All News Election Local News

UEC ၏ ဆင်ဆာဖြတ်တောက်မှုများကြောင့် ပြည်သူ့ပါတီနှင့် UNDP ပါတီတို့ နိုင်ငံပိုင် ရေဒီယို၊ ရုပ်မြင်သံကြားမှတစ်ဆင့် လူထုမဲဆွယ်စည်းရုံးမိန့်ခွန်း မထုတ်လွှင့်တော့

UEC ၏ ဆင်ဆာဖြတ်တောက်မှုများကြောင့် ပြည်သူ့ပါတီနှင့် UNDP ပါတီတို့ နိုင်ငံပိုင် ရေဒီယို၊ ရုပ်မြင်သံကြားမှတစ်ဆင့် လူထုမဲဆွယ်စည်းရုံးမိန့်ခွန်း မထုတ်လွှင့်တော့

ရန်ကုန်၊ အောက်တိုဘာ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ၏ ဆင်ဆာဖြတ်တောက်မှုများကြောင့် ပြည်သူ့ပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) တို့ က နိုင်ငံပိုင်ရေဒီယို ရုပ်မြင်သံကြားအစီအစဉ်တို့မှတစ်ဆင့် မဲဆွယ်မိန့်ခွန်းထုတ်လွှင့်မှုများ မလုပ်ဆောင်တော့ဟု တရားဝင်ထုတ်ပြန်ကြေညာသည်။

နိုင်ငံပိုင်ရေဒီယို ရုပ်မြင်သံကြားအစီအစဉ်တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုများဒီမိုကရေစီပါတီ (UNDP) မှ ပါတီ၏ မူဝါဒ သဘောထားလုပ်ငန်းစဉ်များ ဟောပြောမည့် အချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တည်းဖြတ်ခဲ့ ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်များ ကိုချိုးဖောက်ရာရောက်ပြီး ပါတီ၏ မူဝါဒလုပ်ငန်းစဉ်များကို ထိခိုက် စေသည့်အတွက် ဟောပြောမည့်အစီအစဉ်အား ပြုလုပ်တော့မည် မဟုတ်ကြောင်း အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အလားတူ ပြည်သူ့ပါတီကလည်း UEC ၏ ဆင်ဆာဖြတ်တောက်မှုကြောင့် မဲဆွယ်စည်းရုံး မိန့်ခွန်းကို မထုတ်လွှင့်တော့ဟု စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။

UEC က ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီး၏ မိန့်ခွန်းအနက်မှ ” ကျနော်တို့ပြည်သူအများစုဟာ တုံးလုံးစာဝေးလို့ မတ်တပ်စာတောင်အနိုင်နိုင် ရပ်တည်နေကြရတာဖြစ်ပါတယ်။ “ဆိုသော စာသား၊ ” နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် အဓိကအခက်အခဲဖြစ်နေတာက ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဘဏ်တိုးနှုန်း မြင့်မားနေခြင်းဖြစ်ပါတယ်။ ” ဆိုသော စာသား၊ ” အခွန်အကောက်များကောက်ယူရာမှာလည်း ရိုးရှင်းပြီးသင့်တင့်မျှတတဲ့ အခွန် အကောက် စနစ်တွေဖြစ်ဖို့၊ အခွန်ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ကျယ်ပြန့် တဲ့အခွန်ထမ်းစနစ်ဖြစ်ပေါ်စေဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ” ဆိုသော စာသားများကို ဖြုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီက တရားဝင်သတင်းထုတ်ပြန်သည်။

UEC သည် နိုင်ငံရေးပါတီများ၏ မိန့်ခွန်းများကို ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်လျက်ရှိရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မိန့်ခွန်းကိုလည်း စိစစ်ဖြတ်တောက်ခဲ့၍ ယင်းပါတီက မိန့်ခွန်းမထုတ်လွှင့်တော့ဟု ငြင်းပယ်ခဲ့သည်။ အခြားသော နိုင်ငံရေးပါတီများ၏ မိန့်ခွန်းများလည်း အနည်းနှင့်အများဆိုသလို စိစစ်ဖြတ်တောက်မှုများ ခံနေရပြီး UEC သည် လုပ်ပိုင်ခွင့်ကျော်လွန် လုပ် ဆောင်နေသည်ဟု နိုင်ငံရေးပါတီများက ထုတ်ပြန်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts