All News interview Peace

“AA ဘက်ကလည်း နောက်ဆုတ်မသွားဘူးဆိုတဲ့ ပိုင်းဖြတ်မှုတွေ ရှိကောင်းရှိနိုင်တယ်။ တပ်မတော်ဘက်က အမြစ်ပြတ် ချေမှုန်းရေး လမ်းစဉ်ကို မစွန့်လွှတ်ဘူးပေါ့။ လူထုကိုပဲ ဆိုးဆိုးဝါးဝါးဖြစ်တာ..။ဒီလူတွေရဲ့ သမိုင်းမှတ်တိုင်ပဲ။ ဒီနေရာမှာ အစိုးရလည်းပါတယ်”

“AA ဘက်ကလည်း နောက်ဆုတ်မသွားဘူးဆိုတဲ့ ပိုင်းဖြတ်မှုတွေ ရှိကောင်းရှိနိုင်တယ်။ တပ်မတော်ဘက်က အမြစ်ပြတ် ချေမှုန်းရေး လမ်းစဉ်ကို မစွန့်လွှတ်ဘူးပေါ့။ လူထုကိုပဲ ဆိုးဆိုးဝါးဝါးဖြစ်တာ..။ဒီလူတွေရဲ့ သမိုင်းမှတ်တိုင်ပဲ။ ဒီနေရာမှာ အစိုးရလည်းပါတယ်”

By ရန်ကုန်ခေတ်သစ်

ရခိုင်မျိုးနွယ်စုများအစည်းအရုံးREC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းနှင့်ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်တွင်တွင် စစ်ဘေးသင့်ဒုက္ခသည် ပြည်သူ နှစ်သိန်းနှစ်သောင်းကျော်ရှိလာချိန်တွင် ဒုက္ခသည်များ၏ အခြေအနေမှာလည်း ဆိုးဝါးလာလျက်ရှိကြောင်း၊ ကိုဗစ်ကပ်ဘေးက တစ်ဖက်၊ စစ်ပွဲများကြောင့် တစ်ဖက်၊ စားဝတ်နေရေးနှင့် စီးပွားရေး အဆင်မပြေမှုများက တစ်ဖက်ဖြင့် ဒုက္ခများစွာကြားတွင် စစ်ဘေးသင့်ပြည်သူများ၏ ဘဝအခြေအနေမှာ ကယ်ကူရာမဲ့ အခြေအနေ ဆိုက်ရောက်လျက်ရှိသည်။ ရခိုင်စစ်ဘေးသင့်ဒုက္ခသည်များကို ကူညီပေးနေသော ရခိုင်မျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ရခိုင်မှာ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေက ၂ သိန်းကျော်လာပြီဆိုတော့ အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်မှာတော့ အကြမ်းဖျဉ်းတော့ ဒုက္ခသည်တွေထဲမှာ စခန်းထဲရှိတဲ့သူနဲ့ စခန်းပြင်ပရှိတဲ့သူဆိုပြီး တော့မှ ခွဲတာပေါ့။ စခန်းရောက်တဲ့သူတွေထဲမှာဆိုရင်တော့ ကိုဗစ် ဒုတိယလှိုင်းဖြစ်လာခဲ့တဲ့ အချိန်ကနေစပြီးတော့မှ ထောက်ပံ့ကူညီမှုတွေ ရပ်ဆိုင်းခဲ့တာပေါ့။ အစိုးရ ဌာနဆိုင်ရာတွေကော နိုင်ငံတကာ ပံ့ပိုးကူညီတဲ့အဖွဲ့တွေရော ဒေသခံ အဖွဲ့အစည်းတွေရော ကူညီထောက်ပံ့မှုတွေ သိပ်မလုပ်နိုင်ခဲ့ဘူး။ အဲဒါကြောင့်မို့လို့ ဩဂုတ်လ ၁ လလုံး ဒုက္ခရောက်ခဲ့တာရှိတယ်။

အခုစက်တင်ဘာလထဲမှာတော့ အစိုးရဘက်က ထောက်ပံ့နေတဲ့ ဆန်တွေလည်း တဖြည်းဖြည်းနဲ့ စခန်းတွေကို ရောက်လာတာရှိတယ်။ နောက် WFP တို့ ICRC တို့ကလည်း ကူညီမှုတွေ စပြီးလုပ်လာတယ်။ စခန်းအကုန်လုံးကိုတော့ မရောက်သေးဘူး။ အကူအညီ မရောက်နိုင်သေးတဲ့ စခန်းတချို့မှာတော့ အခက်အခဲတွေ အများကြီးကြုံနေရတယ်။ စားရေးသောက်ရေး ခက်ခဲတာပေါ့။

မေး။ ။ ဘယ်စခန်းတွေမှာ အဓိက စားရေးသောက်ရေး အခက်အခဲကြုံနေရလဲ။

ဖြေ။ ။ အထူးသဖြင်တော့ မြေပုံတို့ မင်းပြားဘက်က စခန်းတွေမှာ ဒီအခက်အခဲကြုံရတယ်။ သြဂုတ်လမှာတော့ စပြီးတော့ အစိုးရဘက်က ထောက်ပံ့လာတာရှိတယ်။ နောက်တစ်ခုက ကိုဗစ်ကာလမှာ စစ်ဘေးရှောင်တွေရဲ့ စီးပွားရေးကို ကုစားတဲ့အနေနဲ့ လူကယ်ပြန်ဌာနက အိမ်ထောင်စုတစ်စုကို ငွေကျပ် ၄ သောင်း ထောက်ပံ့တာရှိပါတယ်။ အဲဒီထောက်ပံ့ငွေတွေကလည်း တစ်မျိုးပြီး တစ်မျိုး ထောက်ပံ့လာတာရှိတယ်။ အကုန်လုံးတော့ မပေးနိုင်သေးဘူး။ တစ်ခုရှိတာက နည်းနည်းအခက်အခဲရှိတာက ထောက်ပံ့တဲ့ ပုံစံက စခန်းကော်မတီတွေက ပေးတဲ့အခါမှာ တချို့ စစ်ဘေးရှောင်တွေဆီကို အပြည့်အ၀ မရသေးတာလည်း သတင်းတွေ ကြားနေရတယ်ပေါ့။

ဆိုတော့ ဒီကိုဗစ်ကာလမှာ အပြင်သွားလာမှုတွေလည်း ကန့်သတ်ထားတယ်။ နောက်ဒေသတွင်းမှာ လည်း အထွေထွေအကျပ်အတည်းတွေ ကြုံလာရတဲ့အခါမှာ ဒီဟာတွေက စစ်ဘေးရှောင်တွေကို ပိုပြီးတော့မှ ဒုက္ခတွေ့စေတယ်ပေါ့။

မေး။ ။ အဲဒီတော့ ထောက်ပံ့မှုတွေက ဘယ်လောက်အတိုင်းအတာအထိ လုံလောက်နိုင်မလဲ။ အချိန်ကာလအားဖြင့်။

ဖြေ။ ။ ဒီအသေးစားထောက်ပံ့မှုတွေနဲ့ကတော့ လုံလောက်တယ်လို့ ပြောလို့မရဘူး။ လိုအပ်ချက်တွေ အများကြီးဖြစ်ပေါ်နေတယ်။ အထူးသဖြင့်တော့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့။ ဒါကို အစိုးရဘက်နဲ့ နိုင်ငံတကာကူညီပေးရေးအဖွဲ့တွေက စဉ်းစားပေးဖို့ လိုတာပေါ့။ နောက်တစ်ခုကကျတော့ စစ်ဘေးရှောင်စခန်းကို မရောက်လာနိုင်သေးသူတွေပေါ့။ အဲဒီမှာလည်း ကျနော်အမြဲပြောပါတယ်။ အဲဒါ ဘယ်သူတွေလဲဆိုတော့ စစ်ဘေးရှောင်စခန်းတွေက နေရာ မလုံလောက်တော့တဲ့အခါ စစ်ဘေးရှောင်စခန်းတွေလည်း အသစ်ဆောက်ခွင့်မရှိတဲ့အခါမှာ ဒီနီးစပ်ရာ ရွာတွေမှာ ဖြစ်သလို ခိုလှုံရသူတွေရှိတယ်။ ရပ်ကွက်တွေမှာ ခိုလှုံရသူတွေရှိတယ်။

နောက်ပြီးတော့ တချို့ဆိုရင် ဒုက္ခအကျပ်အတည်းတွေ အများကြီး။ တိုက်ပွဲတွေအများကြီးကြားထဲကပဲ ရပ်ရွာမှာ နေရတဲ့သူတွေလည်းရှိတယ်ပေါ့။ အဲဒီလိုမျိုးရှိတဲ့အခါကျတော့ ဒီလူတွေနဲ့ပတ်သက်ပြီး အစိုးရ ပံ့ပိုးကူညီမှုက မရှိဘူး။ နိုင်ငံတကာဘက်ကလည်း ပံ့ပိုးကူညီမှု အရမ်းနည်းတယ်။ သူတို့က ဒေသခံအဖွဲ့အစည်းတွေ Community Based Organization တွေ ကူညီထောက်ပံ့တာနဲ့ ဖြစ်သလို စားသောက်ပြီးတော့ နေရတယ်ပေါ့။

ဒီနေရာမှာလည်း မြို့ပြနဲ့ အလှမ်းဝေးပြီးတော့ အသွားအလာကျပ်တည်းတဲ့သူတွေဆိုရင် ပိုပြီးတော့ အကျပ်အတည်းဖြစ်ပါတယ်။ တချို့ ဝေးကွာတဲ့နေရာမှာတွေ ရှိတဲ့ စစ်ရှောင်နေရတဲ့သူတွေဆိုရင် အနီးအနားကျေးရွာမှာ ဖြစ်သလို နေရတဲ့အခါကျတော့ ကျွေးမွေးထောက်ပံ့မှုတွေက အရမ်းကို အခက်အခဲရှိတယ်။ သူတို့အနေနဲ့ ဆိုးဆိုးဝါးဝါးကြုံနေရတဲ့သူတွေရှိတယ်။ နောက်ပြီးတော့မှ ဒီကာလမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ့ရှိရတယ်ပေါ့။ ဆိုတော့ ကျန်းမာရေး ပြဿနာက ဘယ်လိုလဲဆိုတော့ ဒီလူတွေမှာက နဂိုကတည်းက ရာသီဥတုအပြောင်းအလဲ ကြောင့် ဖျားနာတာလည်းရှိတဲ့အပြင် အခြားရောဂါအခံရှိသူတွေလည်းပါတယ်။ အခုလို ကိုဗစ်ကာလမှာ ဟိုကိုပြေး ဒီကိုပြေးနေရတဲ့အခါကျတော့ ကူးစက်နိုင်ခြေက အရမ်းကိုများတယ်။ ကိုဗစ်မဟုတ်ဘဲနဲ့ အခြားရောဂါတွေကို ကုသဖို့ကလည်း အခက်အခဲရှိတာပေါ့။ ဆိုတော့ စားရေးသောက်ရေး ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာ စခန်း ပြင်ပ ရောက်တဲ့သူတွေရော၊ စခန်းထဲမှာ တချို့ ထောက်ပံ့မှုမရတဲ့သူတွေရော သူတို့မှာတော့ ဆိုးတဲ့အခြေအနေ ရောက်နေပြီ။

မေး။ ။ စစ်ဘေးရှောင်စခန်းတွေမှာ အစိုးရ ထောက်ပံ့မှု ရတဲ့သူတွေ ရာခိုင်နှုန်းဘယ်လောက်ရှိလဲ။

ဖြေ။ ။ ဒီစစ်ဘေးရှောင်စခန်းတွေထဲမှာ အစိုးရထောက်ပံ့မှုကို ရရှိတဲ့သူတွေကတော့ ကျနော်တို့ဒီ မေးမြန်းကြည့်တဲ့အတိုင်း ၇၀ ရာခိုင်နှုန်းလောက်ကတော့ ရရှိနေပြီ။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ On going Process မှာ ရှိတယ်လို့ပြောပါတယ်။

မေး။ ။ အခုလက်ရှိကတော့ အသွားအလာကန့်သတ်ထားတာတွေကရော ဖြေလျှော့ပြီလား။

ဖြေ။ ။ မရသေးဘူး။ မရဘူးဆိုတာက Public Transportation ကို ပိတ်ဆို့ ကန့်သတ်ထားတယ်။ သွားလာခွင့်ကန့်သတ်ထားတယ်။ ဒါပေမယ့်လည်း အခြေအနေပေးသလိုတော့ အနည်းငယ်သွားလာလို့တော့ ရတာတော့ တွေ့ရတယ်။ ခွင့်ပြုချက်ပေးထားတာမဟုတ်ပေမယ့် အနည်းငယ်သွားလာလို့ရတာရှိတယ်။ ဒါပေမယ့် အရမ်းကို နည်းပါးပါတယ်။

နောက်တစ်ခုက တချို့မြို့နယ်တွေ ကျေးရွာတွေမှာ သူ့အရပ်သူ့ဒေသအလိုက် သွားလာ ကန့်သတ်ထားတာတွေလည်းရှိပါတယ်။

မေး။ ။ ကျန်းမာရေး က ဘယ်လောက်ခဲလဲ။

ဖြေ။ ။ အခုရက်ပိုင်းဆိုရင် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာတဲ့သူတွေများလာတယ်။ ရာသီဥတုက ပြောင်းပြီဆိုတော့ ဆောင်းတွင်းကို ဝင်လာပြီဆိုတော့ ဖျားနာ ချောင်းဆိုးတာတွေ ဖြစ်လာတယ်။ တချို့ဆိုရင် ဆေးရုံဆေးပေးခန်း သွားဖို့လိုအပ်တယ်။ ဒါပေမယ့်လည်း အဲဒီလိုမျိုး အခြေအနေမရှိတဲ့အတွက်ကြောင့်မို့လို့ နီးစပ်ရာက စပ်ဆေးတွေနဲ့သောက်ပြီး နေရတဲ့သူတွေ အများကြီးရှိပါတယ်။

မေး။ ။ ဒုက္ခသည်တွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ။

ဖြေ။ ။ ဒါက ကျနော်ထင်တယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့သော်လည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရအနေနဲ့သော်လည်းကောင်း ပြည်သူလူထုကို လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ပေးနိုင်တဲ့အနေအထားက အရမ်းကို အကန့်အသတ်ရှိတယ်။ သူတို့မှာ ။ အားနည်းချက်တွေ အများကြီးရှိတယ်။ ဒါ အကုန်လုံးသိနေပြီးသားပဲ။ အဲဒီလိုအနေအထားမှာ ရခိုင်လိုနေရာဆိုတော့ တစ်ပူပေါ် တစ်ပူဆင့် ကိုဗစ်ရော စစ်ဘေးရော အပြင် ဒီဟာရဲ့ သက်ရောက်မှုတွေက အခြားသော စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ သွားထိတာကိုး။ သွားထိတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာ ဘက်က အားစိုက်ပါဝင်မှုကို ကောင်းကောင်းလုပ်နိုင်မှပဲ သက်သာရနိုင်တဲ့ အခြေအနေမှာ ရှိတယ်။

မဟုတ်ဘူးဆိုလို့ရှိရင်တော့ Silent Carrier တွေ အများကြီးဖြစ်ပြီးတော့မှ ပြန့်ပွားမှုတွေ အများကြီးဖြစ်ပြီးတော့ သေဆုံးမှုတွေ မြင့်တက်လာနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ရခိုင်မှာလည်းပဲ။

မေး။ ။ ဘယ်လောက်အထိ အခြေအနေ ဆိုးဝါးနိုင်သလဲ။

ဖြေ။ ။ အငတ်ဘေးကတော့ အရမ်းကြာသွားရင် ဖြစ်လာနိုင်ခြေရှိတယ်လို့ ထင်တယ်ပေါ့။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ရခိုင်မှာတော့ ရှိတဲ့ဟာနဲ့ကတော့ အများစု မျှဝေပြီးတော့ ကျခံနေရတဲ့သဘောဖြစ်တာပေါ့။ အလှူအတန်းရယ်လို့ မဟုတ်တော့ဘူး။ မရှိလို့ရှိရင် ရှိတဲ့သူက မျှဝေပြီး ကျွေးမွေးစောင့်ရှောက်နေရတာပေါ့။ ဒီလိုမျိုးနဲ့သွားနေရတဲ့အတွက် လောလောဆယ်မှာတော့ ငတ်မွတ်နိုင်တဲ့အခြေအနေအထိ မရောက်ပေမယ့်လည်း ဒီရေရှည်လာမယ်ဆိုရင် နှစ်နဲ့ချီကြာလာမယ်၊ မိုးရာသီလို သဘာဝဘေးတွေ အခြေအနေ ကျရောက်လာမယ်ဆိုရင် ဒါက အငတ်ဘေးကြုံနိုင်တယ်။

မေး။ ။ ဖြည့်စွက်ဘာပြောချင်လဲ။

ဖြေ။ ။ ဒီလို တစ်ကမ္ဘာလုံးမှာ အရမ်းကို ဆိုးဝါးတဲ့ ရောဂါတစ်ခုကို တကယ့်ကိုပဲ အစွမ်းကုန် ကြိုးစားပြီး ကာကွယ်နေရတဲ့အချိန်မှာ ကျနော်တို့မှာ ကျနော်တို့ဒေသမှာ တိုက်ပွဲတွေက ဖြစ်နေတယ်။ တိုက်ပွဲကို တိုက်နေတဲ့သူတွေမှာလည်း ကြည့်လိုက်တဲ့အခါကျတော့ သူတို့မှာ စစ်ရေးရည်မှန်းချက်တွေကို မလျှော့ဘူးဗျ။ ဆိုပါစို့ AA ဘက်ကလည်း သူတို့ စိုးမိုးရရှိထားတဲ့ နေရာတွေကနေ နောက်ဆုတ်သွားဖို့ သူတို့မှာ နောက်ဆုတ်မသွားဘူးဆိုတဲ့ ပိုင်းဖြတ်မှုတွေ ရှိကောင်းရှိနိုင်တယ်။ ဒီလိုမျိုးတွေ တွေ့နေရတယ်။ တစ်ဖက်မှာလည်းပဲ တပ်မတော်ဘက်က အမြစ်ပြတ် ချေမှုန်းရေး လမ်းစဉ်ကို မစွန့်လွှတ်ဘူးပေါ့။

အဲဒီလိုမျိုး ထိပ်တိုက်ဖြစ်နေတဲ့ အခါကျတော့ ဒီအကျိုးဆက်တွေက ပြည်သူလူထုကိုပဲ ဆိုးဆိုးဝါးဝါးဖြစ်တာကိုး။ ကိုဗစ်ကလည်း ရှိနေတဲ့အခါကျတော့။ ဒါကြောင့်မို့လို့ ကျနော်တို့က ဘာပြောချင်လဲဆိုတော့ ဒီလိုသာ ရောဂါကြီးက လည်း မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေတဲ့ အခြေအနေရောက်မယ်၊ နောက်တိုက်ပွဲတွေကိုလည်းပဲ အခုလို စစ်ဆင်ရေးတွေ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်နေမယ်ဆိုရင်တော့ ဒါက လူထုမှာ တကယ့်ကို ဆိုးဆိုးဝါးဝါး အန္တရာယ်တွေ ကြုံလာရမယ်။ အသေအပျောက်တွေ အများကြီးများလာမယ်ဆိုရင် ဒီလူတွေရဲ့ သမိုင်းမှတ်တိုင်ပဲ။ ဒါက ။ ဒါကို ရှောင်လို့မရဘူး။ ဒီနေရာမှာ အစိုးရလည်းပါတယ်။ အစိုးရဆိုတာက ပြည်သူလူထုအပေါ်ကို ကာကွယ်ဖို့အတွက် အဓိက တာဝန်ရှိတဲ့အတွက်ကြောင့်မို့လို့ အစိုးရအနေနဲ့ ဒီအခြေအနေမှာ အားစိုက် မဆောင်ရွက်ဘူးဆိုရင် သူတို့လည်း ပါသွားမှာပဲ။ ဒါက ဘယ်အစိုးရပဲ တက်တက်ပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts