China Watch Features Peace political news

UDP နှင်းဆီပါတီနောက်ကွယ်တွင် တရုတ်ပါဝင်ပတ်သက်နေသလား

UDP နှင်းဆီပါတီနောက်ကွယ်တွင် တရုတ်ပါဝင်ပတ်သက်နေသလား

By ရန်ကုန်ခေတ်သစ်

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ) UDP ပါတီဥက္ကဋ္ဌ ကို ထောက်ဖောက်ပြေးခဲ့မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားချိန်တွင် ပါတီတွင်း ထမ်းဆောင်ခဲ့သူတချို့က ၎င်းနှင့်ပတ်သက်သော အချက်အလက်များစွာ ထုတ်ဖော်ပြောဆိုလာလျက်ရှိနေသည်။

UDP ပါတီနှင့် ဦးကျော်မြင့်နှင့် အနီးကပ်နေခဲ့သူ တပ်မတော်မှ အငြိမ်းစား အရာရှိကြီးတစ်ဦးက ဦးကျော်မြင့်သည် UDP ကိစ္စများဆောင်ရွက်ရာတွင် အဓိကအားဖြင့် တရုတ်မှ တာဝန်ရှိသူများနှင့် တိုက်ရိုက်ပတ်သက်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖွင့်ဟလာသည်။ UDP ပါတီ၏ ကနဦး စတင်ချိန်ကို ပြန်လည် ကြည့်ပါကလည်း တရုတ်တာဝန်ရှိသူများနှင့်ပတ် သက်မှုများကို ထင်ထင်ရှားရှားတွေ့မြင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

UDP ပါတီကို ကနေဒါနိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ခုနှစ် ကာလများတွင် ဦးကျော်မြင့်သည် ကနေဒါနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး အပါအဝင် ကနေဒါရောက် တရုတ်အသိုင်းအဝိုင်းနှင့် လွန်စွာ နီးကပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Lan Lijan နှင့်တွေ့ဆုံစဉ်။

၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Lan Lijan နှင့်တွေ့ဆုံခဲ့ပြီး နာရီအတော်ကြာ ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရှိရသည်။ ယင်းတွေ့ဆုံမှုနောက်ပိုင်းတွင် ဦးကျော်မြင့်သည် မကြာခဏဆိုသလို ကနေဒါရောက် တရုတ်အသိုင်းအဝိုင်းနှင့် အလွန်နီးစပ်ပြီး ကောင်းမွန်သော ဆက်ဆံရေးထူထောင်ခဲ့ကြောင်း သိရှိရသည်။ တရုတ်စကားကျွမ်းကျင်သော ဦးကျော်မြင့်သည် တရုတ်တာဝန်ရှိသူများနှင့် အလွန်အဆင်ချောမွေ့ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

၂၀၀၈ ကနေဒါတွင် တရုတ်ကောင်စစ်ဝန် Consular Qiang ၏ တာဝန်ထမ်းဆောင်မှုအပြီး နှုတ်ဆက်ပွဲ အခမ်းအနားကို ဦးကျော်မြင့် တက်ရောက်စဉ်။

ပြည်ပတွင် နေခဲ့စဉ် နိုင်ငံခြားသာ အစိုးရ ထိပ်တန်းတာဝန်ရှိသူများ၊ စီးပွားရေးသမားများ၊ တရုတ်သံအမတ်ကြီးအပါအဝင် တရုတ်အာဏာပိုင်အသိုင်းအ၀ိုင်း၊ ပညာရှင်နိုင်ငံခြားသားများနှင့်ဆက်ဆံမှုများ၊ စီးပွားရေးအရ ၎င်း၏ အောင်မြင်မှုများကို အမြဲလိုလို ပါတီအစည်းအဝေးတချို့နှင့် စားသောက်၀ိုင်းတချို့တွင် ဦးကျော်မြင့်က ဂုဏ်ယူ ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သည်ဟုလည်း သိရှိရသည်။

ယင်းနောက် မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု UDP ကြေညာပြီး ပြည်တွင်းတွင် UDP ပါတီစတင်ထူထောင်ရန် ပြင်ဆင်သောအခါ ဦးကျော်မြင့်သည် တရုတ်နိုင်ငံတွင် ရွှေလီမြို့တွင် အထိုင်ချပြီး UDP ပါတီထူထောင်ရန်အတွက် လိုအပ်သော ပြည်တွင်းမှ ခေါင်းဆောင်များကို ရွှေလီသို့ မကြာခဏဆိုသလို ခေါ်ယူတွေ့ခဲ့ကြောင်း သိရှိရသည်။

ရွှေလီမြို့တွင် UDP ပါတီ မှတ်ပုံတင်ခြင်းမှစ၍ ပါတီအခြေခံ မူဝါဒများရေးဆွဲမှုများကို ပါတီဦးဆောင်သူများကို ခေါ်ယူ၍ ရွှေလီမြို့တွင် ဆောင်ရွက်ခဲ့သည်ဟု သိရှိရသည်။

တရုတ်ရွှေလီတွင် ၎င်းရှိနေစဉ် ကာလ ၎င်းကို အဓိက ကူညီသူ တရုတ်နိုင်ငံသား ၁၀ ဦးအနည်း ဆုံးရှိနေပြီး အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ နေ့စဉ် အစည်းအဝေးထိုင်ခြင်း အပါအဝင် ပါတီရေးရာ ဆိုင်များ ညှိနှိုင်းတိုင်ပင်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။ ပါတီထူထောင်ခွင့်ရပြီးနောက် ပိုင်း တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ရွေးကောက်ပွဲများကို ရွှေလီမြို့မှပင် အထိုင်ချ၍ ကြီးကြပ်ခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး UDP ပါတီ ၏ ဥက္ကဋ္ဌ အဖြစ် ပေါ်ပေါ်ထင်ထင် ရပ်တည်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းတွင် ပါတီဥက္ကဋ္ဌ အဖြစ် ပေါ်ပေါ်တင်တင်ရပ်တည်လာပြီးနောက် ၂၀၁၃ ခုနှစ် ၊ ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ဦးကျော်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Yang Houlan နှင့်သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နှစ်နိုင်ငံအကြား ပါတီချင်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ် ၊ ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ဦးကျော်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Yang Houlan နှင့်သွားရောက်တွေ့ဆုံစဉ်။ Photo Credit – မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

ဦးကျော်မြင့်သည် UDPပါတီကို ကနေဒါတွင် စတင်ထူထောင်ချိန်ကလည်း ကနေဒါရောက် တရုတ်သံအမတ်ကြီး၊ ကနေဒါရောက် တရုတ်အသိုင်းအဝိုင်းနှင့်ထိတွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်ရရှိချိန်တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးထိတွေ့ခဲ့ကာ မကြာခဏဆိုသလို ရွှေလီသို့ သွားရောက်လေ့ရှိသည်ဟုဆိုသည်။ ရန်ကုန်တွင်လည်း ဦးကျော်မြင့်ကို တရုတ်များက မကြာခဏဆိုသလို လာရောက်တွေ့ဆုံသည်ဟု သိရှိရသည်။

မှတ်ပုံတင် ၂ ခု ကိုင်ဆောင်ထားသော ဦးကျော်မြင့်သည် လိုအပ်သလို မှတ်ပုံတင် အပြောင်းအလဲလုပ်၍ ခရီးစဉ်များ သွားရောက်ခဲ့သည်ဟု အနီးတွင် နေခဲ့သူ အငြိမ်းစား တပ်မတော် အရာရှိကြီးက ဆိုသည်။

ရွှေလီမြို့သို့ သွားတိုင်း ၎င်းကို ခမ်းနားစွာ ကြိုဆိုကြပြီး UDP ပါတီမှ ၎င်းနှင့်အတူ လိုက်ပါလာသူပါတီဝင်များကို တရုတ်မှ ဗိုလ်မှူးကြီးအဆင့်သူတစ်ဦး အပါအဝင် အရွယ်အတော်ကြီးရင့်သူ ၁၀ ဦးနှင့် မိတ်ဆက်ပေးကြောင်း၊ ယခင် ဗကပနှင့် ချိတ်ဆက် အလုပ်လုပ်ဖူးသော တရုတ်များဟု သိရှိရကြောင်း အဆိုပါ တပ်မတော် အငြိမ်းစား အရာရှိက ဆိုသည်။

ဦးကျော်မြင့်သည် UDP ပါတီအတွက် ငွေကြေးမြောက်မြားစွာ သုံးစွဲလေ့ရှိပြီး ယင်းငွေကြေးများမှာ မည်သည့်နေရာမှ ရရှိသည်ကို ၎င်းတို့အနေဖြင့် မသိရှိဟု ယင်းအငြိမ်းစား အရာရှိကြီးက ဆိုသည်။

UDP ပါတီ၏ မူဝါဒ ၅ ချက် ကို ပြန်လည် ခြုံငုံကြည့်လျှင် ကွန်မြူနစ်ဝါဒ နှင့်ဆက်နွယ်နေကြောင်း၊ တရုတ် ကွန်မြူနစ်များနှင့် ဆက်နွယ်မှု ရှိနေသည်ဟုလည်း အခိုင်အမာပြောနိုင်ကြောင်း အငြိမ်းစား အရာရှိကြီးက ဆိုသည်။ UDP တွင် တရုတ်ဘက်မှ သေချာ ပေါက် ပါဝင်ပတ်သက်နေသည်ဟု ၎င်းက ဆိုသည်။

ဗကပ ဟောင်း ဦးကျော်မြင့် ယခင်ဗကပမိတ်ဆွေဟောင်းများနှင့်တွေ့ဆုံစဉ်။

ဦးကျော်မြင့်သည် ထောက်ဖောက်ပြေးခဲ့သူဖြစ်ကြောင်း သိရှိလာချိန်၊ တရုတ်မှ တာဝန်ရှိသူများနှင့် တောက်လျှောက်ဆိုသလို အဆက်အသွယ်လုပ်၊ ဆက်နွယ်မှုများ မြင်လာရချိန်တွင် တိုင်းပြည်အတွက် အန္တရာယ်ကြီးပြီး ဆက်လက် နေလျှင် ၎င်းပါ ထိခိုက်လာနိုင်သဖြင့် ပါတီကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့သည်ဟု အငြိမ်းစား အရာရှိက ဆက်ပြောသည်။

၂၀၁၀ ခုနှစ်အစောပိုင်းကာလ ဒီမိုကရက်တစ်ပါတီ( မြန်မာ) စတင်ထူထောင်ချိန်က UDPဦးကျော်မြင့်သည် ဦးသုဝေနှင့် ပတ်သက်၍ ကြိုးပမ်းခဲ့ပြီး နောက်ပိုင်းတွင် ဦးသုဝေက ဦးကျော်မြင့်ကို ငြင်းပယ်ခဲ့သည်။ ဝါရင့်နိုင်ငံသမားကြီးလည်းဖြစ်၊ ဒီမိုကရက်တစ်ပါတီ( မြန်မာ) ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသုဝေက ဦးကျော်မြင့်သည် တရုတ်နှင့် အဆက်အသွယ်ရှိနေသည်ဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် မေးမြန်းစဉ် သုံးသပ်ပြောဆိုထားခဲ့သေးသည်။

အလားတူ တော်လှန်ရေးမျိုးဆက်အင်အားစုများ(ပြည်ပ)ကလည်း UDP ဥက္ကဋ္ဌ ဦးကျော်မြင့်သည် ပြည်တွင်းပြည်ပ လိမ်လည်မှုများ များပြားစွာ ကျူးလွန်ထားသည့် တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ တရုတ်ဩဇာသက်ရောက်သည့် ပါတီတစ်ခု ပြည်တွင်းတွင် အခြေချလာမည်ကို တွေ့ရှိရခြင်းတို့အတွက် အချုပ်အခြာအာဏာပိုင်မှုကို ထိပါးလာနိုင်သည်ကို ရှုမြင်စိုးရိမ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ဦးကျော်မြင့်ကိုယ်တိုင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် UDP ပါတီအနေဖြင့် အမတ်နေရာ ၁၁၄၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်သော်လည်း အနိုင်ရရှိလျှင် သမ္မတမလုပ်၊ ဝန်ကြီးမလုပ်ဟု ကြွေးကြော်ထားသည်။ ပါတီအနိုင်ရရှိရေးအတွက် ရေရှည် ရှင်သန်ရပ်တည်ရေးကို ဦးစားပေးရမည်ဟု ဦးကျော်မြင့်က ပါတီဝင် ဦးဆောင်သူတချို့ ကို မကြာခဏ မှာကြားလေ့ရှိကြောင်း သိရှိရသည်။

UDP ပါတီကို ရန်ကုန်ရှိ တရုတ်သံရုံးက အမြဲမပြတ် စောင့်ကြည့်ခဲ့သည့်အပြင် တရုတ်သတင်း ထောက်တစ်ဦးက မကြာခဏဆိုသလို UDP ပါတီသို့ လာရောက်၍ “ပါတီမှာ လူဘယ်လောက်ရှိလဲ။ လူတွေ ဘယ်လောက်သိပြီလဲ။ ဒီပါတီရှိတာကို လူတွေသိသလား” ဆိုသည့် မေးခွန်းများ လာမေးလေ့ရှိသည်ဟု တပ်မတော်အငြိမ်းစားအရာရှိက ပြောသည်။

ဗကပ ဟောင်း ဦးကျော်မြင့် ယခင်ဗကပမိတ်ဆွေဟောင်းများနှင့်တွေ့ဆုံစဉ်။

“သူရည်မှန်းချက်က လွှတ်တော်ထဲကို အထိုက်အလျှောက် ရောက်သွားလို့ရှိရင် တရုတ်ရဲ့ အကြံ အစည်၊ တရုတ်ရဲ့ လိုလားချက်တွေကို အကောင်အထည်ဖော်မယ်ပေါ့။ ဟိုဘက်က ဘာပြောမလဲ။ သူက လွှတ်တော်ထဲမှာ တောင်းဆိုပေါ့” ဟု ၎င်းက ပြောဆိုထားသည်။

ရန်ကုန်၊ မှော်ဘီ တောရွာလေးတွင် သိန်းသောင်းချီတန်သည့် ခြံဝင်းကြီးနှင့် ဟိုတယ် အဆောက် အအုံများ လျှို့ဝှက်တည်ဆောက်ထားမှု၊ ပိုင်ဆိုင်မှုမြောက်များစွာဖြင့် ၁၀ နှစ်နီးပါး ပါတီတစ်ခုကို ငွေကြေး ပေါပေါလောလောသုံးစွဲခဲ့မှုများနောက်ကွယ်တွင် တရုတ်တာဝန်ရှိသူများ ပါဝင် ပတ်သက်မှု ရှိ၊ မရှိ ၊ ငွေကြေး ခဝါချမှုများ ရှိ၊ မရှိ အစိုးရနှင့်ရွေးကောက်ပွဲကော်မရှင် အဓိက ဖော်ထုတ် စိစစ်စစ်ဆေးရန် အထူးလိုအပ်ကြောင်း အငြိမ်းစားတပ်မတော်အရာရှိက ဆိုသည်။

တော်လှန်ရေးမျိုးဆက်အင်အားစုများ(ပြည်ပ)က UDP ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်ပတ်သက်၍ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က ပြန်လည် စိစစ်ရန်အထူးလိုအပ်နေသည်ဟု ၎င်းတို့၏ စက်တင်ဘာလ ၃၀ ရက်နေ့ကြေညာချက်တွင် ဖော်ပြ တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts