာခွင့်လည်း သူတို့မှာ အခွင့်အရေးလေးတွေ ရသွားတာပေါ့။ ကျောင်းသာ ဆက်တက်နေမယ်ဆိုရင် သူတို့ရဲ့ ဒီအခွင့်အရေးလေးတွေက သူတို့လည်းမပေးနိုင်သလို သူတို့လည်းယူဖို့ အဆင်မပြေဘူးလေ။ အခုလိုကျတော့ အဆင်ပြေတယ်လို့ အစ်မကတော့ယူဆတယ်။

ဒေါ်ခင်မြင့်ရီ
ကျောင်းသားမိဘတစ်ဦး

ဒီအခြေအနေနဲ့ ဒီအချိန်မှ ပြန်ဖွင့်ပြီးတော့လည်း ဘယ်လိုမှ စာမေးပွဲဆိုတာလုပ်လို့ မရတော့ဘူးလေ။သိလား နောက် ကျောင်းတွေကို လွတ်လိုက်ပြီးသွားရင်လည်း ကလေးတွေက ဟိုဟာမှလေ တစ်လလုံးနေမှ သူတို့တက်ခိုင်းတာ ဘယ်လောက်လဲ။ ၃ရက်လားမသိဘူး ဒါပဲတက်ခိုင်းတယ်။

ကလေးတွေကဘယ်လိုမှ စာတွေလည်းလိုက်နိုင်မှာ မဟုတ်တဲ့အတွက် ရောဂါလည်းကြောက်နေရတယ်လေ။သိလား ကလေးတွေကို လွှတ်သာလွှတ်ရတယ်။ ဘယ်လိုခေါ်မလဲ မအောင်မရှိ ငါ့တပည့်နဲ့ တက်ရတဲ့ကြားထဲမှာ အကုန်လုံး စာသင်နှစ် အပြည့်တက်ရင်တောင် အဲဒီလိုမျိုး ပညာရေး စနစ်ကြီးက အဲဒီလိုဖြစ်နေတာ အခုတစ်လမှ သုံးရက်တက်တယ်ဆိုတော့လေ ဘယ်လိုမှလည်းကလေးတွေလည်း ပညာရေးတွေလည်းကောင်းလာဖို့လည်းမရှိဘူးလေ။ အဲဒီတော့ ပိတ်လိုက်တာပဲ ကောင်းတယ်လို့တော့ အန်တီထင်တယ်လေ။ ဒီဟာဟိုကိုလေ။

ပညာရေးကို လုပ်နေရင်တော့ကောင်းတာပေါ့။ ဒီစာတွေလုပ်နေရင်းတော့ကောင်းတယ်။အခု ကျုရှင်တွေက တိုးတိုးတိတ်တိတ်ဖွင့်ကြတယ်။ ဖွင့်ပြီးတော့ အဲဒီမှာသွား တက်တယ်ဆိုတော့ လည်းလေ တစ်ချို့ကအိမ်က သမီးက ၁၀တန်းဆိုတော့ ဒီနှစ်၁၀တန်းဆိုတော့ အဲဒီမှာသွားတက်တယ်။

သွားတက်တော့ ဘေးကလူတွေက အဲဒီလို တိုင်တာတွေဘာတွေနဲ့ဆိုတော့ ကိုယ့်လည်း မလွတ်ရဲတော့ဘူး ။ရောဂါကြောက်ရတာ တစ်မျိုး အဲဒါနဲ့ ဆရာတွေကလည်း ပြန်ပိတ်ပလိုက်ဆိုတော့လည်းလေ။သူတို့တွေက အေးပေါ့ စာမလုပ်တဲ့ အခါကျတော့ စာနဲ့ အဆက်ပြတ်သွားမှာတော့ ကြောက်တာပေါ့နော်။ ကလေးတွေကလေ ကိုဗစ်ကြီးက မြန်မြန်ပျောက်မှပဲကောင်းမှာလေ။

မပျောက်လို့များ အဲဒီလိုမျိုးပေါ့နော် ဒီတစ်နှစ်ပဲဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒီလိုမဟုတ်ပဲ နောက်ထပ်စာသင်နှစ်ကိုပဲ ကူးမှာပဲကြောက်တာ သိလား ကောင်းတာတော့ မကောင်းဘူးပေါ့ သားရယ် စီးပွားရေးနဲ့ပညာရေးတွေရော အကုန်လုံး ဘယ်နေရာကကောင်းမှာလည်း ဒီရောဂါကြီးကပေါ့နော်။

ဦးမြင့်ဝင်းကျော်
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာဘာသာရပ် ဆရာ/ဆရာမများသမဂ္ဂအဖွဲ့

အိန္ဒိယတို့ဘာတို့မှာကျောင်းတွေကလည်း ပြန်ဖွင့်နေပြီဗျ။ ပညာရေးကလည်း ပြန်ဖွင့်မှာပါ။ ဖွင့်တဲ့အခါမှာ နည်းနည်း ဒီလိုလုပ်ရင်တော့ ရတာပေါ့။ သူတို့တွေ ပညာရေး ဒုညွန်ချုပ်ဒေါက်တာတင်မောင်ဝင်းကလည်းပြောသွားတယ်ပေါ့။ သူတို့ တတ်နိုင်သမျှ ကြိုးစားနေတယ်ပေါ့နော် ကြိုးစားနေတဲ့အခါကျတော့ ကျွန်တော်တို့ အမြင်ပြောရမယ်ဆိုရင် အဲဒီလိုပေါ့ စာမေးပွဲကိုနောက်ဆုတ်ပြီးတော့ ကျင်းပရင် ဖြစ်ပါတယ်ဗျာ။
ဥပမာ ကျွန်တော်တို့က မတ်လမှ စစ်တယ်ဗျာ ကျွန်တော်တို့က မေလကုန် သို့မဟုတ် ဇွန်လဆန်းမှာစစ်လိုက်ရင်လည်းပဲ အဲဒီ တစ်လအတွင်းထဲမှာပဲ ကျွန်တော်တို့ ပြီးဆုံးသွားနိုင်တာပေါ့နော် ပြီးတယ်။ ဇူလိုင် ၁၅လောက်မှာ အောင်စာရင်းထုတ်ပြန်ရင်လည်းပဲ စာသင်နှစ်နောက်မကျဘူးလို့မြင်ပါတယ်။ အဲဒါကြောင့်မို့လို့ စာမေးပွဲတွေက တကယ်လို့များ ကျွန်တော်တို့ ဒီမှာ ဒီဇင်ဘာကျောင်းပြန်ဖွင့်ဖြစ်ရင်တောင် စာမေးပွဲ ရှိနိုင်ပါတယ်ခင်ဗျ။

စာသင်နှစ်နောက်ကျရင် ကလေးလည်း အသက်တစ်နှစ်ကြီးတာပေါ့ဗျာ အဓိကတော့ အဲဒီလိုနောက်ကျသွားတဲ့အတွက် ဟိုပေါ့ ကျွန်တော်တို့ ပညာရေးမှာ သုံးထားတဲ့ငွေကြေးတွေလည်း အမြောက်အများကုန်ဆုံးတာပေါ့။

ငွေကြေးတွေကလည်း တစ်နှစ်တစ်နှစ်လုပ်မယ်ဆိုရင် ငွေကြေးကို တော်တော်လေးသုံးစွဲရတယ် နိုင်ငံတော် အနေနဲ့လည်း သုံးစွဲရတာလေ။ ဆရာ ဆရာမတွေကိုလည်း လခတွေကလည်းပေးထားရတာလေ။ ပေးထားရတဲ့အခါကျတော့ တစ်နှစ်နောက်ကျရင် အန် ကျွန်တော်တို့ နိုင်ငံတော် ဘက်ဂျတ်ကလည်း တစ်နှစ်ဆုံးရူံးတာပေါ့ ကျွန်တော် အဲဒီလိုတော့မြင်တယ်။ ကလေးကလည်း အသက်တစ်နှစ် နောက်ကျသွားတယ်။ ပညာရေးလည်း တစ်နှစ်နောက်ဆုတ်သွားတာပေါ့။

ဦးစိုးမိုးအောင်
အတွင်းရေးမှူး မြန်မာနိုင်ငံလုံးဆိုင်ရာဘာသာရပ် ဆရာ/ဆရာမများသမဂ္ဂအဖွဲ့

ကျောင်းကတော့ တက္ကသိုလ်ဝင်တန်းကတော့ စာမေးပွဲဖြေရဖို့များတယ်ဗျ။ တက္ကသိုလ်ဝင်တန်းက စာမေးပွဲဖြေရမယ်။ သူကနည်းနည်းကျောင်းသားတွေကို ရှင်းရှင်းပြောရလိုရှိရင်တော့ ဆေးလေးသူတို့ထိုးပေးချင်တာပေါ့။ တက္ကသိုဝင်တန်းဖြေရမယ်လို့ ကျွန်တော်တို့ ကြားပါတယ်။

ကျန်တဲ့အတန်းတွေတော့ မသိတော့ ကျွန်တော်မပြောပါဘူး။ တက္ကသိုလ်ဝင်တန်းစားမေးပွဲကိုတော့ သူတို့က လနောက်ဆုတ်ပြီး ကျင်းပဖို့ရှိပါတယ်။ သူတို့ကတော့ ကာကွယ်ဆေးဘာညာဆို နိုင်ငံတော်ရဲ့ အစီအမံပေါ့လေနော်။

ပညာရေးဝန်ကြီးဌာန ဘယ်လိုချိတ်ဆက်မလည်းတော့ မသိဘူး ကျောင်းသားတွေကို ကာကွယ်ဆေးထိုးပြီးမှ ကျောင်းကိုလွှတ်မယ်ဆိုတာကတော့ သူက ကျောင်းသားအားလုံးကို ဆိုလိုတဲ့သဘောပါ။ တက္ကသိုလ်ဝင်တန်းကျောင်းသားတွေကိုတော့ ဘယ်လိုမျိုးဆောင်ရွက်ပေးမလဲဆိုတာကို ကျွန်တော်လည်း မသိပါဘူး။

အများကြီး ဂျန့်ဖြစ်သွားမယ်။ ဘာကြောင့်လဲဆိုတော့ မနှစ်ကတုန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးတော့ ကျရူံးထားတဲ့ကလေးက ၆သိန်းကျော်လောက်ရှိတာကို ၆သိန်းဝန်းကျင် ၆သိန်းကျော်ကျော်လောက်ဖြစ်နေတဲ့အတွက်ကြောင့် ဒီ၆သိန်းကျော်ကလည်းပဲ ထပ်နာသွားမှာပေါ့ တကယ်လို့ မဖြေဖြစ်ရင် ထပ်နာသွားမယ်။

တက္ကသိုလ်ဝင်တန်းကို ဒီနှစ်ကိုဖြေဆိုမယ့် ကလေးတွေကလည်းပဲ နစ်နာသွားမယ်။ ကျွန်တော်တို့ အကြံပြုထားတာရှိပါတယ် အဲဒါတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်တဲ့ကာလမှာ ကျင်းပဖို့ဆိုတာ မလွယ်နိုင်ဘူး။ သို့သော် ဒီနောက်ဆုတ်ပြီးတော့ ကျင်းပပေး မယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ အကြံပြုထားပါတယ် ဘာတွေဖြစ်သွားနိုင်တယ်ဆိုတော့ တော်တော်လေးကို ကျွန်တော်တို့ ကစဉ့်ကလျားဖြစ်မယ်။ ဝန်ကြီးဌာနလည်း ကစဉ့်ကလျားဖြစ်မယ် ။တက္ကသိုလ်ဝင်တန်း ရောက်လာတဲ့ကျောင်းသားတွေကလည်း ကစဉ့်ကလျား ကျန်တဲ့အတန်းတွေကတော့ သိပ်ပြဿနာမရှိဘူး။ ကျန်တဲ့အတန်းတွေကတော့ သူတို့က ဒါက ကျောင်းစစ်ပဲဖြစ်သွားတာကို ။

ဦးတင်ဦး
အဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာဘာသာရပ် ဆရာ/ ဆရာမများသမဂ္ဂအဖွဲ့

ဒုညွန်ချုပ်နှစ်ယောက်ပြောထားတာရှိတယ်လေ။မဖြစ်ဘူးဘယ်တော့ဖွင့်မယ်ဆိုတာသာ မပြောနိုင်သေးတာနော်။အထက်တန်းစာမေးပွဲ အထက်တန်းဆိုတာ ၁၀တန်းပေါ့နော် ၁၀တန်းစာမေးပွဲရှိမယ်။ ၁၀တန်းစာမေးပွဲရှိမယ်။အဲဒါကလည်း ကျွန်တော်အမြင်ပြောရရင်တော့ နည်းနည်းနောက်ဆုတ်ရင် ဆုတ်မယ်ပေါ့နော်။ အရင်က မတ်လ စစ်တယ်။ အခုက မေလောက်ဖြစ်ဖြစ်ပေါ့။

နည်းနည်း စာက ဘာမှမရှိပဲနဲ့တော့ စာမေးပွဲ စစ်ရိုးထုံးစံမရှိဘူးလေ။ အနည်းဆုံးလည်း သူတို့ပြောထားတာ ၅၀ရာခိုင်နူန်းလောက်တော့ သင်ထားပြီးမှ အဲဒီလိုမျိုးပေါ့။ ဒီအတွက် သူတို့က မြန်မာ့အသံက Channel က ကိုယ်တော့ ဖွင့်မကြည့်မိဘူးလေ။

Channel တွေဘာတွေ သူတို့ ဘာသာရပ်ဆိုင်ရာတွေ သင်ကြားပို့ချနေတာပဲ အဲဒီလိုမျိုး အဲဒါတော့ တွေ့နေရတယ်လေ။ ဒုညွှန်ချုပ်နှစ်ယောက် ပြောတာ ဦးကိုလေးဝင်းတို့ ဦးတင်မောင်ဝင်းတို့ သူတို့ပြောထားတာ မကြာသေးဘူပေါ့။ နောက်၁၀တန်းတစ်ခုပဲ ၁၀တန်းဆိုတာ အလွယ်ကူဆုံးပြောလိုက်တာလေ။ Grade11ပေါ့နော်။ Grade 11 တစ်ခုကတော့ ဒါ အစိုးရစစ်ပေါ့လေ။

ကျန်တဲ့အတန်းတွေက သူတို့က နည်းနည်းသင်ပြီးတော့ ခါတိုင်းလိုပဲ ဘာမှမထူးလေ။ ပေးအောင်ပြီးလိုက်ရင်လည်းရတာပဲလေ။ အဲဒါကျွန်တော်အမြင်ပြောတာပါ။ ဟုတ်တယ်မို့လို့လား အဲဒီတော့ သူတို့ တစ်နှစ်နားဖို့ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူးဗျ။

သင်ရိုးသစ်ကို သင်တန်းပို့ချတာဘာတွေအတွက် အဲဒီအတွက်အချိန်တွေပေးရတယ်။ အခုလည်း အခုတစ်ခါကျတော့ Grade 11 ပေါ့။ မနှစ်က Grade 10 တန်းက တက်လာတော့ Grade 11ပေါ့။

ဒီအတွက်သင်တန်းပို့ချတာတွေအတွက်ကလည်း အချိန်ပေးရအုံးမှာပေါ့လေ ဒါလေးတွေရှိလာတယ်။ အဲဒီတော့ ဒီဟာက နားမယ်လို့တော့ ကျွန်တော်ကတော့ မမြင်ဘူးခင်ဗျာ။ ကျွန်တော်အမြင်ပြောတာပါ။ဘာလည်းဆိုတော့ သူပုံမှန်ဆက် run ဖို့အတွက်ပဲလေ အခုတကယ်လို့ ကျွန်တော်အမြင်ဆိုတာ ဟိုဆရာဝန်တစ်ယောက် ပြောသွားတာကတော့ ပုံမှန် အဲဒီလို ၅ရာခိုင်နူန်းပေါ့နော်။

ပိုးတွေ့နှုန်း ၈ဒသမ ၃ရာခိုင်နူန်းလားမသိဘူး ပိုးတွေ့ပေါ့နော်။ အဲဒီလိုမျိုးရှိတယ်။ အဲဒီတော့ ၅ရာခိုင်နူန်းလောက် လေးငါးခြောက်ယောက်ဖြစ်နေမယ် နည်းနည်း လေး တဖြေးဖြေးကျလာပြီဆိုရင်တော့ သူတို့တွေဖြေလျော့ပြီးကျောင်းဖွင့်ပေးဖို့ ဖြစ်ပါလိမ့်မယ်။

မအောက်နိုင်ဘူး။ မအောက်နိုင်ဘူးသူတို့ပြောထားတဲ့စကားပေါ့။ အဲဒီတော့ အောက်သွားမယ်ဆိုတာတော့ မဖြစ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ ဒီမြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ပေါ့။ တရုတ်ပဲကြည့် တရုတ်မှာလည်း အခုကျောင်းတွေဖွင့်နေတာပဲ သွားကျောင်းတက် အလုပ်တွေဖွင့်နေတာပဲ။

အလုပ်ရုံတွေဖွင့်သွား ကိုဗစ်ဖြစ်ရင် ဖြစ်တဲ့သူမလာနဲ့ ဆေးသွားကု ကျန်တာ Lock down ချစရာမလိုတော့ဘူး အဲဒီလိုမျိုးပြန်ပြီးတော့ သူက ဆက်ပြီးတော့ Run နေပြီ ဒီလိုပဲ ကျောင်းတွေမှာလည်း ကလေးတွေက ပိုးတွေ့လား ပိုးဖြစ်လာလား ဖြစ်တယ်။

နေမကောင်းဘူးဆိုရင် ဆေးခန်းသွားပြ မလာနဲ့ ကျောင်းမလာမတက်နဲ့ နေကောင်းပြီလား နေကောင်းပြီဆိုရင်လာ သူက အဲဒီပုံစံသွားတယ်။ အဲဒီလို တရုတ်က အဲဒီလိုတိုင်းသွားနေတယ်။

အဲဒီတော့ ဒီမှာရော ကာကွယ်ဆေးရလာပြီးခဲ့ရင် ဘယ်လိုအခြေအနေပြောင်းလဲ မလဲဆိုတာ ကျွန်တော်တို့က မပြောနိုင်သေးဘူးလေ။ သဘောတရားက ကျောင်းကိုပြန်ဖွင့်မလားအဲဒါကြောင့် ကာကွယ် ရရှိဖို့ဆိုတာကလည်း ဒီဇင်ဘာလောက်ဆိုရင် ရရှိမယ်လို့ပြောတာပဲ သူက။ အဲဒါကြောင့် ကျွန်တော်ကတော့ ကိုဗစ်ကြောင့် တစ်နှစ်နားမယ့်ဆိုတဲ့ဟာကိုတော့ ကျွန်တော်မပြောဘူးနော်။

ကျွန်တော်ကတော့ ဒုညွှန်ချုပ်ပြောတဲ့ဟာလေးတစ်ခုပဲအဲဒီတော့ မနားနိုင်ဘူးပေါ့ နောက်တော့ ရွှေ့မယ်ပေါ့ဗျာ။ ဒီလိုမျိုးရွှေ့ရင်ရွှေ့သွားမယ်ပေါ့။ ကျွန်တော်ရဲ့အမြင်လေးပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts