All News interview Peace

သမ္မတနှင့် အရေးပေါ် အစည်းအဝေးခေါ်ယူ တွေ့ဆုံရေး အရပ်ဘက်အဖွဲ့ ၅၇၆ ခု တောင်းဆိုမှု နောက်ကွယ်မှာ ဘာရှိနေမလဲ

သမ္မတနှင့် အရေးပေါ် အစည်းအဝေးခေါ်ယူ တွေ့ဆုံရေး အရပ်ဘက်အဖွဲ့ ၅၇၆ ခု တောင်းဆိုမှု နောက်ကွယ်မှာ ဘာရှိနေမလဲ

By ရန်ကုန်ခေတ်သစ်

သမ္မတအနေဖြင့် ကိုဗစ်ကူးစက်မြန် ကပ်ရောဂါနှင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် အခြေအနေတွင် သန့်ရှင်း၊ လွတ်လပ်၊ မျှတမှုနှင့် ဒီမိုကရေစီစံနှုန်း အားကောင်းသော ရွေး ကောက်ပွဲများ ဖြစ်စေရန်အတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အရေးပေါ်အစည်းအဝေး တစ်ရပ် အမြန်ဆုံးကျင်းပပြီး ပြန်လည် သုံးသပ်ဆွေးနွေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၇၆ ခုက အောက်တိုဘာ ၁၄ ရက်နေ့ နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်တွင် ကိုဗစ် ၁၉ ကူးစက်မြန် ကပ်ရောဂါကြောင့် ကူးစက်မှုနှင့် သေဆုံးမှုနှုန်း နေ့စဉ် မြင့်မားနေသည့် အခြေ အနေတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရမည့် တာဝန်နှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက် သေဆုံးမှုများ မြင့်တက်သည့် အခြေအနေများသည် တိုင်းပြည်အတွက် ကြီးမား သည့် စိန်ခေါ်မှု အကျပ်အတည်းများဖြစ်ကြောင်း ၊၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဒီမိုကရေစီစံနှုန်းများနှင့် အညီ သန့်ရှင်း၊ လွတ်လပ်၊ မျှတသော ရွေး ကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရတွင် အဓိက တာဝန်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင်အခြေခံလူတန်းစားများ၏ အထွေထွေ စားဝတ်နေရေး ကျပ်တည်းခက်ခဲမှုသည် နက် ရှိုင်း ကျယ်ပြန့်လာပြီး ကုစားရန် ခက်ခဲသည့် စိုးရိမ်ဖွယ်ရာ လူမှုပဋိပက္ခပုံစံ အခြေအနေအသစ်များသို့ ဦးတည် နေသည်ဟု ရှုမြင်ကြောင်း ၊ ရခိုင်နှင့် ချင်းပြည်နယ်ဒေသများတွင် စစ်ရေးအမြင်ကို ဦးစားပေးသည့် အင်တာနက် ဖြတ်တောက်မှုကို ကိုဗစ်ကပ်ရောဂါကာလအတွင်း သက်တမ်းတိုးပြီး လေကြောင်းစစ်ဆင်ရေးအပါအဝင် အရပ် သားထိခိုက်မှု မြင့်မားသည့် စစ်ဆင်ရေးများ တိုးမြှင့်ဆောင်ရွက်နေသည့်အတွက် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ရာပေါင်းများစွာ သေကျေဒဏ်ရာရကြပြီး နေရပ်စွန့်ခွာ တိမ်းရှောင်ရ သူ ၂၅၀,၀၀၀ ကျော်ရှိနေသည့် အခြေအနေအတွက် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိကြောင်း ရေးသားဖော်ပြထားသည် ။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ပြည်သူများ၏ ရောဂါ ကပ်ဘေး၊ စစ်မက်ဘေး၊ ငတ်မွတ်ခေါင်းပါးသည့် ကပ်ဘေးများနှင့် လပေါင်းများစွာ ခိုကိုးရာမဲ့ ခေါင်းငုံ့ခံစား နေရသည့် အခြေအနေကို အစိုးရက အလေးအနက် ကရုဏာထား၍ အမြန်ဆုံး ကုစား ဖြေရှင်းပေးရန် တာဝန်ရှိကြောင်းအိတ်ဖွင့်ပေးစာတွင် ရေးသား ဖော်ပြထားသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက MATAအဖွဲ့မှ ညှိနှိုင်းရေးမှူး ဦးရဲလင်းမြင့် ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရပ်ဖက် အဖွဲ့အစည်း ၅၇၅ ဖွဲ့က နိုင်ငံတော်သမ္မတကို အိတ်ဖွင့်ပေးစာပေးပို့တာ ဘာကြောင့်လဲ။

ဖြေ။ ။ အဓိကကတော့ အခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခြေအနေ အရပ်ရပ်ပေါ့လေ။ အထူးသဖြင့် ကျွန်တော်တို့ ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေအရပ်ရပ်ဖြစ်နေတဲ့ ရန်ကုန်မှာဆိုရင် ကျွန်တော်တို့အခု ဖြစ်ပျက်နေတဲ့ဟာတွေနဲ့ နောက် ကျွန်တော်တို့ မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်ပြီး တောက်လျှောက် ထိပ်တိုက်ဖြစ်တဲ့ဟာတွေ ပြဿနာတွေ ကျွန်တော်တို့တွေ့နေရတယ်။

ကြားနေရတော့ အဲဒီဟာတွေကို စိုးရိမ်တဲ့အတွက် အစိုးရအနေနဲ့ တစ်ခုခုကို အာရုံထားပြီးလုပ်ပေးနိုင်အောင် အာရုံစိုက်ပေးဖို့အတွက်ကို ကျွန်တော်တို့ တောင်းဆိုတာမျိုးဖြစ်ပါတယ်။

မေး။ ။ ဒီအိတ်ဖွင့်ပေးစာထဲမှာ တွေ့ရတာ အရေးပေါ် အစည်းအဝေးတစ်ရပ် အမြန်ဆုံးခေါ်ပေးဖို့ ကိစ္စလည်း ပါတယ်ဆိုတော့ ဒီလိုတွေဆုံနိုင်တော့ကော ပြဿနာတွေက ဖြေရှင်းနိုင်ပါ့မလား။

ဖြေ။ ။ ကျွန်တော်တို့ဘက်ကတော့ အားလုံးဝိုင်းစုပြီး လုပ်ကြ၊ တိုင်ပင်ကြမှာ ကျွန်တော်တို့အနေနဲ့တော့ အစိုးရကို ကောင်းရာကောင်းကြောင်းပေါ့။ ထိထိရောက်ရောက်နဲ့ ကောင်း ကောင်း မွန်မွန် လုပ်နိုင်အောင် ကျွန်တော်တို့ အကြံပေးနိုင်တဲ့ဟာမျိုးတွေရှိမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ တကယ်တမ်းမြေပြင်မှာ ဖြစ်ပျက်နေတဲ့ဟာတွေ လူကြီးတွေ တာဝန်ရှိတဲ့သူတွေ တိုက်ရိုက်အသိပေး နိုင်တာမျိုးရှိမယ်။

အဲဒါမျိုးကို ဘယ်လိုဖြေရှင်းဖို့ကောင်းတယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့ အကြံဉာဏ်ပေးနိုင်တာမျိုးရှိမယ်ပေါ့။ ကိုယ့်အမြင်ပေါ့။ တခြား လူတွေနဲ့တော့ တူချင်မှ တူမှာပေါ့။ ကျွန်တော်တို့ အားလုံးစုပြီးစည်းပြီးတော့ ပြောတဲ့အသံဆိုတော့ ဒါကလက်တွေ့ကျပြီး တကယ့်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောပြနိုင်တာပေါ့။

မေး။ ။ ရွေးကောက်ပွဲက အခုချိန်မှာ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တာဆိုတော့ ဒါတွေက အချိန်မှီပြုပြင်နိုင်ပါ့မလား။

ဖြေ။ ။ အဲဒါကတော့ ကျွန်တော်တို့ အများကြီးတော့ မျှော်လင့်မရဘူးလေ။ တကယ် တမ်း ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ အစိုးရအနေနဲ့ ဒီအချိန်မှာ နားထောင်ရင်လည်း နားထောင်မှာပေါ့။ ကြည့်ရင်လည်း ကြည့်မှာပေါ့။

ဒီအချိန်က အားလုံးအရေးကြီးပြီးတော့ ပြဿနာရှိတဲ့ အခြေအနေ ပြဿနာရင်ဆိုင်ဖြတ်သန်းနေရတဲ့ အခြေအနေဖြစ်နေတာကို ကျွန်တော်တို့ တွေ့ရင်တော့ အစိုးရအတွက် အကျိုးမယုတ်ဘူး။

ကျွန်တော်တို့ အဖွဲ့တွေအားလုံးတိုင်ပင်ကြ၊ အားလုံးအဖြစ်အပျက်တွေ မျှဝေပြီးမှ ဒီဟာကို အကြံဉာဏ်ပေးတဲ့ဟာကို ကျွန်တော်ထင်တယ်။ အစိုးရအနေနဲ့ တွေ့ရင် အသုံးဝင်မှာပေါ့။ အစိုးရအသုံးတည့်မှာပေါ့။ သို့သော်လည်း တွေ့တယ်၊ မတွေ့ဘူးဆိုတာကတော့ ခက်ပါတယ်။ ပြောဖို့လည်းအစိုးရသဘောထားတော့ ဘယ်လိုရှိမယ်ဆိုတာ ကျွန်တော်တို့ ပြောဖို့တော့ခက်တယ်။

မေး။ ။ နောက်ပြီး အိတ်ဖွင့်ပေးစာမှာပါတဲ့ ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသမှာ တိုက်ပွဲတွေလည်းရှိတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲတွေက ဘာတွေရှိမလဲ။

ဖြေ။ ။ အဲဒီဘက်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့အဖွဲ့ထဲမှာ အဲဒီဘက်က အခြေအနေကို တောက်လျှောက် စောင့်ကြည့်ပေးတဲ့အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေမှာ ပါတဲ့အချက်တွေကို တွေ့ရတဲ့အချက်တွေနဲ့ဆိုရင်တော့ ရွေးကောက်ပွဲ လုပ်မလား မလုပ်ဘူးလားဆိုတော့ အခုလောလောဆယ်အထိကတော့ လုပ်မယ်ပေါ့။ အဲလိုသွားနေတာပဲလေ။ သို့သော်လည်း မပြောနိုင်ဘူးလေ။ နီးစပ်တဲ့အချိန်မှာ ရွေးကောက်ပွဲမလုပ်တာတော့ ဘာတို့လည်း ဖြစ်နိုင်တာပေါ့။

အဲဒီဘက်က လူတွေအနေနဲ့ကတော့ လောလောဆယ်မှာ သူတို့မဲထည့်ဖို့ ဆိုတာတွေထက်ကို လောလောဆယ်မှာ သူတို့အသက်မသေအောင် မနည်းလုပ်ရတယ်ဆိုတဲ့ အခြေအနေပေါ့။ ကိုယ့်အသက်ကို မသေအောင် လုပ်နေရတဲ့ အခြေအနေမျိုးမှာတော့ မဲတွေဘာတွေလည်း သူတို့ ဒေသခံ တွေအနေနဲ့ ကျွန်တော်ထင်တယ်။ စိတ်ဝင်စားနိုင်ဖို့အခက်အခဲလည်း ရှိနိုင်သေးတယ်လေ။

သို့သော်လည်း ဘာပြောပြော နိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက်လည်း ဒါတန်းတူညီတူရအောင် လုပ်ပေးသင့်တာပေါ့။ ဒီအချိန်မှာကတော့ တိုက်ပွဲတွေလည်း တကယ်တမ်းတော့ ရပ်သင့်နေတာလည်းကြာပြီ၊ မျိုးစုံတောင်းဆိုနေတာပဲလေ။ အဲဒီဟာမျိုးတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ လူကြီးတွေနဲ့ တွေ့တော့ တိုက်ရိုက် မေတ္တာရပ်ခံတဲ့ဟာမျိုး တောင်းဆိုတာမျိုးဖြစ်နိုင်တာပေါ့။ ဒီအချိန်မှာ ရပ်ထားရမယ်။ ကြိုက်တဲ့အချိန် တိုက်လို့ရနေတာပဲ။

မေး။ ။ နိုင်ငံတော်အစိုးရအကြီးအကဲတွေနဲ့ တွေ့ခွင့်ရမယ်လို့ကော မျှော်လင့်လား။

ဖြေ။ ။ မျှော်လင့်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ လူကြီးတွေနားထောင်မယ်လို့ မျှော်လင့်ပါတယ်။ မျှော်လင့်လို့လည်း ဒီလိုတောင်းဆိုတာပေါ့။ မမျှော်လင့်ရင်လည်း တောင်းဆိုစရာသိပ်တော့မရှိဘူးပေါ့လေ။ မျှော်လင့်လို့တောင်းဆိုတာပေါ့။ သို့သော်လည်း မပြောတတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ အချိန်ပေးမလားမပေးဘူးလားဆိုတာကေတာ့ အစိုးရသဘောထားဖြစ်တဲ့အတွက်ကြောင့် ပြောဖို့တော့ခက်တာပေါ့။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ အခုလက်ရှိချိန်မှာ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့လည်း တခြားဟာလည်း လုပ်ဖို့ ခက်တာကို အဲဒီတော့ ဒီလိုထုတ်ပြန်ချက်တွေ ဘာတွေပဲ ထုတ်နေကြရတဲ့အခြေအနေဖြစ်နေတယ်။ ဘယ်သူမဆိုပေါ့။ ဒီအခြေအနေမှာ အခုထုတ်တဲ့ဟာကတော့ အရေးကြီးတယ်ဗျ။

လက်ရှိဖြစ်နေတဲ့ အခြေအနေကို ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိနေတဲ့ အဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့်လည်း ပိုရှိတယ်လေ။ အဲဒါမျိုးဆို နားထောင်ဖို့ ပိုကောင်းတယ်ထင်တယ်။ လုပ်ဆောင်မှုကတော့ ဒါတစ်ပိုင်းပေါ့ဗျာ။ အစိုးရအနေနဲ့ နားထောင်ကြည့်ဖို့ ကောင်းတယ်ထင်တယ်။ ပြီးတော့ ပေးတဲ့အကြံဉာဏ်တွေလည်း အစိုးရအတွက်က အကျိုးယုတ်မယ့်ဟာ တစ်ခုမှတော့မရှိပါဘူး။

ဒီအချိန်မှာတော့ အရေးကြီးတဲ့အခြေအနေ အားလုံးပူးပေါင်းပြီးတော့ အားလုံးဝိုင်းလုပ်ကြ၊ ပူးပေါင်းဆောင်ရွက်ကြဖို့ ပူးပေါင်းပါဝင်ဖို့ ပြောတဲ့အတွက်ကြောင့် ဒါတွေလည်း ပူးပေါင်းပါဝင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ကောင်းရာကောင်းကျိုးဖြစ်အောင် ရည်ရွယ်ပြီး လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် အားလုံးအရေးကြီးတယ်။ အစိုးရအနေနဲ့ နားထောင်ပေးရင် အကျိုးမယုတ်ဘူးလို့ထင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts