All News Election interview

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်တိုင်း ရင်းသားနှင့်ကရင့်ပါတီများကိုသာ မဲပေးရန် KNU ကြေညာမှု တိုင်းရင်း သားများအတွက် သက်ဆိုင်ရာတိုင်း ရင်းသားပါတီများကိုသာ မဲပေးရန် တပ်လှန့်နှိုးဆော်မှုဖြစ်လာ

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားနှင့်ကရင့်ပါတီများကိုသာ မဲပေးရန် KNU ကြေညာမှု တိုင်းရင်းသားများအတွက် သက်ဆိုင်ရာတိုင်းရင်းသားပါတီများကိုသာ မဲပေးရန် တပ်လှန့်နှိုးဆော်မှုဖြစ်လာ

By ရန်ကုန်ခေတ်သစ်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး KNU က NCA ၅ နှစ်မြောက် လက်မှတ်ရေးထိုးမှု အဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ကရင်အမျိုးသားများနှင့် ကရင့်ပါတီများကို ရွေးကောက်ပွဲတွင် တခဲနက် မဲပေးကြခြင်းဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အားကိုယ်တိုင်ပါဝင်ကာ တစ်ဆင့်ပြီး တစ်ဆင့်ရယူကြရန် တိုက်တွန်းထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်သည် ကရင်နိုင်ငံရေးပါတီများကိုသာ ကရင်တိုင်းရင်းသားများ မဲပေးကြ ဟူသော လှုံ့ဆော်မှုသည် အခြားသော တိုင်းရင်းသားနယ်မြေများတွင်လည်း လက်ရှိ အာဏာရ NLD ပါတီနှင့် အခြားပါတီများကို မဲမပေးတော့ဘဲ သက်ဆိုင်ရာ တိုင်းရင်းသားပါတီများကိုသာ မဲပေးကြရန်ဆိုသော တပ်လှန့်နှိုးဆော်မှု တစ်ရပ်ဖြစ်လာကြောင်း တိုင်းရင်းသားများက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက KNU ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကရင်နိုင်ငံရေးသမားတချို့ကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါ်နော်အုန်းလှ (ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း)

“နဂိုကတည်းကလည်း ကရင်လူထုတော်တော်များများကလည်း ဒီတစ်ခါတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ အဓိကက တိုင်းရင်းသားတွေအားလုံးက တိုင်းရင်းသားပါတီတွေကို မဲပေးဖို့ တိုက်တွန်းတာပေါ့။ အဲဒီပေါ်မှာတော့ KNU ကလည်း အမှန်တကယ်က အခုထုတ်တာနဲ့ ပတ်သက်ပြီးတော့ အန်တီတော့ သေချာမဖတ်ရသေးဘူးပေါ့။

အရင်သဘောထားတွေက အဲလိုမဟုတ်ဘူး။ အရင်သဘောထားတွေက အန်တီတို့ အစည်းအဝေးတက်တုန်းကတော့ သူတို့က လက်တွဲဖော်ပါတီ မိတ်ဖက်ပါတီပေါ့။ လက်တွဲဖော်ပါတီဆိုပြီး သူတို့ရေးထားတာရှိတယ်။ အဲအတွက်လည်း အန်တီတို့ထောက်ခံဝန်းရံပေးဖို့ သူပြောတယ်ပေါ့။ သဘောကပြောချင်တာက မိတ်ဖက်ပါတီလို့နားလည်တယ်။ သူကတော့ လက်တွဲဖော်ပါတီပေါ့။ အဲလိုမျိုးရေးထားတာရှိတယ်။ ဒါက အရင်ကိစ္စပေါ့။

အခုတော့ အန်တီ မဖတ်ရသေးတော့မပြောတတ်ဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေအနေနဲ့ကတော့ ဒီလိုမျိုးထွက်တဲ့အခါကျတော့ တိုင်ရင်းသားလက်နက်ကိုင်တွေကလည်း ဒီရဲ့အပေါ်မှာတော့ သူတို့သဘောထားတွေကတော့ ဒီအတိုင်းရှိမယ်လို့တော့ အန်တီထင်တယ်။ သူကတော့ ထောက်ခံတယ်ဆိုတာထက် မြေပေါ်အခြေအနေကိုတော့ လက်ရှိမှာတော့ သူတို့လည်း တကယ်တမ်းကျရင်တော့ ငြိမ်းချမ်းရေးစကားပြောနေတဲ့အခါကျတော့ ဒါကို အားပေးတဲ့အနေအထားတော့ရှိတာပေါ့။

အန်တီကတော့ တိုင်းရင်းသား အားလုံးဟာလည်း ကိုယ့်တိုင်းရင်းသားပါတီကို အားပေးဖို့ အား လုံးလည်း လှုံ့ဆော်နေတဲ့ အခြေအနေရှိတဲ့အတွက် သူတို့လည်းလုပ်ရမယ့် အနေအထားတစ်ခုမို့လို့ ဒါကိုထုတ်ပြန်တယ်လို့ အန်တီမြင်ပါတယ်။ NCA အနေအထားကတော့ ရပ်လိုက်သွားလိုက်ရှိတာပေါ့။ ဒါပေမယ့် ဒီဟာကတော့ ရွေးကောက်ပွဲမှာ ကရက်ပါတီတွေအနေနဲ့ ဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် လူထုကို တပ်လှန့်နှိုးဆော်လိုက်တယ်လို့ စိတ်ထဲမှာမြင်ပါတယ်။

ကိုစောအဲလဘတ်ချို (တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)

ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလအမြင်ကတော့ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့က ကရင်တွေ လွှတ်တော်ထဲမှာ များများပါဝင်လာအောင်သူက ပံ့ပိုးချင်တဲ့ သဘောမျိုးပါ။ ဘာဖြစ်လဲဆိုတော့ သူတို့ဒီ NCA လက်မှတ်ထိုးပြီးတဲ့ ကာလတစ်လျောက်လုံးမှာ ကရင်ကို ကိုယ်စားပြုတဲ့ ကရင်အမတ်တွေက အရမ်းနည်းနေတယ်ပေါ့။

များသောအားဖြင့် ကရက်တချို့က ဒီNLD ထဲမှာပဲ ဝင်ပြီးတော့မှ ဒီရွေးကောက်ပွဲထဲဝင် လွှတ်တော်ထဲရောက်လာတာပေါ့။ လာမယ့် ၂ဝ၂ဝမှာ အကယ်၍ ကရင်တွေက ဒီလွှတ်တော်ထဲမှာ များများရှိလာမယ်ဆိုရင် စကားပြောတာပိုပြီးတော့ ပါဝါရှိလာမှာပေါ့။ သူက ဒီလိုမျိုးလွှတ်တော်တွင်းကနေ ပါဝါရှိလာအောင် တစ်ခုရယ်။ ပြီးတော့ ဒီလွှတ်တော်ပြင်ပ NCA လမ်းကြောင်းကနေ တစ်ခုရယ်။ ဒီ ၂ခုလုံးနဲ့ ပိုပြီးတော့ ၂ ဖက်အညီ သူတို့ကစားနိုင်ဖို့ အဲလိုတိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပိုလုပ်လာနိုင်ဖို့ အဲအတွက်ကြောင့်မို့လို့ ဒီလိုမျိုး ကရင်တွေကိုပဲ မဲပေးပါပေါ့။

ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ကာလတလျှောက်လုံးမှာ NLD အနိုင်ရခဲ့ပေမယ့် သူတို့ NCA လမ်းကြောင်းပေါ်မှာ သူတို့အလုပ်လုပ်ရတာ အခက်အခဲဖြစ်လာတယ်။ ပြီးရင် ကရင်တွေကလည်း ဒုက္ခတွေရောက်တယ်။ ပြီးရင် NLD ထဲမှာပဲရှိနေတဲ့ သူတွေကလည်း ပါတီရဲ့လွှမ်းမိုးမှုနဲ့ သူတို့ဘာမှမလုပ်နိုင်ဘူး။ ဒီအတွက်ကြောင့်မို့ ကရင်တွေက ကိုယ့်ရဲ့ ကရင်ပါတီကို မဲပေးမယ်။ ကိုယ့်ကရင်ပါတီကလူတွေ လွှတ်တော်ထဲရောက်လာမယ်ဆိုရင် ကရင်အတွက်ပိုပြီး အခွင့်အရေးရှိလာမယ်။

KNU လုပ်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လည်း ပိုပြီးတော့ အဆင်ပြေလာမယ်ပေါ့။ နောက်ပြီးတော့ KNU က NCA လက်မှတ်ရေးထိုးတဲ့အချိန်မှာ သူ့ကြောင့် NCA ကိုမပျက်စေရဘူးပေါ့။ သူအဲလိုမျိုး ကတိပေးခဲ့တယ်ပေါ့။ ဒီအတိုင်းပဲ သူဆက်သွားမယ်။ ဒီလိုဆက်သွားတဲ့အချိန်မှာ အင်အားပိုပြီးတော့ တောက်တင်းလာအောင် ကရင်လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးအတူတူကစားမယ်ပေါ့။ အဲလိုမျိုးမြင်ပါတယ်။

ဒေါ်နော်သဇင်တုပ် (ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဗဟိုတွဲဖက် အတွင်းရေးမှူး)

၂ဝဝ၈ ဖွဲ့စည်းပုံကိုပဲ ပြောပြောပေါ့။ အာဏာရနေတဲ့ ပါတီတွေပဲဖြစ်ဖြစ် တိုင်းရင်းသားတွေအခွင့်အရေးက ကျွန်မတို့က အများကြီးဆုံးရှုံးတယ်။ နောက်ပြီးတော့ လက်နက်ကိုင် လမ်းစဉ်ကိုလည်း ကျွန်မတို့ ညှိနှိုင်းခွင့်မရခဲ့ဘူးပေါ့။ ညှိနှိုင်းတာ ကျွန်မတို့ ရည်ရွယ်ချက်အထိ မရောက်ခဲ့ဘူးပေါ့။ ဒီပေါ်မှာ ကျွန်မတို့က ဒီဟာကို ပြန်လည်ပြီး စဉ်းစားရပြီပေါ့။

တိုင်းရင်းသားပါတီတွေကော တိုင်းရင်းသားလက်နက်ကိုင်တွေကော ပြန်လည်သုံးသပ်တာပေါ့။ ပြန်လည်သုံးသပ်တဲ့ သဘောထားအပေါ်မှာတော့ ကျွန်မတို့ကတော့ ဒီငြိမ်းချမ်းရေးကို လမ်းကြောင်း ၂ကြောင်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ သဘောထားပါပဲ လက်နက်ကိုင်လမ်းစဉ်ကလည်း NCA နဲ့သွားသလို ကျွန်မတို့ တိုင်းရင်းသားပါတီတွေကလည်း ၂ဝဝ၈ နဲ့ လွှတ်တော်လမ်းကြောင်းကနေ ကျွန်မတို့ပြန်ဝင်ပြီးတော့မှ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးပြဿနာကို ပြန်လည်ပြီးတော့ ဖြေရှင်းကျမယ်ဆိုတဲ့ သဘောထားပါပဲ။ ကောင်းတဲ့ လက္ခကိုပဲပြောရမှာပေါ့။

ကျွန်မတို့ ဒါကြိုးစားကြည့်ရမယ်လေ။ ဘာဖြစ်လဲဆိုတော့ အရင်လမ်းကြောင်းတွေနဲ့ သွားတဲ့အချိန်က ကျွန်မတို့ ထင်သလို မပေါက်ခဲ့ဘူးပေ့ါ။ ထင်သလို မပေါက်ခဲ့တဲ့ အခါကျတော့ ဒီဟာကတော့ နောက်တစ်လမ်းနဲ့ ပြန်ကြိုးစားတဲ့သဘောပေါ့။ ဒါက ကျွန်မတို့ ကြိုးစားတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့အခါကျေတာ့ အခုချိန်မှာ စဉ်းစားလို့ရတဲ့အကောင်းဆုံးလမ်းကြောင်းပေါ့။ ဒါကတော့ ကောင်းတဲ့ လက္ခဏာကို သွားဖို့အတွက်ပဲ တိုင်းရင်းသားစည်းလုံးစည်းလုံး ညီညွတ်ရေးနဲ့ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးကိုပဲ ကျွန်မတို့ သွားဖို့ဆိုတဲ့ ကျွန်မတို့ ရည်ရွယ်ချက်ခြင်း တူတူပဲပေါ့ဆိုတော့ ကောင်းတဲ့ လက္ခဏာလို့ပဲ ကျွန်မတို့ယူဆတာပေါ့။

KNU မှာကတော့ ကြီးကျယ်တဲ့တိုက်ပွဲတော့မရှိပါဘူး။ ဒါပေမယ့် ခုနကလိုပေါ့။ နောက်ခြေမှာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုမရှိတော့ နားလည်းမှုလွဲပြီးတော့ ပစ်တာတို့ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ ဖြစ်တာတို့ ဒီလောက်ပဲရှိပါတယ်။ တိုက်ပွဲကြီးကြီးကျယ်ကျယ်ရယ်တော့ကျွန်မတို့ဆီမှာမရှိပါဘူး။ အခုအနေအထားက ကျွန်မတို့ အဆင့်တစ်ခုကို ရောက်လာပြီပေါ့။ ကျွန်မတို့လုပ်တဲ့ကိုင်တဲ့နေရာမှာ တခါတလေကျရင် အပေါ်နဲ့အောက်ခြေကြားမှာထဲမှာတော့ ကျွန်မတို့ နည်းနည်းလေးဟနေတဲ့အပိုင်းတော့ ရှိနေတာပေါ့။

ရှိနိုင်တယ်ဆိုပေမယ့်လည်း အရင်ထက်ဆိုင်ရင်တော့ ကျွန်မတို့ အများကြီးတိုးတက်လာတယ်ပေါ့။ တိုးတက်လာတဲ့အနေထားဖြစ်တဲ့အတွက်ကြောင့် ကျွန်မကတော့ အကောင်းမြင်ဝါဒနဲ့ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားဖို့ နည်းစပ်လာတယ်။ ကျွန်မတို့ ဖက်ဒရယ်ကို ကောင်းကောင်းမွန်မွန် ယုံကြည်မှုနဲ့ တည်ဆောက်နိုင်မယ်ဆိုရင် ကျွန်မတို့ အကောင်းဆုံးဖြစ်သွားမှာပေါ့။

Photo Credit- KPP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts