All News Business interview

အစိုးရဝန်ထမ်းကားပါမစ်များကြောင့် ကားစျေးကျဆင်းပြီး ဘယ်ကိုင်းမော်ဒယ်မြင့်ကားများ အရှုံးပေါ်နိုင်ဟုဆို

အစိုးရဝန်ထမ်းကားပါမစ်များကြောင့် ကားစျေးကျဆင်းပြီး ဘယ်ကိုင်းမော်ဒယ်မြင့်ကားများ အရှုံးပေါ်နိုင်ဟုဆို

By ရန်ကုန်ခေတ်သစ်

အစိုးရက စက်တင်ဘာ ၂၉ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို မော်တော်ယာဉ် တင်သွင်းခွင့်၊ ဝယ်ယူခွင့်ပြုသည့် ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်း ကြေ ညာလိုက်ပြီး ယင်းကြေညာချက်တွင် အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များအတွက် သိန်း ၅၀၀ နှင့်ညီမျှသော CIF တန်ဖိုးရှိ ကားတင်သွင်းခွင့်ပြုခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်များအတွက် သိန်း ၃၀၀ နှင့်ညီမျှသော CIF တန်ဖိုးရှိ ကားပါမစ်၊ ညွှန်ကြားရေးမှူးနှင့်ဒုတိယ ညွှန်ကြားရေးမှူးအဆင့်များအတွက် သိန်း ၃၀၀ နှင့်ညီမျှသော CIF တန်ဖိုး၊ လက်ထောက်ညွှန် ကြားရေးမှူးနှင့် အောက်အဆင့်များအတွက် သိန်း ၃၀၀ နှင့်ညီမျှသော စက်ရုံထုတ်ရောင်းစျေး ကားပါမစ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး ပင်စင်ယူရန် ၃ နှစ်အလို နိုင်ငံ့ဝန်ထမ်း အရေအတွက်မှာ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း အင်အား ၁၁ သိန်း၏ ၁ ရာခိုင်နှုန်းကျော်သာရှိသည့် အတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံ့ဝန်ထမ်းများနည်းတူ ယင်းတို့အင်အား၏ ၁ ရာခိုင်နှုန်းကျော်အား မော်တော်ယာဉ် တင်သွင်းခွင့်၊ ဝယ်ယူခွင့်ပြုထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကားပါမစ်များ ချထားပေးမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ကားစျေးကွက်ကျွမ်းကျင်သူများကို ဆက်သွယ် မေးမြန်းထားပါသည်။

ဦးအောင်သန်းဝင်း ၊ ဥက္ကဋ္ဌ ၊မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်)

မေး။ ။အစိုးရက နိုင်ငံ့ဝန်ထမ်းတွေကို ကားပါမစ်ချပေးတဲ့အတွက် ကားစျေးကွက် ဘယ်လိုတွေဖြစ်မလာမလဲ။

ဖြေ။ ။ကားစျေးကွက်တော့ လက်ရှိ ဘယ်ကိုင်းတွေ ဝယ်ထားတဲ့လူတွေကတော့ ကျိုးတာပေါ့ကွာ။ ဘယ်ကိုင်း တွေ SKDတို့ ဘာတို့ နိုင်ငံခြားကနေ ဘယ်ကိုင်းသွင်းထားတဲ့လူတွေကတော့ ဘာဖြစ်လိုလဲဆိုတော့ လက်ရှိသွင်းတဲ့ဟာက သူက အခွန်တွေ မပါဘူးလေ။ အခွန်မပါဘူး အင်ဂျင်ပါဝါပေါ်မှာမူတည်ပြီးတော့ အင်ဂျင်ပါဝါကလည်း ၅၀ ရာခိုင်နှုန်းချပေးမယ်ဆိုတော့ အဲဒါကလည်းအများကြီးသက်သာတယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။

ပထမသွင်းထားတဲ့ ကားတွေထက်ကိုတော့ သူက ၂၀၁၇ ၊ ၂၀၁၈က စသွင်းရမယ်ဆိုတော့ အခု ၂၀၁၇ ၊ ၂၀၁၈သွင်းထားတဲ့ကားတွေ ဘယ်ကိုင်း မှန်သမျှကတော့ ဝန်ထမ်းပါမစ်နဲ့ ပတ်သက်လာလို့ရှိရင် အဲဒါ သူတို့က ရှုံးတာသေချာသွားပြီ။ ဘာလိုလဲဆိုတော့ သူတို့က ဟိုဟာတွေ ဆောင်ထားတာကို ဆိပ်ကမ်းခွန်တို့ ဘာတို့ညာတို့ ဆောင်ထားတာ အင်ဂျင်ပါဝါတစ်ခုဘဲ ဒီ ကညန တစ်ခုပဲ ၅၀ ရာခိုင်နှုန်းဆောင်ရတာလေ။

ဆိုတော့ အခု ဝန်ထမ်းပါမစ်ကလည်း အင်ဂျင်ပါဝါနဲ့ပတ်သက်လို့ ၅၀ ရာခိုင်နှုန်းပဲဆောင်ရတယ်ဆိုတော့ အများကြီးက ဟသွား အများကြီးသက်သာသွားတယ်။ အဲဒါတော့ ထားပါတော့ အတူ တူပဲ။ ဒါပေမယ့် သူက ဆိပ်ကမ်းခွန်တို့ ဆိပ်ကမ်းထုတ်တဲ့အခွန်အခတွေက အများကြီးလုံးဝမပါတော့ဘူးလေ။ မပါတော့ဘူးဆိုတော့ အဲဒါတွေ အပြင်ကဝယ်တဲ့ အရင်တစ်ခါသွင်းထားထက်စာလို့ရှိရင် ဒါတွေဟသွားပြီ ဟသွားတယ်ဆိုတော့ အရင်ပထမဝယ်ထားတဲ့ ဟာတွေက အရှုံးပဲလေ။ ရှုံးတယ်ဆိုတာတော့ ဘာတတ်နိုင်မှာတုန်း။

အခုဟာက ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင် ရောင်းဝယ်လည်းဘာမှမဖြစ်ဘူး ကိုဗစ်ကာလဖြစ်သွားတဲ့ အချိန်အခါကျတော့ အခုဟာကလည်း စလစ်တွေက များသောအားဖြင့် ဝန်ထမ်းတွေကလည်း ပြောတော့သာပြောတာ လူဦးရေကလည်းသိပ်တော့မရှိပါဘူး။ များသောအားဖြင့် ဒါပေမယ့်ရှင်းရှင်းပြောရမယ်ဆိုရင် မဝယ်နိုင်တာ ၉၀ ရာခိုင်နှုန်းလောက်မဝယ်နိုင်တဲ့လူများတယ်။

ပြန်ရောင်း စားကြမယ့်သူတွေကြီးပဲ။ ဒါပေမယ့် ကောင်းတာကလည်း နိုင်ငံတော်ကနေပြီးတော့ အခွန်ထုတ်ထားတာ မရောင်းစားရဘူးတို့ မပါလာတဲ့အတွက် ပိုကောင်းတာပေါ့လေ။ လွတ်လွတ်လပ်လပ်ရောင်းလို့ရတာပေါ့။ အမှန်ကလည်း ရောင်းစားလို့ရတဲ့ပုံစံမျိုးပေးလာတော့ နိုင်ငံတော်ကပေးတဲ့အတွက်ကိုတော့ အရင်လို ပထမတစ်ခါတုန်းကလို အခွန် တစ်နေ့ မရောင်းရတော့ဘူး။

ရောင်းမစားရဘူးတော့ဘူး ပုံစံမျိုး တားမြစ်ချက်တွေ ကန့်သတ်ချက်တွေ မပါတော့ လွတ်လွတ်လပ်ရောင်းလို့ရတာပေါ့။

မေး ။ ။ ကားပါမစ်တွေ ချထားပေးတဲ့အပေါ် ဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။အခုဟာ မြင်တာကတော့ အတိုင်းအတာတွေက ဝန်ထမ်းပါမစ်ကတော့ ဒါကတော့ ပေးသင့်ပါတယ်။ ဘာခေါ်လဲ မပေးမနေရ ပေးကိုပေးရမှာပဲလေ။ ဒါက နိုင်ငံတော်အတွက်အလုပ်အကျွေးပြုတဲ့အတိုင်းအတာမှာ သူတို့ ပင်စင်ယူတဲ့အချိန်မှာ ဒါလေးနဲ့ ရောင်းပြီးတော့ ဟုတ်လား ဒါသူတို့ ဘာပဲဖြစ်ဖြစ် စားဝတ်နေရေး စီးပွားရေးလုပ်လို့ရတဲ့သဘောပေါ့ ဟုတ်တယ်မို့လား စီးပွားရေးလုပ်လို့ရတဲ့သဘောဆို တော့ ဒါသူတို့အတွက် သူဌေးတော့မဖြစ်ပါဘူး။

ရှင်းရှင်းပြောမယ်ဆိုရင်လုပ်တတ်ရင်တော့ရမယ်။ မလုပ်တတ်ရင်တော့ ကုန်သွားမှာပဲလေ။ အဲဒါရှိသေးတာကို။ အခုဟာက ဒါမှ အခုစီးပွားရေးကာလ ဘာမှကောင်းမှ မကောင်းတာကြီး ဘာလို့လဲဆိုတော့ အလုပ်အကိုင်မှ မကောင်းတာ ပိုက်ဆံရှိလည်း ရှိတာပဲရှိတာပဲလေ ဘာအလုပ်အကိုင်မကောင်းတော့ အခုဝန်ထမ်းတွေ ပင်စင်ယူခါနီး ဒါလေးပေးတဲ့ အခါကျတော့ စားဝတ်နေရေး နည်းနည်းပါးတော့ ဖူလုံတာပေါ့လေ။

ဒီလောက်လေးအတွက်ပေါ့ တစ်သက်တာတော့ မဟုတ်ဘူးပေါ့ အခုတော့ သူတို့အေးအေး ဆေးဆေး ရှင်းရှင်းပြောမယ်ဆိုရင် ပင်စင်လေးယူခါနီးကို စီးပွားရေးလုပ်လို့ကိုင်လို့ ရအောင် မိသားစုလေးတွေ အခန်းဌားလို့ရအောင် တချို့ အခန်းအပိုင်မရှိတဲ့လူတွေများကြီး။ တချို့ကျတော့ ဝယ်နိုင်လို့ရတဲ့ အနေအထားပေါ့။

ဒါပေမယ့် ပါမစ်ရောင်းစားဖို့ ဆိုလို့ရှိရင် အခန်းတစ်ခန်းကိုရဖို့ ဝယ်နိုင်တဲ့အင်အားမရှိဘူးလေ။ အခုဟာက ရှင်းရှင်းပြောရမယ်ဆိုလိုရှိရင် ဒါကတော့ နိုင်ငံတော်ကနေပြီးတော့ နိုင်ငံတော်အပေါ်မှာ အလုပ်အကျွေးပြုတဲ့ ချီးမြှင့်တဲ့ငွေလို့ပဲ ချီးမြှင့် တဲ့ဟာလို့ အဲဒီလိုသတ်မှတ်ရမှာပေါ့။ ချီးမြှင့် တဲ့သဘောပဲ သတ်မှတ်ရမှာပေါ့။ ဒါပါပဲ အဲဒီအပေါ်မှာ ဝန်ထမ်းခံစားခွင့်တွေရသွားမှာ။ ဒါပါပဲ ကောင်းတာတော့ကောင်းပါတယ်။ ကျွန်တော်တို့ကတော့ ဝမ်းသာတယ်။

အမှန်တိုင်းပြောရမယ်ဆိုမယ်ဆိုရင် ဘာလိုလည်းဆိုတော့ ဝန်ထမ်းလည်း ပြည်သူတွေပဲလေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အတွက် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုစုထားတာ ဒါပေးသင့်ပါတယ်။ အဲဒီအပေါ်မှာ ကားစျေးက ဒါကတော့ တက်တက်ကျကျ သူဘာသာသူ့သွားနေမှာပဲလေ။

ဦးဇော်ဇော်ဦး ၊ဗဟိုအလုပ်အမှုဆောင်၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ ၊မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်)

မေး။ ။အစိုးရကနိုင်ငံ့ဝန်ထမ်းတွေကိုကားပါမစ်ချပေးလိုက်တဲ့အတွက်ကားစျေးကွက်ကဘယ် လို ဖြစ်လာမလဲ။

ဖြေ။ ။အဲဒါကတော့အကို အခုပြောလို့မရသေးဘူး ။ဘာလို့လဲဆိုတော့အခုကား ပါမစ်ပေးတဲ့ထဲမှာ ဘယ်အဆင့်ထိက သိန်း ၃၀၀ တန်ကားပေါ့ဗျာ ။နောက်အပေါ်ကဟာ တွေကဘာပေးမှာလဲ၊ ဘယ်လောက်တန်ပေးမှာလဲ၊ အခု ပေးလိုက်တဲ့လူတွေကိုလည်း ဘယ်လို ပုံစံနဲ့ ပေးမှာလဲ၊ ဘယ် နှစ် နှစ်သွင်းရမှာလဲ၊ ဘာလျှော့ပေါ့ပေးရမှာ နောက်ဆက်တွဲလာလိမ့်ဦးမယ် ကျွန်တော်ထင်တယ်လေ။ အဲဒီတော့ အဲဒီနောက်ဆက်တွဲ မလာသေးဘဲနဲ့ အခုလောလောဆယ်တော့ ဘာမှပြောလို့မရလောက်သေးဘူးဗျ။

မေး။ ။ကားပါမစ်တွေ ချပေးတဲ့အပေါ် ဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။ကားပါမစ်ချပေးတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲဆိုတော့ နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ အခု ပင်စင်သွားခါနီး ၅၇နှစ်နဲ့ အသက်၆၀ကြားပေါ့နော်။ ပေးတဲ့ အတွက်ကြောင့်မို့လို့ သူတို့ ဒီလို ဝန်ထမ်းတွေ နှစ်ပေါင်းများစွာ နိုင်ငံအပေါ်ကို သစ္စာရှိရှိနဲ့ ဝန်ထမ်းလုပ်ခဲ့တဲ့လူတွေရသွားတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်။ ဝမ်းသာပါတယ်။ကြိုဆိုပါတယ်။

ဒါပေမယ့် အဲဒါက ဘယ်လိုပေးမှာလဲ၊ ဘာလဲ တိကျတဲ့ ထုတ်ပြန်မှုတွေ နောက်ဆက်တွဲလာလိမ့်ဦးမယ်လို့တော့ ကျွန်တော်ထင်တယ်ဗျ။ အဲဒီလိုမျိုးတွေ တိတိကျကျမသိရဘဲနဲ့တော့ ကားစျေးကွက်ဘယ်လိုဖြစ်မယ်တို့ ဘာတို့ ရမ်းသမ်းပြောလို့တော့ မလွယ်လောက်သေးဘူးခင်ဗျ။

ဦးအေးကျော် ၊ကားဝယ်ရောင်း

မေး။ ။အစိုးရ နိုင်ငံ့ဝန်ထမ်းတွေကို ကားပါမစ်ချပေးတဲ့အတွက် ကားစျေးကွက် ဘယ်လိုတွေဖြစ်မလာမလဲ။

ဖြေ။ ။ကားပါမစ်ချတော့ ကားစျေးကွက်ကတော့ သိပ်တော့ မထူးဘူးထင်တယ်။ နိုင်ငံတော် အစိုးရသတ်မှတ်တာက ၂၀၁၉ပေးရမှာ။ ၂၀၁၉ က နိုင်ငံတကာမှာလည်းစျေးကြီးတယ်။ အကိုတို့ရဲ့ ပုံစံကတော့ ဒီအချိန်မှာ ၂၀၂၀ကျမှ မသေဖို့ပဲ ဆုတောင်းနေရတယ်။ ဒီကားစျေးကွက်ကို စိတ်ကိုမဝင်စားတော့တာ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထား အကိုတို့ တိုင်းပြည်မှာ အခြေအနေဖြစ်နေတဲ့ ရောဂါပိုးက ကြီးနေတယ်လေ။

အဲဒီအတွက် ဒါကိုတော့ သိပ်ပြီးတော့ ဒီပါမစ်ထွက်တာတော့ ထွက်တာလေ။ ကိုယ်တို့တော့ သိပ်တော့ စိတ်မဝင်စားဘူးလေ။သွင်းဖို့ အချိန်ကာလလည်း မရဘူးလေ။ ဒီကာလကြီးမှာ ဘာမှလုပ်လို့ မရတဲ့အချိန်လေ။

မေး။ ။ ဘယ်လိုသုံးသပ်လဲ ကားပါမစ်ချထားတဲ့အပေါ် ….။

ဖြေ။ ။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ရမလဲဆိုတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံ တော်မှာရှိတဲ့ ဝန်ထမ်းတွေ အနှစ်၂၀ ၂၅မှ သူတို့ဘဝမှာ ကားမရခဲ့ဖူးဘူး။ငွေမရှိခဲ့ဘူး။ ဒီပါမစ်တစ်စောင်က သိန်း၁၀၀လောက်ရတယ်ဆိုလည်း အများကြီးကောင်းတာပေါ့ ။ အဲဒီတော့ ကိုယ်မလှူနိုင်တော့ နိုင်ငံတော်လှူတာဘဲလေ။ ပါမစ်ပေးတယ်ဆိုတဲ့သဘောက ငွေပေးတာပဲ။ မြန်မာစကားအရဆိုရင် ရှင်းရှင်းလေး ငွေပေးတာ သိန်း ၇၀၊ ၈၀ယူ။ ဒါပဲပြောတာ ဒီသဘောပဲ အကိုအနေနဲ့ ကြိုဆိုတယ် ဘာဖြစ်လိုလဲဆိုတော့ ဆင်းရဲနွမ်းပါးတဲ့ ဝန်ထမ်းတွေပေါ့နော်။ သူတို့တွေရတာကို လက်ခံတယ်။ ကိုယ်ကတော့ ကြိုဆိုတယ် ကြိုက်တယ်။

ကျွန်တော်ပြောချင်တာကတော့ ကောင်းတယ်ဗျာ ကြိုဆိုတယ်။ နိုင်ငံတော် ဒီလိုမျိုး ဝန်ထမ်းတွေပေါ့။ အနှစ် ၂၅ ၃၀ ဝန်ထမ်းတွေ သူတို့တွေရဲ့ ဘဝကို လက်ရှိနိုင်ငံတော်အစိုးရက ထောက်ပံ့တဲ့သဘောပဲ ကျွန်တော်တို့ သုံးသပ်တာတော့ ကောင်းတယ် ဘယ်လိုကောင်းတယ်ဆိုတော့ ကျွန် တော်တို့ နိုင်ငံမှာလည်း ယာဉ်အိုယာဉ်ဟောင်းတွေကလည်းကုန်သွားပြီ ကုန်သွားပြီ ကုန်သွားတဲ့အတွက် နည်းနည်းပါးပါးတော့ ကျန်တယ် ကျန်တဲ့ကားတွေ မရောင်းကြဘူး။အဲဒီအတွက် ပါမစ်ကြေး သတ်မှတ် ဒီလိုနိုင်ငံတော်က ဒီပေါ့ ပါမစ်ထုတ်ပေးလိုက်တာသည် အနှစ်၂၅ အနှစ်၃၀ပဲ ဖြစ်ဖြစ် နိုင်ငံ့ဝန်ထမ်းကောင်းပဲဖြစ်ြဖစ် ဒီအချိန်မှာ ဘယ်ဝန်ထမ်းရရကောင်းတယ်။

အားလုံးက ဒီအချိန်ကာလမှာ အားလုံးက စီးပွားရေးက အဆင်ပြေကြတာမဟုတ်ဘူး အားလုံးက မငတ်ရုံတမယ်။ ဒီဝန်ထမ်းတွေအတွက် ပါမစ်ပေးတာတော့ ကျွန်တော်အနေနဲ့ ကြိုဆိုတယ်။ နိုင်ငံတော်က တာဝန်ရှိတဲ့ ဘယ်လိုခေါ်မလဲ။ စီးပွားကူးသန်းဝန်ကြီးကိုလည်း ကျေးဇူးတင်တယ်။ မြန်မြန်လေးထုတ်ပေးလိုက်ပါ။လေတာ့မလုပ်နဲ့လို့။ ဒါလေးတော့ ကျွန်တော်ပြောချင်တယ် လေမလုပ်ပါနဲ့လို့ လက်တွေ့ တစ်ခါတည်းထုတ်ပေးလိုက် မြန်မြန်ရ သူတို့ပိုက်ဆံလည်း မြန်မြန်ရတယ်။

ဦးရွှေလီ ၊ကားရောင်းဝယ်ရေး

မေး။ ။အစိုးရက နိုင်ငံ့ဝန်ထမ်းတွေကို ကားပါမစ်ချပေးတဲ့အတွက် ကားစျေးကွက် ဘယ်လိုတွေဖြစ်မလာမလဲ။

ဖြေ။ ။အဲဒါတော့ အဓိကတော့ ပါမစ်ထွက်ရင်တော့ ကားစျေးအေးမှာပေါ့ ထုံးစံပဲပေါ့။ ကားပါမစ်တွေထွက်ပြီဆိုရင် ကားစျေးအေးမှာပေါ့။ ထုံးစံပဲပေါ့။ ဒါကတော့ ပါမစ်ထွက်လာရင် လိုင်စင်ထွက်လာရင်တော့ စျေးကွက်အေးသွားမှာပေါ့။ ဒါပဲပေါ့။ အခု အဲဒါတွေက အခုက ဝန်ထမ်းပါမစ်ပေးမယ်ဆိုကတော့ ဒါကတော့ တကယ်ပေးပြီဆိုရင်တော့ ကားစျေးကွက်က ဘယ်လိုခေါ်မလဲ ပါမစ်ထွက်လာပြီဆိုရင်တော့ စျေးက ကျသွားမှာပေါ့။

စျေးကျသွားမယ်ဆိုတကတော့ ခုနကပြောသလို့ပေါ့ဗျာ။သူတို့ပေးထားတဲ့ ပါမစ်အပေါ်မူတည်ပြီးတော့ အဲဒီအပေါ်မှာမူတည်ပြီးတော့ ဒါကတော့ စျေးကျသွားမှာပေါ့။ ကားကဘယ်လိုခေါ်မလဲ အမြင့်ကားတွေက နည်းနည်း စျေးကျသွားမှာပေါ့။

မေး။ ။ ဘယ်လိုသုံးသပ်ပါသလဲ။ ကားပါမစ်တွေ ချထားပေးတဲ့အပေါ်။

ဖြေ။ ။ ဘယ်လိုပြောရမလဲ ဒီအပေါ်မှာ ဘယ်လိုမြင်မလဲဆိုတော့ ပစ္စည်းပေါလာရင် ဒါထုံးစံအတိုင်းပဲလေ စျေးကတော့ စျေးကွက်က ပျက်သွားတာပဲပေါ့။ ဒီအပေါ်မှာ ဘာများဝေဖန်အကြံပေးလို့ရမလဲဆိုရင် ဒါကတော့ တစ်ဖက်ကကြည့်တော့လည်းကောင်းတာပေါ့လေ။ တစ်ဖက်ကကြည့်တော့လည်း ဘယ်လိုခေါ်မလဲဆိုတော့ အရောင်းအဝယ်သမားတွေကျတော့နည်းနည်းလေးထိခိုက်သွားတာပေါ့။

ဓာတ်ပုံ- ရန်ကုန်ကားပြပွဲတစ်ခု။ Photo Credit -MDN

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts