All News Election interview

NLD အောင်နိုင်ရေးသီချင်း ဒေါက်ဖိနပ်လျှောက်သံကို ပုံစံဖျက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်တိုက်ခိုက်မှု မြို့နယ် ၄ ခုထက်မနည်းတွင် တရားစွဲပြီး UEC ထံတိုင်ကြားမည်

“တမင်ကို ရန်စပြီးတော့ တကယ်ကို ရုန်းရင်းဆန်ခတ် မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ ကျနော်မြင်တယ်။ သူတို့ရည်ရွယ်ချက်ကတော့ မဲမနိုင်ရင် လူနိုင်အောင် လုပ်မှာပေါ့”

NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်နှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

NLD ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့အကြား မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်စဉ် လူသေဆုံးသည်အထိ ရိုက်ပွဲများ ဖြစ်ပေါ်လာခြင်း၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာတွင် NLD ဝန်းရံသူ ကိုမျိုးဝင်းစိုးသည် ကြံ့ခိုင်ရေးပါတီထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် အောက်တိုဘာလ ၂၂ ရက်နေ့က သေဆုံးသွားခဲ့ခြင်း၊ NLD အောင်နိုင်ရေးသီချင်း ဒေါက်ဖိနပ်လျှောက်သံကို ဆန့်ကျင်ဘက်ပါတီက ပုံစံဖျက်၍ သီဆိုဖွင့်လှစ်ခြင်းများစသည့် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာက NLD ဝန်းရံသူ ကိုမျိုးဝင်းစိုး သေဆုံးမှုနဲ့ပတ်သက်လို့ နောက်ဆုံး အရေးယူဆောင်ရွက်မှုကို ဘယ်လို သိထားပါသလဲ။

ဖြေ။ ။ ဆုံးပြီးတော့ နောက်ရက်မှာ ဝန်ကြီးချုပ်ရောက်သွားတယ်လေ။ ရဲတွေကိုတော့ သူ အမြန်ဆုံးဖော်ထုတ်ရမယ်ဆိုပြီးတော့ ပြောခဲ့တယ်။ တစ်နေ့က အဲဒီတရားစွဲ ဖမ်းဆီးနေပြီ။ အဲဒီအဆင့်ပဲ ရှိသေးတယ်။ အရေးတော့ယူနေပြီ တရားစွဲတဲ့အဆင့်ရောက်နေပြီ။

မေး။ ။ မြို့နယ်တချို့မှာ NLD နိုင်ငံရေးအောင်နိုင်ရေး သီချင်းဖြစ်တဲ့ ဒေါက်ဖိနပ်လျှောက်သံသီချင်းကို ဖျက်ပြီးတော့ ဆိုထားတာပေါ့။ ဒါနဲ့ပတ်သက်လို့ ပါတီဘက်ကနေ ဘယ်လိုလုပ်ဆောင်မှုတွေရှိနေပြီလဲ။

ဖြေ။ ။ မန္တလေးတိုင်း နွားထိုးကြီးတင်မကဘူးဗျ။ နေရာတော်တော်များတယ်။ ကျနော် နားထောင်နေရသမျှဆိုရင် မန္တလေးတိုင်း ကူမဲဘက်မှာလည်း အဲဒီဟာတွေရှိတယ်။ မန္တလေးတိုင်းမှာ ဖြစ်နေတာတွေ။ အဲဒီဟာတွေက ။ အရေးယူမယ် အဲဒါတွေကို။ တရားရုံးဦးတိုက်လျှောက်မှာ က တစ်ခု။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကန့်ကွက်ထားရမယ်လေ။

မေး။ ။ ဘယ်နှစ်မြို့နယ်လောက်မှာ အရေးယူဆောင်ရွက်မှုတွေ ရှိမလဲ။

ဖြေ။ ။ များတယ်။ များတယ်။ ကျနော်သိတာက မန္တလေးတိုင်း နွားထိုးကြီး၊ ကူမဲ စုစုပေါင်း ၄ ၊ ၅ မြို့နယ်မှာပဲ ။ အဲဒီသီချင်းကို ဖျက်ပြီးတော့ တော်တော်တော့ကို ရုပ်ပျက်ဆင်းပျက်ပဲ။ ဒီလိုဗျ။

နံပါတ်တစ်က အရင်ဆုံးဖမ်းဖို့ လုပ်တာက အသံချဲ့စက်ကိုင်တဲ့ကောင်ကို အရေးယူမယ်။ ပြီးတော့မှ ဆိုတဲ့ကောင်တွေ၊ သီချင်းစပ်တဲ့ကောင်တို့ ။ ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင် အသံချဲ့စက်ဖွင့်တဲ့ကားထဲမှာပါတယ်။ အရေးယူမယ့် အဆင့်တော့ ရှိနေပါပြီ။

မေး။ ။ ဒေါက်ဖိနပ်လျှောက်သံသီချင်းကို ဖျက်နေတာက ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ပွဲမှာ ဖြစ်တာဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ပါတီအချင်းချင်းကြားမှာရော ဘယ်လို ဆောင်ရွက်ဖို့ ရှိလဲ။

ဖြေ ။ ။ ပါတီဌာနချုပ်ကိုလည်း ဒီကိစ္စဖြစ်လာတော့ ဒီပါတီဌာနချုပ်ကလည်း သိပြီလေ။ ကျနော်သိရတာကတော့ မြို့နယ်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌကတော့ ဒီလို အောက်တန်းကျတဲ့ အလုပ်တွေ မကြိုက်ဘူးဆိုတဲ့အကြောင်းတော့ ပြောတယ်လို့ ကျနော်သိရတယ်။

မေး။ ။ NLD ပါတီအနေနဲ့ကရော တစ်ဖက်နဲ့ တစ်ဖက် အခြေအနေတွေ တင်းမာတဲ့အပေါ် ဘယ်လို ဆက်လုပ်မလဲ။

ဖြေ။ ။ ကျနော်တို့ သည်းခံပြီး ရှောင်ကြဖို့ ကြေညာချက်ထုတ်ထားတယ်။ အဲဒါက ဒီလိုလေ။ ပြဿနာက တော့ ဘက်နှစ်ဖက် ဖြစ်ကြတာကိုး။ နှစ်ဖက်စလုံး ပွတ်တိုက်မှု ရှိမှ ဖြစ်တာဆိုတော့ ကျနော်တို့ကတော့ ကိုယ့်ဘက်က စပြီး ဒီလိုမလုပ်ဖို့ အဲဒါ ပြောရတာပေါ့။ ဆန့်ကျင်ဘက်က လုပ်လာလို့ရှိရင် သည်းခံပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ပဲ ဆက်လုပ်ဖို့ အဲဒီလောက်ပါပဲ။ ပြန်ပြီး မတုံ့ပြန်ဖို့ပါပဲ။

မေး။ ။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်မှုတွေ ဖြစ်မလာဖို့ ဘယ်လို လုပ်မလဲ။

ဖြေ။ ။အများကြီး ပြင်ဆင်ထားရတာရှိပါတယ်။ မဖြစ်ရအောင်ကတော့ ပြင်ဆင်ထားတာ။အထူးသဖြင့်တော့ ဒီလို ရုန်းရင်းဆန်ခတ်မဖြစ်အောင်ကတော့ အကြမ်းဖက်မှု မဖြစ်အောင်ကတော့ အတတ်နိုင်ဆုံးရှောင်ဖို့ ၊ အတတ်နိုင်ဆုံး ကာကွယ်ဖို့ရှိပါတယ်။

မေး။ ။ ပါတီဝန်းရံသူတွေကြားမှာ ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေအပေါ်ကို ဘယ်လို သုံးသပ်လဲ။

ဖြေ။ ။ ကျနော်လည်း တချို့နေရာတွေက တမင်ဟုတ်ချင်မှ ဟုတ်မယ်။ တချို့နေရာတွေကတော့ တမင်လုပ်နေတယ်လို့ မြင်တယ်။ တမင်ကို ရန်စပြီးတော့ တကယ်ကို ရုန်းရင်းဆန်ခတ် မဖြစ်ဖြစ်အောင် လုပ်နေတယ်လို့ ကျနော်မြင်တယ်။ သူတို့ရည်ရွယ်ချက်ကတော့ မဲမနိုင်ရင် လူနိုင်အောင် လုပ်မှာပေါ့။ ဒါပါပဲ။

မေး။ ။ ဘာဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ။ ။ ဒီလိုဖြစ်တာတွေက မကောင်းပါဘူး။ နှစ်ဖက်စလုံးပေါ့။ ပါတီတွေက ကိုယ့်လူကို ကိုယ်ထိန်းကြဖို့ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts