All News interview Peace

ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ထင် ကြေးပေးခံရနေသည့် ရွေးကောက်ပွဲအနိုင်ရ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက NLD ပါတီနှင့်ပူးပေါင်းဆောင်ရွက်မည်ဟုဆို

ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံရနေသည့် ရွေးကောက်ပွဲအနိုင်ရ KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက NLD ပါတီနှင့်ပူးပေါင်းဆောင်ရွက်မည်ဟုဆို

By ရန်ကုန်ခေတ်သစ်

ကချင်ပြည်နယ်ပြည်သူ့ပါတီKSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာနှင့် ဆက်သွယ်မေးမြန်းချက်

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီ ၄၈ ခုကို ဖိတ်ခေါ်ခဲ့ပြီး ယင်းသို့ ဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီး ကချင် ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌလည်းဖြစ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်တွင် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲအနိုင်ရရှိထားသူလည်းဖြစ်သူ ဒေါက်တာမနန်တူးဂျာကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားသည်။

ဒေါက်တာတူးဂျာကို ကချင်ပြည်နည်၏ ဝန်ကြီးချုပ်ဖြစ်လာမည်ဆိုသော ထင် ကြေးပေးမှုများမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိနေသည်။

မေး။ ။ NLD ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေကို လက်တွဲဖို့ ဖိတ်ခေါ်တဲ့ အပေါ် ကချင်ပြည်နယ် ပြည်သူ့ပါတီအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့က အကောင်းမြင်ဘက်ကရှိပါတယ်။ ဒါအပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းသစ်တစ်ခုလို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် အရင်က အခု၅ နှစ်တာ ကာလပေါ့။ အခု၅နှစ်ပြည့်တော့မယ်လေ NLD သက်တမ်းက အစိုးရသက်တမ်းက ဒီလိုမျိုး မရှိခဲ့ဖူးဘူး။

အမှန်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပဲပြောပြောနေတာ သူတို့စိတ်ကူးထဲမှာရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတာကိုပြောပြောနေတော့ သူ့မှာလည်း အစီအစဉ်တော့ရှိမယ်။

ဒါပေမယ့် လက်တွေ့ဖော်ဆောင်တာ မတွေ့ရဘူးပေါ့လေ။ ဒါပေမယ့် အခုဟာက လက်တွေ့တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လမ်းစဖော်လိုက်တဲ့ သဘောလို့ ကျွန်တော်အဲလိုမြင်တယ်။ အဲတော့ ကျွန်တော်တို့က အကောင်းမြင်တဲ့ဘက်က ကြည့်တဲ့အခါမှာ ဒါကိုကျွန်တော်တို့က လက်ခံတယ်။

တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ နေရာမှာတော့ ဒါကိုယ့်ရဲ့ သဘောထားဆန္ဒတွေ တင်ပြရမှာပေါ့။ နှစ်ဖက်သဘောထားဆန္ဒတွေ တင်ပြဆွေးနွေးပြီးတော့မှ ဘုံသဘောတူညီချက်ရှာရမှာပေါ့။ ဒါတစ်ပိုင်းပေါ့။ ဒီစာအပေါ်မှာတော့ ကျွန်တော်အကောင်းမြင်ဘက်က ရှိပါတယ်။

မေး။ ။ NLD ပါတီနဲ့ တွေ့ဆုံဖို့ကရော ဘယ်တော့လောက်ဖြစ်မလဲ။

ဖြေ။ ။ အဲဒါကတော့ သူတို့တိုင်းရင်းသားပေါင်းစုံကိုတိုင်းရင်းသားပါတီ ၄ဝကျော်လောက်ကို ပို့တာ အဲတော့ တိုင်းရင်းသားပါတီ ရခိုင်ကတော့ အခုကြားရပြီ ရခိုင်ကတော့ အပြုသဘော အကောင်းမြင်ပါတယ်။ အကောင်းမြင်ဘက်ရှိပါတယ်။ အခြားတိုင်းရင်းသားတွေ အာဘော်တော့ မကြားရသေးဘူး။

ဘာပဲဖြစ်ဖြစ် ဒါကတော့ လက်ခံရမှာပါ။ လက်တွေ့ပိုင်းကတော့ NLD ပေါ်မှာ မူတည်တယ်။ NLD က သူစာရွက်ပေါ်မှာပဲ ထားမလား။ လက်တွေ့လုပ်မလားဆိုတဲ့ ပေါ်မူတည်တာပေါ့။ လက်တွေ့လုပ်မယ်ဆို သူတို့ ဖိတ်ခေါ်လာလိမ့်မယ်။ ဖိတ်ကြားလာလိမ့်မယ်။ ဖိတ်ကြားလာတဲ့အခါ ကျွန်တော်တို့က သွားပြီးဆွေးနွေးမှာပေါ့။

ဆွေးနွေးပွဲက နိုင်ငံရေးပြဿနာ နိုင်ငံရေးနဲ့ ဖြေရှင်းတယ်ဆိုတာ ဆွေးနွေးပြီးဖြေရှင်းတာပဲ အပြန်အလှန်ဆွေးနွေးပြီးဖြေရှင်းတာ ဒိုင်ယာလော့ဖွင့်တာပဲလေ အမျိုးသားပြန်လည် သင့်မြတ်ရေး ငြိမ်းချမ်းရေးအတွက် ဖြစ်တဲ့အခါကျတော့ တွေ့ဆုံဆွေးနွေးရမှာပေါ့။ အဲဒါကို အခုအာဏာရပါတီဖြစ်တဲ့ NLDက အဓိကတာဝန်ယူပြီးတော့မှ ဖိတ်ကြားရမှာပေါ့။ ဖိတ်ကြားရင်တော့ ကျွန်တော်တို့သွားမှာပဲ။

မေး။ ။ NLD ဦးဆောင်ပြီး ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအားရကျေနပ်မှုရှိလား။

ဖြေ။ ။ အခု ၅နှစ်တာ ကာလကတော့ ဒီပင်လုံညီလာခံကို ၄ကြိမ်ထိ ဆက်ပြီးကျင်းပတာကတော့ အားရပါတယ်။ အဲဒီလိုကျင်းပတဲ့နေရာမှာလည်း ဖက်ဒရယ်မူတချို့ချမှတ်နိုင်ခဲ့တာပေါ့လေ အဲဒါကတော့ အားရပါတယ်။ ဒါပေမယ့် သိပ်ပြီးအားရသလားဆိုတော့ အဲဒီလောက်လည်းမဟုတ်ဘူး။

သူတို့လည်း စိန်ခေါ်မှုတွေများတာတွေ့ရတယ်။ ရခိုင်အရေးတို့ တိုက်ပွဲမရပ်နိုင်တာတို့ ဘာတို့ရှိနေတာကို ဒီလောက်တော့ လုပ်ကျပါတယ်။ အစိုးရအနေနဲ့လုပ်ပါတယ်။ ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ နောက်ဆုတ်သွားတာတော့မဟုတ်ဘူး။

ရပ်တန့်နေတာလည်းမဟုတ်ဘူး။ ရှေ့ကိုရွေ့တော့ရွေ့တာပေါ့။ အရွေ့နည်းတယ်ဆိုတဲ့ သဘောလောက်ပဲရှိပါတယ်။ ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ ကျွန်တော်က ဒီဟာကိုဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော်တို့က တိုက်တွန်းတာပေါ့။

မေး။ ။ NLD ရဲ့ ၅နှစ်တာ ကာလအတွင်းမှာ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးကိုင်တွယ်ခဲ့မှုအပိုင်းတွေကိုကော ဘယ်လိုထင်မြင်မိလဲ။

ဖြေ။ ။ အဲဒါကတော့ ပြောမယ်ဆိုရင် ကျွန်တော်တို့တော့ သိပ်တော့အားမရလာဘူး။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားတွေနဲ့ သီးသန့်ဆွေးနွေးတာမရှိဘူလေ အစိုးရက ပါတီအနေနဲ့ကော အစိုးရအနေနဲ့ကော တိုင်းရင်းသားတွေနဲ့ သီးသန့်ဆွေးနွေးပြီးတော့မှ တိုင်းရင်းသားတွေရဲ့ အာဘော်ကို နားထောင်ပြီးတော့မှ ဖြစ်နိုင်ချေရှိတဲ့ဟာတွေကို ရုပ်လုံးပေါ်အောင်လုပ်ဆောင်သွားဖို့ လိုအပ်တာကို အဲဒီထဲမှာတော့ သိပ်အားမရဘူးလို့ ဆိုလို့ရတာပေါ့။ ဒါအရင်ကပြောတာပါ။ အခုကတော့ စတော့ စလာပြီပေါ့။

မေး။ ။ ဒီလိုဆွေးနွေးခွင့်ရခဲ့ရင် ဘယ်လောက် အတိုင်းအတာထိ ခရီးရောက်နိုင်မယ်လို့ ထင်မြင်မိလဲ။

ဖြေ။ ။ ကျွန်တော်ထင်တာကတော့ ဒီဟာကတော့ လာလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ NLD ကလည်း ၅နှစ်တာ အစိုးရသက်တမ်းမှာ ပြည်သူလူထုအသံတွေလည်း အများကြီးကြားထားပြီးပြီလေ ပြည်သူလူထု သဘောထားဆန္ဒလည်း အများ ကြီး သိပြီးထားပြီ ဆိုတော့က ပြည်သူတွေက သူတို့ပေါ်မှာ ယုံကြည်မှုမပျက် ပြားဘဲနဲ့ ၂ဝ၁၅ထပ်တောင်ပိုပြီးတော့ မဲထည့်ပေးလိုက်တာရှိတယ်။

ဒါကြောင့်သူတို့က ပြည်သူတွေရဲ့ အသံကိုပိုပြီး ဂရုစိုက် နားထောင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်ကို အတတ်နိုင်ဆုံးဖော်ဆောင်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ အခုအစိုးရသစ်ပေါ်လာတဲ့ အချိန်အခါမှာ လာမယ့် ၅နှစ်တာအတော်အတွင်းမှာတော့ လက်ရှိလွန်ခဲ့တဲ့ ၅နှစ်ထက်တော့ အများကြီး ပိုလာလိမ့်မယ် သာလာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တာပေါ့။

မေး။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ NLD က ပြီးခဲ့တဲ့ ၅နှစ်တာ သက်တမ်းမှာမအောင်မြင်ခဲ့ဘူး။ ဘယ်လိုဆက်သွားရင် အောင်မြင်နိုင်မလဲ။

ဖြေ။ ။ အရင်က တိုင်းရင်းသားတွေအသံက အင်မတန်တိုးခဲ့တာကို တိုင်းရင်း သားက ကောင်းကောင်းပြောနိုင်ဆိုနိုင် တင်ပြနိုင်ခွင့်တွေ မရှိခဲ့ဘူးလေ အခြေခံဥပဒေပြင်တဲ့အချိန်အခါမှာ ဒါကြောင့် အခုဟာက တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ကျမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ လိုလားချက် တိုင်းရင်းသားတွေရဲ့ အသံကလည်း ပိုပြီးကျယ်ကျယ်လောင်လောင် ထွက်လာမယ်။

နောက်တစ်ခါကျရင် တပ်မတော်ကော အစိုးရတွေကော တိုင်းရင်းသားတွေရဲ့ ပြောဆိုပုံ တင်ပြချက်တွေကို သူတို့အလေးထားလာလိမ့်မယ်ထင်တယ်။ အဲခါကျရင် ပြီးခဲ့တဲ့ပြင်ဆင်ရေးထက် အခုလက်ရှိပြန်ပြီးလုပ်ကျမယ်ဆိုရင်တော့ ပိုပြီးတော့မှ ပုဒ်မတော် တော်များများပြင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အဲတာကတော့ ကျွန်တော်မျှော်လင့်တာပေါ့။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ အခု ၂ဝ၂ဝရွေးကော်ပွဲဟာ လူတွေက ရင်တထိတ်ထိတ်နဲ့ပေါ့။ ကိုဗစ်ကလည်း ရှိနေတယ်ဆိုတဲ့အခါကျတော့ ဒါပေမယ့် အစိုးရနဲ့ ကော်မရှင်ကတော့ ဒါ လုပ်ဖြစ်အောင်လုပ်ပေးခဲ့တာပါ။ သူတို့ကတာဝန်ကျေပြီလို့ပြောလို့ရတာပေါ့။ ပြည်သူ လူထုမျှော်မှန်းချက်ကလည်း ကြီးမားပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲလွန်ကာလမှာ ထူးခြားလာလိမ့်မယ်လို့ မျှော်လင့်ကျတာပေါ့။ ပြည်တွင်းငြိမ်းချမ်းရေး ပိုပြီးတော့မှ အရွေ့များလာလိမ့်မယ်။ အရွေ့များများရွေ့လာလိမ့်မယ်လို့ ဒီလိုပဲမျှော်လင့်ထင်မြင်ခဲ့ကျတာပေါ့။ ဒါကြောင့်မို့လို့ ဒါကအစိုးရဘက်ကလည်း အများကြီးပြောင်းလဲလာတဲ့ လုပ်ပုံကိုင်ပုံတွေက ယခင်ကနဲ့မတူဘဲနဲ့ ပိုပြီးတော့ အပြုသဘောဆောင်လာမယ်။

အကောင်းဘက်ကို ဦးတည်လာမယ်ဆိုရင် အများကြီးအကျိုးရှိနိုင်တယ်။ နောက်ပြီးတော့ တပ်မတော်လည်း အခုအနေအထားရ ကြည့်ရမယ်ဆိုရင် သုံးသပ်ကြည့်တဲ့ အခါကျရင် တပ်မတော်လည်း တော်တော်လေးအကောင်းဘက်ကို ပြောင်းလဲလာတဲ့စိတ်ဓာတ်တွေ လုပ်ရပ်တွေ အပြောအဆိုတွေက အရင်ကထက် မတူဘဲနဲ့ ငြိမ်းချမ်းရေးဖက် အများကြီးဦးတည်လာတယ်။

အမျိုးသားရင်ကြားစေ့ရေးဘက် အများကြီးဦးတည်လာတယ်လို့ မြင်တယ်လေ ဒီကျွန်တော်တို့ မဏ္ဍိုင်နှစ်ခုကြီးဟာ အစိုးရနဲ့ တပ်မတော်က ပြောင်းလဲလာတယ်ဆိုတော့ တိုင်းရင်းသားဘက်လည်း ပူးပေါင်းလာပြီး တိုင်းရင်းသားနဲ့ အဆင်ပြေလာမယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ အဆင်ပြေ တိုင်းရင်းသား EAOS များနဲ့လည်း အဆင်ပြေအောင် ဝိုင်းဝန်းကြိုးစားရမှာပေါ့။

အဲလိုအနေအထားမျိုးဆိုရင် ကျွန်တော်တို့က ပင်လုံညီလာခံကျင်းပတဲ့နေရာမှာလည်း အားလုံးပါဝင်ရေးမူကိုချမှတ်နိုင်လိမ့်မယ်။ အသံတွေစုံလာလိမ့်မယ်။ ဒါတွေဆိုရင်တော့ ရှေ့အရွေ့က တော်တော်လေးကောင်းမွန်းလာမယ်လို့ ကျွန်တော် မျှော်လင့်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts