All News Election interview

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း လူထုကို ဘယ် လောက် ဆွဲဆောင်နိုင်မလဲ

NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း လူထုကို ဘယ်လောက် ဆွဲဆောင်နိုင်မလဲ

By ရန်ကုန်ခေတ်သစ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်ပြန်ကြေညာလိုက်ပြီး ယင်းစာတမ်းသည် လူထုဘ၀ ပြောင်းလဲမှုနှင့် လူထုကို ဆွဲဆောင်နိုင်မှု ရှိ၊ မရှိ နိုင်ငံရေးလေ့လာသုံးသပ်သူများကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

စာရေးဆရာသန်းစိုးနိုင် ( နိုင်ငံရေးလေ့လာသုံးသပ်သူ)

အမှန်ကတော့ သူတို့အတွင်းသဘောကတော့ ၂ဝ၁၅နဲ့သိပ်မကွာပါဘူး။ စကားလုံးနဲ့ ချင်းကပ်နီးတော့ ပြောင်းလဲထားတာလို့ ကျွန်တော်ကတော့မြင်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်မယ်လို့တော့ မပြောဘူးပေါ့ဗျာ။ ဒါပေမယ့် အသွင်ကူးပြောင်းရေးကာလနဲ့ မကိုင်ညီတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်မယ် ဖြည့်စွက်မယ်။ အစားထိုးမယ်။ အသစ်ပြန်ရေးမယ်ဆိုတဲ့ စကားလုံးတွေပါပါတယ်။ အဲတော့အရင်တုန်းကတော့ ကျွန်တော်တို့ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ခေါင်းစီးတင်ပြီးတော့ လုပ်ခဲ့တာပေါ့ဗျာ။ အဲတော့ လူထုကလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့တာပေါ့။

ဒါပေမယ့် လက်တွေ့က အလုပ်မဖြစ်ခဲ့ဘူးလေ။ အဲဒီခါကျတော့ သူတို့အနေနဲ့ အခုက စကားလုံးတွေပြောင်းထားတဲ့ လုပ်မယ့် အတွင်းသဘောကတော့ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံဆိုတာ အဲဒီအထဲမှာ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနဲ့ မကိုက်ညီနဲ့အချက်တွေက အများကြီးပဲလေ အဲဒါတွေကို ပြင်သွားမယ်လို့ပြောတာ ဒီအဓိပ္ပာယ်ပါပဲဗျာ။

စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ တပ်မတော်ဆိုတာ အစိုးရလက်အောက်မှာပဲရှိရမယ်။ အဲထဲမှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အစိုးရခန့်ထားတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ အရပ်သား ကာကွယ်ရေးဝန်ကြီးအောက်မှာ ရှိရမယ်ဆိုတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြန်ပြင်ဖို့ ရည်ရွယ်ထားတဲ့ စကားလုံးတွေကို ပြောင်းပြီးတော့ ရေးထားတာပေါ့။

အဓိပ္ပာယ်ကတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရဲ့အောက်မှာပဲ တပ်မတော်ဟာရှိရမယ်လို့ ပြောတာပါ။ ဒါပေမယ့် အဲဒါကလည်း သိပ်ဖြစ်နိုင်စရာသိပ်အကြောင်းမရှိပါဘူး။ ဒါကကြိုးပမ်းခဲ့ပြီးပြီပဲ။ အဲဒါကြောင့်လည်း ပြီးခဲ့တဲ့ ၂ဝ၁၅နဲ့ ၂ဝ၂ဝအတွင်းမှာရှိတဲ့ မြန်မာပြည်အစိုးရကို အစိုးရ ၂ရပ်လို့ ကမ္ဘာကပြောနေတာကို အဲဒါမပြောင်းလဲနိုင်ပါဘူး။

ဒါပေမယ့် လာမယ့် ၂ဝ၂ဝအလွန်မှာ ပြောင်းလဲနိုင်ပါ့မလားဆိုတာလည်း မသေချာပါဘူး။ အရင်တုန်းက သူလက်သီးလက်မောင်းတန်းကြွေးကြော်ခဲ့တာတွေကို စကားလုံးပြောင်းပြီးတော့ ပြန်တင်ထားတာလို့ပဲ ကျွန်တော်က ယူဆပါတယ်။

ဒီကြေညာစာတမ်းတစ်ခုလုံးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ၂ဝ၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ ကြွေးကြော်သံက အမှန်တကယ်ပြောင်းလဲဖို့ NLD ကိုမဲပေးစို့ အဲတာက လူထုလိုလားချက်နဲ့ ကိုက်ညီပြီးတော့ အားရှိတဲ့ကြွေးကြော်သံပါပဲ။

ဒါပေမယ့် အောင်လံခိုင်မာဖို့ NLDကို မဲပေးစို့ အဓိပ္ပာယ်ကျတော့ NLD အစိုးရကို ဆက်ပြီး ထောက်ခံပါလို့ သူတို့အာဏာကို ခိုင်မြဲအောင် လုပ်ပေးပါလို့ လူထုကို မေတ္တာရပ်ခံတာဖြစ်ပြီးတော့ လူထုလိုလားနေတဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှပီပီပြင်ပြင် ဖော်ပြနိုင်စွမ်းမရှိတဲ့အတွက် အတော်အားနည်းတဲ့ ကြွေးကြော်သံလို့ ကျွန်တော်ကယူဆပါတယ်။

ဒါပေမယ့် အဲဒီထဲမှာ သူတို့ဖော်ပြထားတာလည်း အရင်တုန်းကလို တရားဥပဒေ စိုးမိုးရေးတို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပြုပြင်ရေးတို့ စတဲ့လိုတိုရှင်း တိုင်းပြည်ရဲ့ လိုအပ်ချက်တွေ သူတို့မတင်ပြနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲတာတွေ အကောင်အထည်မှ မဖော်နိုင်ခဲ့ဘဲ အဲတော့ သူတို့ဖြစ်စေချင်တဲ့ အတွင်းသဘောတွေကို စကားလုံးတွေပြောင်းပြီးတော့ ရေးထားတာဖြစ်ပါတယ်။

အဲတော့ ပြောရရင်တော့ ဒီတစ်ခါ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ NLD ပါတီရဲ့ ကြေညာစာတမ်းဟာ တကယ့်ကတော့ ဘာမှ သိပ်ပြီးတော့ ထူးထူးခြားခြား လူထုဆန္ဒကို ထင်ဟပ်ဖော်ပြနိုင်ခြင်း မရှိဘူးလို့ပဲ ကောက်ချက်ချပါတယ်။

ကိုမိုဃ်းသွေး ( Generation Wave )

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ရင် သူရဲ့ ကြေညာစာတမ်းမှာ တွေ့ရတာက ပထမဦးဆုံး ၃ ချက်ကို ရေးထားတယ်။ အဓိက အချက်ကြီး ၃ ချက်ပေါ့။ အဲဒါ တိုင်းရင်းသားအရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး နောက်တစ်ခုကတော့ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးပေါ့။

နောက်တစ်ခုကတော့ ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွံ့ဖြိုးတိုးတက်ရေး အဲဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံနဲ့ ပတ်သက်ရင် အရင်တုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို တိုက်ရိုက်ဖော်ပြတာပေါ့။

အခုခါမှာကျတော့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတဲ့အခါကျတော့ တွေးစရာနှစ်ခုဖြစ်လာတာပေါ့။ အဲဒီ ဒီမိုကရေစီဖက်ဒရယ်ဖြစ်ထွန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ဆိုရင်တော့ ဖွဲ့စည်းပုံကို အနည်းဆုံးအဆင့်ပြင်မှ ရမယ်။ ဒါမှမဟုတ်လိုရင်လည်း အသစ်ပြန်ရေးတဲ့ပုံစံမျိုးပေါ့ လုပ်မှရမယ်။ ဖွဲ့စည်းပုံ အခြခံဥပဒေပြင်ဆင်ရေးလို့ မသုံးထားတာကတော့ စကားလုံးပြောင်းသွားတာလို့မြင်ပါတယ်။

ကျွန်တော်အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကလုပ်ငန်းစဉ်ကြီးထဲမှာတော့ ပါနေသေးတယ်လိုတော့ယူဆတယ်။ စကားလုံးပုံစံပြောင်းပြီးတော့ တင်ပြလာတယ်ပေါ့နော်။ အဲဒီနေရာမှာ ဘယ်လိုဖွဲ့စည်းပုံလည်းဆိုတဲ့ဟာကို သူက ပိုပြီးရေးလာတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ဟာမျိုး ရေးလာတယ်ပေါ့။ အဲဒါတစ်ခုရှိတယ်။

ကျွန်တော် ဒီမှာက ကျွန်တော်မြင်တဲ့ကိစ္စက ပြောချင်တာက ဒီပထမဦးဆုံး အဓိကအချက်သုံးချက်မှာတင် နံပါတ်(၁)ဖြစ်တဲ့ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ ကျွန်တော်တို့က ပြည်တွင်းငြိမ်းချမ်းရေးလို့ ရေးရင်လည်းရတယ်။ သို့မဟုတ်ရင်လည်း တိုင်းရင်းသားနဲ့ ပတ်သတ်တဲ့ ကိစ္စဆိုရင်လည်း တိုင်းရင်းသားအရေးကို ဘာအရေးလဲဆိုတာကို တစ်ခါတည်း ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းရေးဖို့လိုတာပေါ့။

တိုင်းရင်းသားအရေးလို့ သုံးလိုက်တဲ့ စကားလုံးကိုက ကျွန်တော်တို့က နည်းနည်းစဉ်စားစရာရှိတယ်ပေါ့။ ဒါက မြန်မာပြည်မှာရှိနေသော တိုင်းရင်းသားများအားလုံးအပေါ်ကိုကော ဒါမှမဟုတ် အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေ အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာကို ကျွန်တော်တို့က စဉ်စားစရာရှိလာပါတယ်။ ထပ်ပြီးလေ့လာတဲ့အခါမှာ ဘာတွေတွေ့လည်းဆိုတော့ တိုင်းရင်းသားများအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းဆိုပြီးတော့ စာမျက်နှာ (၅)မှာ သူက အကျယ်ရှင်းထားတာရှိတယ်ပေါ့။

အဲဒီ အကျယ်ရှင်းထားတဲ့ ဟာမှာက တိုင်းရင်းလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင်ရှောက်ရေး ဥပဒေဘာညာ စသဖြင့် အဲဒီလိုရေးတာပေါ့လေ။ ဒီနေရာမှာ ကျွန်တော်တို့က မေးခွန်းထုတ်စရာရှိတာက ဗမာပြည်မှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ အမြင်သဘောထားက ဘယ်လိုရှိလဲဆိုတာ စဉ်စားစရာရှိလာတယ်။

ဆိုတော့ ဆိုလိုချင်တာ ဒီထဲမှာဆိုရင် ကျွန်တော်မြင်ရတဲ့ဟာက ဥပမာ နံပါတ်(၁)မှာဆိုရင် တန်းတူညီမျှ နိုင်ငံသားအခွင့်အရေးဆိုတဲ့ ဟာမျိုးပေါ့နော်။ ကိုယ်ပိုင်ပြဌာန်းချက်ရှိပြီးတော့ ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုရယ် ဒီသဘောတရားက လူတစ်ဦးချင်းစီ နိုင်ငံသားတစ်ဦးချင်းစီတွေပေါ်မှာ ရည်ရွယ်တဲ့ တန်းတူညီမျှမှု အခွင့်အရေးကို သူက ပြောချင်တဲ့ သဘောလားလို့ ကျွန်တော်စဉ်စားမိတယ်ပေါ့။

အမှန်တကယ်တမ်းမှာက ကျွန်တော်တို့က တစ်ဖက်က ဒီမိုကရေစီအခွင့်အရေးတွေအရ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နိုင်ငံသားအခွင့်အရေးတွေကို စောင့်ရှောက်ဖို့ ကာကွယ်ဖို့ မြှင့်တင်ဖို့လိုအပ်သလိုပဲ တစ်ဖက်မှာလည်းပဲ ကျွန်တော်တို့ ဖက်ဒရယ်ရဲ့ သဘောမှာဆိုလိုရှိရင် လူမျိုးအလိုက်ပေါ့။ လူမျိုးစုတွေ အမျိုးအသားပေါ့ဗျာ Nationality ပေါ့။ အဲဒီဟာတွေကော ပြည်နယ်တွေကောပေါ့။ အဲဒီဟာတွေ ရပိုင်ခွင့် အခွင့်အရေးတွေကို စဉ်စားရမယ့် သဘောလည်းရှိတယ်။ ဆိုလိုချင်တာက Individual Rightပဲ ကျွန်တော်တို့ လုပ်လို့မရဘူး။

အုပ်စုလိုက်အခွင့်အရေးတွေကို ကျွန်တော်တို့ စဉ်စားရမှာဖြစ်တယ်။ ဒီဟာကိုပဲ ကျွန်တော် သူရဲ့ဒီရှင်းလင်းချက်ထဲမှာ မတွေ့ထားရဘူးပေါ့နော် ဒါလေးတစ်ခုဟာကွက်ရှိတယ် နောက်တစ်ခုကျတော့ ဒီနေရာမှာ သတိထားမိတာတစ်ခုက တိုင်းရင်းသားများ၏ စကား စာပေအနုပညာစသဖြင့် အဲဒါမျိုးလေးတွေရေးထားတာရှိတယ် ။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစသဖြင့် ဒါမျိုးတွေရေးတာရှိတယ် ဆိုတော့ သူကဘယ်လိုဖြစ်နေလဲဆိုတော့ ကျွန်တော်စိတ်ထဲမှာ ယူဆမိတာက ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို တိုင်းရင်းသားလို့ သုံးတာလား ဆိုလိုချင်တာက ဒီနေရာမှာသုံးတဲ့တိုင်းရင်းသားဆိုတဲ့ စကားကိုက တစ်ခုခုပေါ့နော် ။ တန်းတူညီမျှမှုမရှိနေသလို ကျွန်တော်ကတော့ မြင်ရတယ်ပေါ့။

အဲဒီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား ရပ်တည်ချက်ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ပြဿနာရှိတယ်။ ဆိုလိုချင်တာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စပြီးပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်တယ်။

အဲဒါဘာလဲဆိုတော့ ၂၀၁၂လောက်မှာဖြစ်မယ်ထင်တယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒါဘာလည်းဆိုရင် ဗမာလည်းတိုင်းရင်းသားတစ်မျိုးပဲဆိုပြီးတော့ သုံးခဲ့တဲ့ စကားတစ်ခွန်းဖြစ်တယ်။ ဆိုတော့ ဒီလိုသုံးနူန်းတယ်ဆိုရင် ဒီအယူအဆကို မှန်မှန်ကန်ကန် ရပ်တည်မယ်ဆိုလိုရှိရင် ဒါက လူမျိုးအားလုံံးပေါ်မှာ ပြောရမှာဖြစ်တယ်။ ဆိုတော့ လူနည်းတဲ့ တိုင်းရင်းသားကိုပဲ ပြောလို့မရဘူး။ တိုင်းရင်းသားရဲ့ စာပေစကား အနုပညာယဉ်ကျေးမှု စသဖြင့် ဒါတွေကကျတော့ ကျွန်တော်ပြောမယ်ဆိုရင် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးတွေပေါ့။ Culture တွေကို ပြောနေတာဖြစ်တယ်ပေါ့။

များသောအားဖြင့် ဒီထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကိုကျတော့ တိတိကျကျမဖော်ထား ဘူးပေါ့။ အဲဒါမျိုးရှိတယ်။ နံပါတ်(၁)မှာပေါ့ဗျာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ စကားတော့ ပါတယ်ပေါ့။ ဒါပေမယ်လည်းအဲဒီမှာလည်း တစ်ဖက်မှာလည်း အဲဒီမှာ တန်းတူညီမျှသောနိုင်ငံသားအခွင့်အရေးများနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရေးဆိုတဲ့ စကားလုံးပေါ့။ အဲဒီမှာကိုယ်က မရှင်းမလင်းနေဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်လေ့လာမိသလောက်ဆိုရင် ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သဘောထားအရဆိုရင် အမျိုးသားတန်းတူမှုရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ သူတို့ရဲ့ စိတ်ထဲမှာရှိတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ ဒီအမျိုးသားလို့ သတ်မှတ်လို့ရနိုင်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်းပေါ့ဗျာ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းပေါ့ စသည်ဖြင့် လူမျိုးစုကြီးတွေ ရှိတာကို ဒီအုပ်စုကြီးတွေ အဲဒီကြားထဲမှာ တန်းတူညီမျှမှုရှိဖို့ဆိုတဲ့ဟာရယ် နောက်ပြီးတော့ ပြည်နယ်တွေကြားထဲမှာ တန်းတူညီမျှမှုဖို့ဆိုတာတွေရယ် ဒါတွေက လူတစ်ဦးချင်းစီရဲ့ တန်းတူညီမျှမှုနဲ့ မတူဘူးဗျာ။

အဲဒီဟာကိုက ဖက်ဒရယ်ရဲ့ အနှစ်သာရ ဖြစ်တယ်ပေါ့။ ဆိုတော့ အဲဒီစကားလုံးတွေက ကျွန်တော်အနေနဲ့ကတော့ စဉ်စားစရာဖြစ်စေတယ်။ တိုင်းရင်းသားများအရေးလို့ သုံးလိုက်တာကိုက ကျွန်တော်စိတ်ထဲမှာပေါ့ ဒါတစ်မျိုးလို့ ခံစားရတယ်ပေါ့ဗျာ။ တိုင်းရင်းသားတန်းတူညီမျှမှုရှိမှု ရှိရေးဆိုလိုရှိရင်တော့ ဒါက တစ်မျိုး အားလုံးကို ဒါက တိုင်းရင်းသားအားလုံး တိုင်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိဖို့ဆိုတဲ့ ပုံစံမျိုးဖြစ်စေမယ်ပေါ့။

ဒီစကားလုံးက နည်းနည်းလေးစဉ်းစားစရာဖြစ်စေတယ်လို့ ယူဆတယ်။

နောက်တစ်ခုကတော့ ခုကနပြောတဲ့ တပ်မတော်ကိစ္စပေါ့နော် တပ်မတော်နဲ့ ပတ်သတ်ပြီး ဖော်ထုတ်လာတဲ့ လာတဲ့ဟာပေါ့ ဒါကတော့နည်းနည်းထူးခြားမှုတော့ရှိတယ်။ သို့သော်လည်းပဲ အဲဒီမှာတော့ အဓိပ္ပါယ်က တပ်မတော်အဓိကတာဝန်အဖြစ် နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများကို ကာကွယ်ရန်ဆိုတာ ဆိုလိုချင်တာက တပ်မတော်က နိုင်ငံကာကွယ်ရေးကို လုပ်ရမယ့်ဆိုတဲ့ဟာပေါ့နော်။ အဲဒီပုံစံမျိုးကိုသွားတဲ့ သဘောမျိုးကိုယူဆရတယ်။

ဒီဟာတွေ တကယ်လုပ်နိုင်ရင်တော့ ကောင်းတဲ့ကိစ္စဖြစ်တယ်။ ဒါကိုလည်းပဲ ကျွန်တော်တို့က တကယ်ဖြစ်ပေါ်လာဖို့ပဲ အားပေးတယ်ပေါ့ေ။ အားပေးထောက်ခံတယ်။ ဒီလိုမျိုးဖြစ်လာဖို့ ဆိုလိုချင်တာကတော့ တပ်မတော်ဆိုတာရဲ့ အလုပ်ကတော့ နိုင်ငံကိုကာကွယ်ဖို့တာဝန် နိုင်ငံကို အုပ်ချုပ်ဖို့ အတွက် သူ့မှာတာဝန်မရှိဘူး။ နိုင်ငံကိုအုပ်ချုပ်တာက ဒီမိုကရေစီစနစ်အရဆိုရင် ရွေးကောက်ခံအစိုးရကနေ အုပ်ချုပ်ရမှာဖြစ်တယ်။

နံပါတ်(၃)မှာ ပြန်ပြီးပြောထားတာရှိတယ်။ ဒီမိုကရေစီ စံနှုန်းစံထားများနှင့် အညီ ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် အစိုးရ၏ မူဝါဒအပေါ်ရပ်တည်ရမယ်။ ဆိုလိုချင်တာကတော့ အရပ်သားကြီးစိုးမိုးမှုကို မြှင့်တင်မယ်ဆိုတဲ့ သဘောမျိုးကိုပြောတာလားပေါ့။ ဒါမျိုးဆိုလိုရှိရင် ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ တပ်မတော်ကို တပ်မတော်တာဝန်ကိုပဲ ထမ်းဆောင်ဖို့ နောက်ပြီးတော့ အရပ်သားအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ လိုက်ဖို့ဆိုရင်တော့ ဒါကကြိုဆိုရမယ့်ကိစ္စ ထောက်ခံရမယ့်ကိစ္စလို့ ကျွန်တော်တို့ မြင်တယ်ပေါ့။

ဒီအချက်ပေါ်လာတဲ့ဟာကိုလည်း ကျွန်တော်တို့ သဘောကျတယ်။ အဲဒီအချက်နဲ့ ခုကနတုန်းက တစ်ဖက်ကလည်း ဒီမိုကရေစီဖက်ဒရယ်နဲ့ ညီညွတ်တဲ့ အခြေခံဥပဒေပေါ်ပေါက်ရေး ဆိုတဲ့ အချက်နှစ်ချက်ကို ကြည့်မယ်ဆိုလိုရှိရင်တော့ NLDက လာမည့် (၅)နှစ်မှာလည်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ နောက်ပြီးတော့ ဒီ နိုင်ငံရေးကနေ စစ်ဖက်ကို လျှော့ချရေး သို့မဟုတ် စစ်တပ်ကို ဖယ်ထုတ်ရေးပေါ့။ စစ်တပ်မပါဝင်ရေးပေါ့။ ဒါကို ဆက်ပြီး ဦးတည်ထားတယ်လို့မြင်တယ်။

ဒေါက်တာခင်ဇော်ဝင်း (တပ္ပဒီပအင်စတီကျူဒါရိုက်တာ)

မနှစ်ကစပြီး သူတို့ အခြေခံဖွဲ့စည်းပုံကို ပြင်မယ်ဆိုပြီး လုပ်ကြတယ်လေ။ လုပ်တာက မအောင်မြင်ဘူး။ အခုဒီဟာ (NLD ပါတီ ၂ဝ၂ဝ ရွေးကောက်ပွဲ ကြေညာစာတမ်း)ကို သူတို့က ဒီခေါင်းစဉ်မတပ်တော့ဘဲနဲ့ တခြားနည်းလမ်းနဲ့ပဲ သူတို့ ဆက်လုပ်မှာလား။ ခက်တာက သူတို့ ပေါ်လစီက အခုတစ်မျိုး အခုတစ်မျိုးကွ သိတယ်မို့လား။ ဟုတ်တယ်။ မှန်တယ်။

၂၀၁၅တုန်းက ဒါကိုပြင်မယ်ဆိုပြီးတော့ အတိအလင်းပြောပြီးတော့ လုပ်ခဲ့တာလေ။ ပြီးတော့ အစိုးရဖွဲ့တဲ့အခါကျတော့ ပထမသုံးလေးနှစ်မှာ ဘာဆို ဘာမှမလုပ်ဘူး။ သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်ကပြောတယ်။ ဖွဲ့စည်းပုံ အခြေခံပြုပြင်ရေးက ဒါသိပ်ပြီးတော့ ဦးစားပေးအဆင့်ထဲမှာမပါပါဘူးတဲ့ ပြီးတဲ့အခါကျတော့ နောက်ဆုံးနှစ်အခါကျတော့ ဝုန်းဆိုလုပ်တယ်။ ခက်တာက ဘယ်လို စိတ်နဲ့ လုပ်နေတာလဲ ဒီဟာက အခုတစ်မျိုး အခုတစ်မျိုးနဲ့လေ။ အခုဟာက ကိုယ်အမြင်ပြောရမယ်ဆိုရင် ကိုယ်ရှင်းရှင်းလင်းလင်းပြောပါမယ်။

ဒီဘဝမှာလည်း ကျင်လည်ခဲ့တာကြာပါပြီ။ ရွေးကောက်ပွဲ ကြေညာစာတမ်းဆိုပြီးတော့ ထွက်လာတယ်။ သဘောက မထွက်လို့ မရတော့ဘူးလေ။ ဟုတ်တယ်မို့လား လူတွေကမေးတော့မယ်လေ။ ဟုတ်တယ်မို့လား အဲဒါကြောင့်မို့လို့ အဖြစ်အနေနဲ့ပဲ ဒီဟာကိုပြောတာလား။ ဒီအခြေခံဥပဒေပြင်ဆင်ရေးကို မပါလို့ကလည်းမဖြစ်ဘူး။ အရင်တိုင်းထည့်မယ်ဆိုရင်လည်း ဟာ ခင်ဗျားတို့က ကြာလှပြီပြောနေတာ မနှစ်က လည်းမအောင်မြင်ဘူး ဒါလာပြီးလားဆိုပြီလား ဆိုပြီးတော့ လူတွေကမေးမှာကို ကြိုတင်မြင်လို့ ပြောမယ်ဆိုရင် တစ်ဖက်လှည့်နဲ့ စကားကိုပြောင်းလိုက်တာလို့ကိုယ့်ကတော့ ပိုပြီးတော့ ထင်တယ်။

ပြောမယ်ဆိုရင်တော့ပေါ့ကွာ ဟိုလိုလိုဒီလိုလိုဖြစ်သွားတာပေါ့။ မပြင်ဘူးလည်း မဟုတ်ဘူး ပြင်မယ်လည်း မဟုတ်ဘူး ဒါပေမယ့် ဒီဟာကထားခဲ့လို့မရဘူး ချန်ခဲ့လို့မရဘူး။ လူတွေက မေးတော့မယ်။ ခင်ဗျားတို့ အရင်တုန်းကပြောပြီးတော့ အခုကျတော့ ဘာလို့ချန်ခဲ့တာဖြစ်မယ်လေ။ တပ်မတော်နဲ့ ပတ်သတ်လို့ကတော့နည်းနည်းပိုပြီးတော့ ငြင်ငြင်သာသာ သုံးရတော့မယ်လေ။

ဒီကိစ္စမှာက ကိုယ်ဘယ်လိုလည်းဆိုတော့ လုံခြုံဖွံ့ဖြိုးရေးဆိုတာ လူထုအတွက်လေ သိတယ်မို့လား အဲဒီဝေါဟာရ အရင်ကသူတို့ မသုံးဖူးဘူး။ ဖွံဖြိုးရေး တိုးတက်ဖွံ့ဖြိုးရေးက တစ်မျိုးပေါ့။ အခုကလုံခြုံတယ်ဆိုတာ ပါလာတယ်။ တစ်ခုတော့ ရှိပါတာပေါ့။ အင်္ဂလိပ်လိုခေါ်မယ်ဆိုရင်တော့ Human Security ပေါ့။ လူသားတွေရဲ့ လုံခြုံမှုပေါ့။

အဲဒါက ဒီပဋိပက္ခနဲ့ ဖြစ်နေတာနဲ့ ပတ်သက်လို့ ဘဝလုံခြုံရေးကော အကုန်လုံးပါတယ်ပေါ့။ အဲဒါကို သူတို့ရည်ရွယ်တာလား။ သဘောက အချိန်ကတော့ မရှိတော့ပါဘူး။ သူတို့ ဒီလောက်ကြီးလုပ်နိုင်မယ်လို့ မထင်ဘူး။ ရွေးကောက်ပွဲ ကြေညာစာရွက်စာတမ်းဆိုတာက ဘာသာ၂ခုလုံးနဲ့ ထွက်နိုင်ရင်ပိုကောင်းနိုင်တယ်။ ဘယ်ဝေါဟာရ ဘာပြောလဲဆိုတာကို ရည်ညွန်းလို့ရတာပေါ့။

အခုဟာကဘယ်လိုလည်းဆိုတော့ အရင်က အရင်ကဆိုခဲ့တာ တောက်လျှောက်ဆိုခဲ့တာ အခြေခံဥပဒေကိုပြင်မယ်။ ပြင်မယ်ဆိုရင် ဒီတပ်မတော်ရဲ့ အခန်းကဏ္ဍကပါပြီလေ အခု အဲဒါကို သူတို့က တိုက်ရိုက်မပြောဘဲနဲ့ နည်းနည်းသိမ်သိမ်မွေ့မွေ့လေး တပ်မတော်ကို ဘယ်လိုအနေနဲ့ကိုင်တွယ်မယ်ဆိုတာကို သူကထည့်ထားတယ်။ နောက်တစ်ခုက တုံးတိကြီးလည်း သူအနေနဲ့က တပ်မတော်ကို ပြစ်ပြစ်ခါခါလုပ်လို့မရဘူး။ ဘာလို့လည်းဆိုတဲ့အခါကျတော့ ဒီရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲနှစ်ခုနဲ့ မတူဘူး။ မဲကတော်တော်လေးကွဲနိုင်တယ်။ ကွဲလည်းကွဲစေချင်တယ်။ အဆိုးမြင်တာမဟုတ်ဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာတောက်လျှောက်ကြည့်ခဲ့ တစ်ပါတီပဲ အုပ်ချုပ်ခဲ့တဲ့ အချိန်ကာလတွေက တိုင်းပြည်အတွက် ဘယ်တော့မှ အကျိုးမရှိဘူး။ အသံတွေ အကုန်လုံးပါရမယ်။ ဒီမိုကရေစီဆိုတာက ကြာမယ်ကွာ နားညီးမယ်ကွာ ခေါင်းရှုပ်မယ်ကွာ ဒါပေမယ့် လုပ်ကို လုပ်ရမယ် ဒီဟာက တစ်ခြားနိုင်ငံတွေရဲ့ သာဓကလည်းကြည့်ပါ။

ကိုယ်ပြောချင်တာဘာလဲဆိုတော့ တပ်မတော်ကို သူတို့လုံးဝ စွန့်လွှတ်လို့မရဘူးဆိုတဲ့ဟာက နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုလိုတာပေါ့ကွာ ဒီကိုဗစ်တွေ ဘာတွေမဖြစ်လို့ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ခဲ့မယ်ဆိုလိုရှိရင် အဲဒီရလဒ်ပေါ်မှာကြည့်ပြီးတော့ တပ်နဲ့တွဲရင် တွဲရလိမ့်မယ်။ ကိုယ့်ကတော့ အဲဒီဖက်ကို လမ်းစလေးနည်းနည်းမြင်တယ်။ အဲဒါကြောင့်မို့လို့ သူတိုအနေနဲ့က မလျော့မလွန် ပြောထားတယ်လို့ထင်တယ်။ ကိုယ်မြင်တာကတော့ အဲဒါတွေပါ။

တချို့ မိတ်တွေတွေကလည်း စိတ်ပျက်နေကျပြီ ဒါတွေပေါ့။ လာပြန်ပြီပေါ့။ ဒါပေမယ့်သူတို့ကလည်း ခက်တာက ဆုပ်လည်းစူး စားလည်းရူးပေါ့။ ဒီကြေညာစာတမ်းဆိုတာက မထုတ်လို့ကလည်းမရဘူး။ ပါတီကြီးဖြစ်နေပြီးတော့ အစိုးရကြီးဖြစ်နေပြီးတော့ ဟာခင်ဗျားတို့ ရွေးကောက်ပွဲ ဝင်ဦးမယ်။ ဘယ်မှာလဲ ခင်ဗျားတို့ ရွေးကောက်ပွဲကြေညာစာတမ်းဆိုတာက တစ်ခုခုတော့ သူတို့ ဖန်တီးရမယ်လေ။ ဖန်းတီးတဲ့အခါကျတော့ ဒီဟာကို သူတို့အနေနဲ့ စကားလုံးတွေကို သေချာရွေးပြီးတော့ ကိုယ်ကတော့ ဒီဟာကို ထုတ်လိုက်တယ်လို့ထင်တယ်။

ဦးမြအေး ( ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု)

ကျွန်တော်သိသလောက်ကတော့ ဖွဲ့စည်းပုံပြင်သွားမယ်ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံကို ဒီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ တစ်ခုပေါ်ဖို့ဆိုတဲ့ ညွှန်းထားတာကျွန်တော်တွေ့တယ်။ ဒါကပြောရမယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးက ပြီးခဲ့တဲ့ကာလမှာ မအောင်မြင်ခဲ့ဘူးပေါ့။
အဲတော့ ဒီဟာက ကျွန်တော်ထင်တာကတော့ လက်ရှိပင်လုံသဘောတူညီချက်နဲ့ ချိတ်ဆက်ပြီးဆက်သွားမလားလို့ တွေးမိတယ်။ နောက်တစ်ခုက တပ်မတော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေမှာတော့ ဘာပါလည်းဆိုတဲ့အခါကျတော့ အစိုးရမူဝါဒကို လိုက်နာဖို့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပါလာတယ်။

ဒါတွေကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ ခန့်မှန်းရခက်တာပေါ့။ ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီရွေးကောက်ပွဲ ကြေညာစာတမ်းတွေ ဆိုတာကတော့ ဒီလိုပဲ ပါတီအကုန်လုံးကတော့ ရေးကျတာပဲလေ လက်တွေ့မှာတော့ အကောင်အထည်ဖော်ဖို့ကတော့ ခက်ခက်ခဲခဲနဲ့ အကောင်အထည်ဖော်ရမယ့် အခြေအနေလို့ပဲ ယေဘုယျအားဖြင့် အဲလိုပဲ သုံးသပ်ချင်တယ်။

ဦးအောင်သူငြိမ်း ( ISP-Myanmar ပြင်ပဆက်ဆံရေး ဒါရိုက်တာ)

အရင်တုန်းက သူက ဦးတည်ချက် ၄ရပ် သဘောမျိုးရှိတယ်ပေါ့။ အဲဒီမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဇောင်းတင်ပြီး လုပ်ထားတယ်လေ အခုကျတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလား။ အဲဒါနဲ့ရောလိုက်တဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ အဲဒါမျိုးကတော့ ရှိမယ်လို့ ကျွန်တော်ထင်တာတယ်။

ဥပမာ တပ်မတော်ပိုင်းမှာကျတော့ Professional Army ဆိုတဲ့ သဘောမျိုးကိုလိုချင်တယ်။ နောက်တစ်ခုက ဒီ Army ဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တဲ့အစိုးရရဲ့ အောက်မှာဆိုတဲ့ သဘောမျိုးလည်း လိုချင်တယ်ပေါ့။ အဲလိုမျိုးတွေ့ရတယ်။ အကြောင်းအရာတွေကို တစ်ခုချင်းဆွေးနွေးနေမယ့်အစား ကျွန်တော့်အမြင်ကတော့ ဒီတိုင်းပြည်မှာပေါ့ဗျာ ပြဿနာတွေကို ဘာတွေလို့မြင်ထားလဲပေါ့။ ဥပမာ ကျွန်တော်တို့ဆီမှာ တပ်ကနိုင်ငံရေးထဲ ပါတဲ့ပြဿနာရှိတယ်။

ပြည်တွင်းစစ်ပြဿနာ တခြားပြဿနာ တိုင်းရင်းသားပြဿနာ ပေါင်းစုံတွေရှိတာပေါ့။ အဲလိုပြဿနာတွေကို ဘာတွေရှိလဲလို့ စဉ်းစားပြီးတော့မှ ကျွန်တော်က ဒီပြဿနာတွေအတွက် အဖြေတော့ ဒီလိုမြင်တယ်ဆိုတဲ့ဟာမျိုး သုံးသပ်သင့်တယ်လို့ ထင်တာပေါ့။ ဒါကျွန်တော့်အမြင်ပါ။ အဲတော့ ကျွန်တော့်အမြင်က စစ်ဖက်အရပ်ဖက်ဆက်ဆံရေးက ကျွန်တော်တို့ဆီမှာ ပြဿနာရှိသေးတယ်။ မပြေလည်ဘူးပေါ့။ အဲဒီတော့ မပြေလည်တာ ဘယ်လိုရှင်းမလဲပေါ့။

ဘယ်ရှင်းမလဲဆိုတဲ့အခါကျတော့ သူကတော့ ခုနပြောသလို အရပ်ဘက်ကို ဆွဲသွင်းဖို့ပဲ စဉ်းစားထားတာဖြစ်ပြီးတော့ အဲဒီလို မသွင်းခင် ကာလမှာ ဘယ်လိုသွားမလဲပေါ့။ ဒါမျိုးတွေ မစဉ်းစားဘူးလို့ထင်ရတာပဲ။ ဖွဲ့စည်းပုံက ပြီးခဲ့တဲ့ တစ်ခေါက်မှာ ကြိုးစားတယ် မအောင်မြင်ဘူးပေါ့။ ဒါကြောင့်မို့လို့ပဲ တစ်ချက် မှိန်လိုက်ချင်တာလား။ အဲဒါမျိုးလည်းစဉ်းစားမိတာပေါ့။

Photo Credit – Chair NLD

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts