Local News Peace political news

AA နှင့်ပူးပေါင်းဆောင်ရွက်နေသော ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းနှင့်နိုင်ငံများ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ ချိုးဖောက်နေဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

AA နှင့်ပူးပေါင်းဆောင်ရွက်နေသော ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းနှင့်နိုင်ငံများ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများ ချိုးဖောက်နေဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ အောက်တိုဘာ ၂၄

AA နှင့်ပူးပေါင်းဆောင်ရွက်နေသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့်နိုင်ငံများသည် ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

AA သည် အစိုးရဝန်ထမ်းများနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ AA နှင့် ပူးပေါင်းပါဝင်သူများသည် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

” AA က ဖမ်းဆီးထားတဲ့ ဝန်ထမ်းတွေထဲမှာ ဝန်ထမ်းဆိုတာမှာ စစ်သည်တွေ ပါပါတယ်။ ရဲမှုထမ်းတွေ ပါပါတယ်။ လ၀က ဝန်ထမ်းတွေပါပါတယ်။ အခြားဝန်ထမ်းတွေပါပါတယ်။ ဝန်ထမ်းပေါင်း ၄၀​ ကျော်ရှိပါတယ် ။ အရပ်သား ၃၂ ဦးကျော်ရှိပါတယ်။ အဲဒီအထဲကမှ မီးသတ်တပ်ဖွဲ့ ဝင် ၁၁ ဦးနဲ့ အရပ်သား ၃ ဦးပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ သတ်ဖြတ်ခဲ့သူတွေထဲမှာ ဝန်ထမ်း ၁၀ဦးကျော် အရပ်သား ၃၆ ဦးကျော်ရှိပါတယ်။ ၎င်းတို့ ထောင်ထားတဲ့ မိုင်းနင်းမိလို့ သေဆုံးသူ ၂၁ ဦး ၊ ဒဏ်ရာရ ၆၀ ဦးကျော်ရှိပါတယ်။ လတ်တလော အရပ်သားဖမ်းဆီးမှုအနေနဲ့က ဒီလ ၁၄ ရက်နေ့မှာ NLD ပါတီစည်းရုံးရေးဆင်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲဝင်မယ့် သူတွေကို ဖမ်းဆီးသွားတဲ့ကိစ္စ၊ ဒီလ ၂၁ ရက်နေ့မှာ ရသေ့တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနဲ့အတူ လိုက်ပါပြီး တိုက်ပွဲရှောင် ပြည်သူတွေကို ထောက်ပံ့ပစ္စည်းတွေသွားပို့နေတဲ့ ရသေ့တောင်က ရပ်မိရပ်ဖ ၂ ဦးကို ဖမ်းဆီးခဲ့မှုတို့ပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

AA သည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ပြည်တွင်းဥပဒေအပြင် အပြည်ပြည်ဆိုင်ရာဥပဒေဖြစ်သည့် ဂျီနီဗာကွန်ဗင်းရှင်းများ၏ ဘုံအာတီကယ် ၃ ၊ အပိုဒ်ခွဲ(၁)နှင့် အပိုဒ်ခွဲငယ်(က)များပါ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်နေသည်ဟု ၎င်းက ဆိုသည်။

“AA အကြမ်းဖက်သောင်းကျန်းသူများမှာ အကြမ်းဖက်အဖွဲ့အစည်း မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့အဖွဲ့အစည်းဖြစ်ပြီး ပြည်တွင်းဥပဒေ တွေ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ဗြောင်ကျကျပဲ ချိုးဖောက်လျက်ရှိပါတယ်။ ပြည်တွင်းဥပဒေနဲ့ပတ်သက်ပြီးတော့ အကျယ်ချဲ့မပြောတော့ဘူး။ AA ရဲ့လုပ်ဆောင်ချက်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ နိုင်ငံတွေဟာလည်း ပြည်တွင်းဥပဒေတွေ အပြည်ပြည်ဆိုင်ရာဥပဒေတွေ ချိုးဖောက်နေသူတွေဖြစ်တယ်လို့ပဲ ကျနော်ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။

AA အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်လိုပါက ၎င်း၏ မူဝါဒများကို ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ငြိမ်းချမ်းရေးအတွက် ဘယ်လိုပဲ ဆွေးနွေးကြပါ။ ပစ်ခတ်တိုက်ခိုက်မှုမရပ်စဲဘဲနဲ့တော့ ငြိမ်းချမ်းရေးသည် ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး ။ ပထမအဆင့် သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားဖို့ အရေးကြီးတယ်။ ပစ်ခတ်တိုက်ခိိုက်မှု ရပ်စဲသွားဖို့အတွက် အခု ကျနော်တို့ ဆောင်ရွက်နေတဲ့ အခုလက်ရှိအတည်ဖြစ်နေတဲ့ NCA စာချုပ်မှာ အားလုံးပါဝင်ဖို့ဆိုတာကို ဦးတည်ပါတယ်။ ဒီဟာကို ပါဝင်ဖို့ဆောင်ရွက်တဲ့နေရာမှာ NRPC အနေနဲ့ နည်းလမ်းမျိုးစုံကို နိုင်ငံရေးအရ ခုနက ပြောတဲ့ တံခါးဖွင့်ထားတယ်။ ဆွေးနွေးကြပါဆိုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ထားပြီးဖြစ်တယ်။ ကျနော်ပြောလိုတာက AA အနေနဲ့ကတော့ ဒီကနေ တံခါးဖွင့်ထားတဲ့ လမ်းကြောင်းကနေ ဝင်ဖို့အတွက်ကျတော့ လက်ရှိ သူတို့ ထုတ်ပြောနေတဲ့တို့တာဝန်အရေးသုံးပါး ပြည်ထောင်စုပြိုကွဲစေမယ့် ဥစ္စာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲစေမယ့် ဟာတွေကို ရှောင်ရှားဖို့လိုတယ်။ သူတို့မူဝါဒကိုတော့ ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts