China Watch Election Peace political news

UDP နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်မှု ငွေကျပ် ၂၃ ဘီလီယံကျော်နှင့် ဒေါ်လာများစွာရှိ၊ မှတ်ပုံတင်ကိစ္စ၊ ငွေကြေးခဝါချမှု အပါအဝင် ကဏ္ဍပေါင်းစုံ စိစစ်နေ

UDP နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်မှု ငွေကျပ် ၂၃ ဘီလီယံကျော်နှင့် ဒေါ်လာများစွာရှိ၊ မှတ်ပုံတင်ကိစ္စ၊ ငွေကြေးခဝါချမှု အပါအဝင် ကဏ္ဍပေါင်းစုံ စိစစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၀

UDP နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို စိစစ်ရာတွင် ပိုင်ဆိုင်မှု ငွေကျပ် ၂၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာများ အများအပြားတွေ့ရှိရပြီး ဖမ်းဆီးသည့် နေ့တွင်လည်း သိန်း ၁ သောင်းကျော် ချက်လက်မှတ် သိမ်းဆည်းမိကြောင်း၊ မှတ်ပုံတင်ကိစ္စ အပါအဝင် ကဏ္ဍပေါင်းစုံတွင် စိစစ်လျက်ရှိကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောဆိုသည်။

“သူ့ပိုင်ဆိုင်မှုကို စိစစ်လိုက်တဲ့အခါမှာ ကျပ်သန်း​ပေါင်း ၂၃ ဒသမ ၀၅ ဘီလီယံတွေ့ရတယ်။ အဲဒီမှာလည်း အမေရိကန်ဒေါ်လာ တော်တော်များများတွေ့တယ်။ သူရဲ့စီးပွားရေးတွေက ဘာတွေရှိလဲ စိစစ်လိုက်တော့ မြန်မာကျော်ငွေရေးကြေးရေးကုမ္ပဏီဆိုတာရှိတယ်။ နောက် မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဆိုတာရှိတယ်။ နောက် မြန်မာကျော် ဆောက်လုပ်ရေးပစ္စည်း တင်သွင်းတဲ့ကုမ္ပဏီရှိတယ်။ အဆင့်မြင့်နည်းပညာ ကုမ္ပဏီလီမိတက်ဆိုတာရတယ်။ နောက် မြန်မာကျော် ထရေးဒင်းကုမ္ပဏီလီမိတက်ဆိုတာ ရတယ်”ဟု ဦးဇော်ဌေးက ယနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဦးကျော်မြင့်ကို ဖမ်းဆီးသည့်နေ့တွင်ပင် ဦးကျော်မြင့်ထံမှ သိန်းတစ်သောင်းကျော် ချက် လက် မှတ် တစ်ခုကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဦးကျော်မြင့်၏ ငွေကြေးများနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ကလည်း စိစစ်လျက်ရှိကြောင်း၊ထို့ပြင် သီးသန့်အဖွဲ့များဖြင့်လည်း စိစစ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကဏ္ဍပေါင်းစုံမှ ပါဝင်ကြောင်း သိရှိရသည်။

“အခုစိစစ်နေတဲ့အချိန်မှာ ဘယ်ဥပဒေ ဘယ်ပုဒ်မတွေနဲ့ငြိစွန်းလည်းဆိုတာ ဖော်ထုတ်နေဆဲဖြစ်ပါတယ်။ လက်တလော ငွေရေးကြေးရေးပိုင်းဆိုင်ရာတွေ စိစစ်တယ်။ နောက်ထွက်တာကတော့ ခိုးပြီးထွက်သွားတာ၊ ထင်ရှားတယ်။ ပြန်ဝင်လာတဲ့အချိန် ဘယ်လိုဝင်လာလဲ။ ဒါတွေလည်း စိစစ်ပါတယ်။ အရင်တုန်းက ဘယ်တုန်းက ဒီထဲကို ဝင်လာလဲဆိုရင် ၂၀၁၄ မှာ မူဆယ်ဝင်ပေါက်ကနေ ပြန်ဝင်လာတယ်ဆိုတာ ကျနော်တို့ ဖော်ထုတ်ရရှိတယ်” ဟု ဦးဇော်ဌေးက ပြောဆိုသည်။

ဦးကျော်မြင့်သည် နှင်းဆီပါတီအတွက် အသုံးပြုသော ငွေကြေးများမှာလည်း များစွာရှိသည့်အတွက် စိစစ်နေကြောင်း သိရှိရသည်။

“ စီးပွားရေးနဲ့ပတ်သက်လို့ ဒီလိုမျိုးငွေကြေးတွေကို ဘီလျံနဲ့ချီတွေ့တယ်။ တွေ့တဲ့အပေါ်မှာ ဒီငွေကြေးတွေက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကဘာတွေရှိလဲ စိစစ်တယ်။ ဒီ စီးပွားရေးလုပ်ငန်းတွေကို စီးဝင်လာတဲ့ ငွေကြေးလည်ပတ်မှု ငွေလွှဲပြောင်းမှု။ ဒါတွေကိုလည်း ဗဟိုဘဏ်ကနေပြီးတော့ စိစစ်မှု တွေလုပ်ပါတယ်။ ပါတီအတွက်သုံးတဲ့ငွေကြေးတွေပေါ့နော် ငွေကြေးတွေက အများကြီးဖြစ်နေတယ်။ ဒီပိုက်ဆံတွေက ဝင်ငွေရလမ်းက ဘယ်ကရလဲ။ သူ့ရဲ့တရားဝင်ဖော်ပြထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒီလိုတွေဝင်သလား။ ဝင်လာတဲ့ငွေတွေက ဘယ်ကငွေတွေလဲ။ ငွေဖြူလား၊သို့မဟုတ် သူ့ရဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်အရ ရရှိလာတဲ့ငွေလား ဒါတွေစီစစ်တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကို စိစစ်လိုက်တဲ့အခါမှာ ကျပ် ၂၃ဒသမဝ၅ ဘီလျံတွေ့ရတယ်။ အဲ့ဒီမှာလည်း အမေရိကန်ဒေါ်လာ တော်တော်များများတွေ့တယ်။အခုလောလောဆယ် အဲဒါတွေစိစစ်ဖော်ထုတ်နေတယ်လို့ပြောချင်ပါတယ်” ဟု ဦးဇော်ဌေးက ထပ်လောင်းဆိုသည်။

ဦးကျော်မြင့်နှင့်ပတ်သက်၍ မှတ်ပုံတင်ကိစ္စများကိုလည်း စိစစ်လျက်ရှိကြောင်း သိရှိရသည်။

“မှတ်ပုံတင်ကိစ္စကဘယ်လိုလဲဆိုတော့ ကျနော်တို့ ၂၀၁၄ ပေါ့နော်။ UEC မှာ ပါတီဥက္ကဋ္ဌနာမည် ပြောင်းပြီးတော့ တင်ပြတာရှိတယ်။ အဲ့ဒီမှာ မှတ်ပုံတင်က ခုနကပြောသလိုကွဲလွဲနေတာရှိတယ်။ အဲ့ဒီတုန်းက ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်တာရှိတယ်။ အဲ့ဒီအပိုင်းမှာလည်း သူပေးထားတဲ့မှတ်ပုံတင်နံပါတ်ကို ပြည်ထဲရေးက စီစစ်တဲ့အခါမှာ ကျနော်တို့ နာမည်မှားနေတာ လူမှားနေတာတွေတွေ့ရတယ်။ တွေ့ရတော့ ကျနော်တို့အခု ပြန်ပြီးတော့ စုံစမ်းနေတယ်။ စုံစမ်းနေတဲ့အချိန်မှာ သူက ပြည်ပမှာရောက်နေတဲ့အတွက် သူ့ရဲ့မှတ်ပုံတင်နံပါတ်ကို ပြည်တွင်းမှာရှိတဲ့ဟာ လုပ်လိုက်သလား အဲ့ဒါကလည်း ဘာ့ကြောင့် pass ဖြစ်သွားလဲ ဒါတွေလည်း ပြန်ပြီး စိစစ်နေပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဦးကျော်မြင့်သည် နိုင်ငံသားစိစစ်ရေးကတ် နှစ်ခုကိုင်ဆောင်ထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ- ကနေဒါနိုင်ငံတွင် UDP ပါတီထူထောင်စဉ်က ဦးကျော်မြင့်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts