All News Election interview

“ရွေးကောက်ပွဲနီးတိုင်းနီးတိုင်း ဒီတိုက်ပွဲတွေက ဘယ်လိုခေါ်မလဲ ဖြစ်ဖြစ်လာတဲ့ပုံစံတွေက ၂၀၁၅တုန်းက ဒီအတိုင်းပဲလေ။ အဲဒီတော့ ကျွန်တော်က အဲဒါတွေ စိုးရိမ်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေးသင့်တယ်ပေါ့”

“ရွေးကောက်ပွဲနီးတိုင်းနီးတိုင်း ဒီတိုက်ပွဲတွေက ဘယ်လိုခေါ်မလဲ ဖြစ်ဖြစ်လာတဲ့ပုံစံတွေက ၂၀၁၅တုန်းက ဒီအတိုင်းပဲလေ။ အဲဒီတော့ ကျွန်တော်က အဲဒါတွေ စိုးရိမ်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေးသင့်တယ်ပေါ့”

By ရန်ကုန်ခေတ်သစ်

ဦးစိုင်းကျော်ညွန့် ( ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တွဲဘက် အတွင်းရေးမှုး (၁)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နည်းပညာအကြံပေး )

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲရပ်တန့်ရေးနှင့် အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများချက်ချင်းတွေ့ဆုံဆွေးနွေးရန်အပါအဝင် အချက် (၆) ချက်ကို နိုင်ငံရေးပါတီ ၁၅ ခု နှင့် အရပ်ဘက် အဖွဲ့အစည်း ၁၃၂ ဖွဲ့ က အောက်တိုဘာ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး SNLD တွဲဘက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ UNA နဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၃၂ ဖွဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ရတာ ဘာကြောင့်လဲ။

ဖြေ။ ။ အကြောင်းအရင်းကတော့ အခု ဒီရွေးကောက်ပွဲလည်း နီးပါတယ်။ နီးတဲ့အချိန်မှာ ကိုဗစ်ကာလဖြစ်နေတယ်။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတယ်ပေါ့ဗျာ။ ရှမ်းမြောက်မှာလည်း စဖြစ်လာတဲ့ပုံစံတွေ့နေတော့ အဲဒီအပေါ်မှာတော့ စိုးရိမ်ချက်တွေရှိတဲ့အတွက်ကြောင့်မို့လို့ ဒါထုတ်ရခြင်းဖြစ်ပါတယ်။

မေး ။ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အခု ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ဖို့ အစိုးရတပ်မတော်နဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဆုံဖို့ ထုတ်ပြန်ချက်မှာ အကြံပေးထားတာတွေ့တယ်။ တကယ်ကော သူတို့ အခုလက်ရှိကာလမှာ တွေ့ဆုံနိုင်ပါ့မလား။ ဒီလိုမျိုးတွေဆုံရင်ကော တိုက်ပွဲတွေက လျှော့ကျသွားနိုင်မလား။

ဖြေ။ ။ ဟုတ်ကဲ့ အဓိကတော့ဗျာ။ အခုက ရွေးကောက်ပွဲနဲ့ နီးစပ်လာတဲ့အချိန်မှာ ဘက်ပေါင်းစုံကနေပြီးတော့ ရွေးကောက်ပွဲ နိုင်ငံအပြောင်းအလဲအတွက် လုပ်နေတဲ့အချိန်ပေါ့။ ဒီကာလတည်းမှာကို ပိုပြီးတော့တိုက်ပွဲတွေကို ပိုပြီးတော့ ဖော်လာတဲ့ ပုံစံတွေတွေ့နေတော့ ဒါ ကျွန်တော်တို့က စိုးရိမ်လို့ ပြောရခြင်းပဲဖြစ်ပါတယ်။ တကယ်တမ်းတိုက်ပွဲဖြစ်တယ်ဆိုတာ ရွေ့လျှားမှုရှိလို့ ဖြစ်တာပေါ့။ သူ့ဟာနဲ့ သူငြိမ်နေရင်တော့ ဘာမှဖြစ်စရာအကြောင်းမရှိဘူး။

ပြီးရင်သူက ရွေးကောက်ပွဲနီးတိုင်းနီးတိုင်း ဒီတိုက်ပွဲတွေက ဘယ်လိုခေါ်မလဲ ဖြစ်ဖြစ်လာတဲ့ပုံစံတွေက ၂၀၁၅တုန်းက ဒီအတိုင်းပဲလေ။ အဲဒီတော့ ကျွန်တော်က အဲဒါတွေ စိုးရိမ်တယ်။ အဲဒီတော့ အဲဒီအပေါ်မှာတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေးသင့်တယ်ပေါ့။ နည်းလမ်းပေါင်းစုံတော့ သုံးရမှာပေါ့ဗျာ။

အခုခေတ်မှာတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့လည်းဖြစ်ချင်မှလည်းြဖစ်မယ်ပေါ့။ တစ်ခြားနည်းလမ်းမျိုးစုံနဲ့ တွေ့တာတော့ တွေ့သင့်တယ်။ ဒီလိုမျိုး ရွေးကောက်ပွဲနီးတဲ့အချိန်မှာ မလုပ်သင့်ဘူးလို့မြင်တယ်။ ရွေးကောက်ပွဲမှာ မဲပေးဖို့ ပြုဖို့ဆိုတာ နိုင်ငံသားတွေရဲ့ အခွင့်အရေးဖြစ်တယ်။ ဒါ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဆုံးရှုံးနိုင်တဲ့ ကိစ္စအကြီးကြီးဖြစ်တယ်ပေါ့ဗျာ။ အဲဒီလိုကျွန်တော်တို့က နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက် ဒါ တိုက်တွန်းရခြင်းဖြစ်ပါတယ်။

မေး။ ။ ရခိုင်နဲ့ ရှမ်းမြောက်မှာရှိတဲ့ စစ်ရှောင်တွေအပေါ်ကို အစိုးရတာဝန်ယူမှု အပိုင်းက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ အခုကတော့ဗျာ။ ဒီရှမ်းပြည်မှာဖြစ်တယ်။ ရခိိုင်မှာတော့ တောက်လျှောက်ဖြစ်နေတာပေါ့။ အခုရှမ်းပြည်မှာ ရုတ်တရက်ဖြစ်တယ်။ လူတစ်ထောင် နှစ်ထောင် သုံးထောင်လောက် တက်သွားတယ်။ ဒီတစ်ရက ်နှစ်ရက်အတွင်းမှာဆိုတော့ အစိုးရဖက်က ဘာမှလုပ်တာကို မတွေ့ရဘူး။ အဲဒါနဲ့ ယှဉ်ပြီး ဘာကိုသွား ဒေါသထွက်ကျလဲဆိုရင် ရှမ်းပြည်သားတွေက ဟိုမှာ ရွှေလီ၊ ကျယ်ဂေါင်မှာ သွားပြီးတော့ NLD အကျင်္ီ တကားတကားနဲ့ဟာကျတော့ နေ့ချင်းတစ်ခါတည်း သွားထုတ်ခဲ့တယ်ပေါ့။ အလုပ်လုပ်တယ် ဒီအစိုးရကပေါ့။

ဒါပေမယ့် ပြည်သူပြည်သားတွေ ခံစားနေရတဲ့ စစ်ဘေးရှောင် ဒုက္ခတွေကျတော့ တစွန်းတဘာသမှ မကူညီတဲ့အပြင် စကားလေးနဲ့တောင် မပြောဘူးဆိုတော့ အဲဒီအပေါ်မှာလည်း ရှမ်းပြည်သားတွေကတော့ သူတို့တော်တော်တော့ စိတ်ထဲမကောင်းဘူး။ သူတို့က စိတ်နာတဲ့ အဆင့်ထိ ရောက်တဲ့လူတွေရှိတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ကတော့ အဲဒီအခြေခံအချက်နဲ့ပဲ ပြောရခြင်းဖြစ်တယ်။

မေး။ ။ အင်တာနက်ပြန်ဖွင့်ပေးရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်ထဲမှာလည်း တောင်းဆိုထားတာရှိတယ်။ အခုထိလည်း ပြန်မဖွင့်သေးဘူးဆိုတော့ ဒီပေါ်ကို ဘာများပြောချင်လဲ။

ဖြေ။ ။ သူက တိုက်ပွဲကလည်းဖြစ်နေတယ်ဗျာ။ တိုက်ပွဲဖြစ်ပြီဆိုကတည်းက ဒါ ပြည်သူတွေက ဒါအခွင့်အရေးချိုးဖောက်ခံရတာပဲ ပြီးရင် အဲဒီ အပေါ်မှာ အင်တာနက်တို့ ဘာတို့ကို ဒါ ဖွင့်တော့ ဖွင့်ပေးတယ်ဗျာ။ အမည်ခံဖွင့်ပေးရုံလောက်ပေါ့။ သုံးလို့ စားလို့မရအောင် ဖွင့်ပေးတယ်ဗျာ။

အဲဒီတော့ ဒီတိုက်ပွဲကြောင့် စစ်ဘေးရှောင်ရတာတွေဒါတွေ သတင်းအချက်အလက်တွေ နောက်ပြီးတော့ ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာ ဒါပြည်သူလူထုရဲ့ ကျန်းမာရေး ဒီလောက်အရေးကြီးတဲ့အချိန်မှာ အချိန်နဲ့တပြေးညီ သိသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို သိခွင့်မရှိဘူးဗျာ။ ဒါဆိုရင် စစ်ဘေးရော ကိုဗစ်ကပ်ရောဂါဘေးရော ဒါပြည်သူတွေခံစားနေရတဲ့ ကပ်ဘေး နှစ်ခုသုံးလောက် တစ်ပြိုင်တည်း ခံစားနေရသလို ဖြစ်နေတာ ဒါမလုပ်သင့်ဘူး။ မဖြစ်သင့်ဘူးဆိုတဲ့ဟာကို ဒါကျွန်တော်တို့က ဝိုင်းဝန်းတိုက်တွန်းရခြင်းဖြစ်တယ်ပေါ့။

မေး။ ။ ကိုဗစ်ကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး ကျပ်တည်းလာရင် လူထုအုံကြွမှုတွေ မဖြစ်အောင် အစိုးရအနေနဲ့ အထူး သတိပြု ကိုင်တွယ်ရမယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရတယ်။ အစိုးရကကော ကိုင်တွယ်နိုင်ပါ့မလား။ လက်ရှိလုပ်ဆောင်နေတဲ့ အပိုင်းကိုကော ဘယ်လိုမြင်လဲ။

ဖြေ။ ။ အဲဒါကတော့ဗျာ သူက သူများဆီမှာ ကပ်ဘေးဖြစ်ရင် တစ်မျိုးလောက်ပဲဖြစ်တာဗျ။ ကျွန်တော်တို့က ခုနက ကျွန်တော်ပြောသလိုပေါ့။ ကိုဗစ်ကပ်ဘေးကလည်း တစ်ကမ္ဘာလုံးဖြစ်နေတာ ကိုယ်လည်းဖြစ်တယ်။ သူများနိုင်ငံနဲ့ နှိုင်းယှဉ်ရင်ကိုယ်တွေကလည်း စီမံခန့်ခွဲမှုကစပြီး စီးပွားပိုင်းကစပြီး ဒီမှာရှိတဲ့ Institution ပေါ့။ ယန္တာရားတွေကအစ မလုံမလောက်နဲ့ ဒါကို မနည်းခုခံကာကွယ်နေရတဲ့ ဒီကျန်းမာရေးဝန်ထမ်းတွေကတော့ ဒါ အင်မတန်လည်း ချီးကျုးဂုဏ်ယူဖို့ကောင်းတဲ့ ဒါပေမယ့် ဒီအဲဒီဟာက လက်တွေ့မှာက မလုံလောက်ဘူး။

ဒီကျွန်တော်တို့ နိုင်ငံမှာ ကျန်းမာရေးတွေ ပညာရေးပိုင်းတွေမှာ သုံးစွဲခဲ့တဲ့ ငွေကြေးပေါ့။ ဘတ်ဂျက်ပေါ့။ အဲတာကို မသုံးစွဲခဲ့တော့ တကယ်တမ်းအရေးရယ် အကြောင်းရယ်ဆိုရင် ခံရတာပဲ အဲဒါတွေကို နောင်ကျရင် သင်ခန်းစာကောင်းကောင်းယူသင့်တယ်။ ဒီအပိုင်းတွေ ဒီအပိုင်းတွေ ဖွံ့ဖြိုးတိုးတက်အောင်သင့်တယ်ဆိုတဲ့ သင်ခန်းစာလည်းရတယ်။ အဲတော့ ဒီပြည်သူတွေက ဒီလောက် ကပ်ဘေးရောဂါမျိုးစုံ ခံစားနေရတဲ့အချိန်မှာ ဒီကြားထဲမှာ စီမံခန့်ခွဲမှု အလွဲတွေနဲ့ ထပ်ပြီးတော့ မနိုင်တဲ့ကြားထဲက စီမံခန့်ခွဲမှုအလွဲတွေနဲ့ လုပ်မယ်ဆိုရင် ဒါတော်တော်စိုးရိမ်ရတယ်။

တကယ်တော့ အခု Lock down လို့တော့ မပြောပေမယ့် မြို့နယ်တွေတောင် ကူးလို့မရတော့ လူတွေလည်း ကြောက်နေရတယ်။ တကယ်တော့ ဒါပေမယ့် တချို့လူတွေအတွက်ကျတော့ ထမင်းစားစရာမရှိရင်တော့ အပြင်ထွက်ရမှာပဲ အဲဒီတော့ အသက်နဲ့ ရင်းပြီး အပြင်ထွက်ရမလိုဖြစ်နေတယ်။ ဆိုတော့ အဲဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ကလည်း အမိန့်ပေးတာလွယ်တယ်။

မထွက်နဲ့ စားစရာမရှိရင် ဘယ်လိုလုပ်မလဲ။ ဆိုတဲ့ဟာကိုတော့ အစိုးရကတော့ ဖြေရှင်းဖို့ ကြိုးစားတယ်ပေါ့။ ထောက်ပံ့ငွေ ဘယ်လောက်လောက် တကယ်တမ်းလက်တွေ့မှာ ဒါက အလုပ်မဖြစ်နိုင်ဘူး။ လက်တွေ့မှာ ဘယ်လောက်မှ မစွတ်မပွတ်နဲ့တော့ ဒါ ဘဝရှင်သန်ရေး ရပ်တည်ရေးအတွက် ရေရှည်မဖြစ်နိုင်ဘူး။ အဲဒီဟာတွေ နည်းလမ်းမရှာနိုင်ဘူးဆိုရင်တော့ ကျွန်တော်တော့ စိုးရိမ်တယ်။ အရမ်းကို စိုးရိမ်တာ အဲဒါက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံမှာလည်း ပြန်စဉ်စားကြည့်လိုက်ပါ။ ပြည်သူလူထုက အခက်အခဲအကျပ်အတည်း အရမ်းဖြစ်ပြီးတော့ မခံမရပ်နိုင်တော့ဘူးဆိုရင် တစ်ခုခုပေါက်ကွဲတာ အဲဒီလိုမျိုးဖြစ်မှာကို ကျွန်တော်တို့က အရမ်းစိုးရိမ်တယ်။ အဲဒါကြောင့် ဒီကိစ္စကို ထည့်သွင်းပြောရခြင်းဖြစ်တယ်။

မေး။ ။ စစ်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ ကျောင်းသားတွေကိုကျတော့ ပုဒ်မပေါင်းစုံတက်ပြီးတော့ အရေးယူမှုတွေလုပ်တယ်။ ပါတီကြီးတွေကို ထောက်ခံသူတွေကျ ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ လူစုလူဝေး လုပ်ဆောင်နေတာတွေကို အရေးမယူတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒီကပ်ရောဂါပတ်သက်ပြီးတော့ ဒါထုတ်ပြန်ထားတဲ့ဟာ ဒါလိုက်နာသင့်တယ်။ ဒါပြည်သူကျန်းမာရေးနဲ့ သက်ဆိုင်တယ်။ ကိုယ့်ကြောင့် တစ်ခြားလူတွေ အများကြီးဖြစ်သွားနိုင်ချေရှိတယ်။ အတတ်နိုင်ဆုံး လိုက်နာရမယ်။ လိုက်နာအောင်လည်း ပါတီခေါင်းဆောင်တွေက ပြောသင့်တယ်ပေါ့။ ဥပမာ- ကိုယ်က သက်ဆိုင်ရာ မြို့နယ်အဆင့်ကို ညွှန်ကြားချက်ထုတ်သင့်တယ်။ ပြည်သူတွေကတော့ ပန်ကြားရတာပေါ့ဗျာ။

ပြည်သူတွေက တိုက်ရိုက်သွားပြီတော့ ပါတီတွေက သွားပြီးတော့ အမိန့်ပေးလို့မှ မရတာကို အဲဒါတွေက ဒါပါတီခေါင်းဆောင်တွေကလည်း ပန်ကြားသင့်တယ်။ ပြည်သူတွေအတက်နိုင်ဆုံး ဒါကိုဗစ်ကပ်ရောဂါနဲ့ ကိုဗစ်ကပ်ရောဂါကို အတတ်နိုင်ဆုံးလိုက်နာရမယ်ပေါ့။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ လမ်းညွန်ချက်တွေနဲ့ အညီ အချက်တွေကို အဲဒီတော့ ဒီနောက်တစ်ခုဖြစ်တာက အဲဒါတွေကျ လွှတ်ထားပြီးတော့ ခုနပြောတဲ့ အင်မတန်အရေးကြီးတဲ့ စစ်ဆန့်ကျင်ရေးလုပ်တဲ့ လူလေးသုံးလေးငါးယောက်လောက် လုပ်တဲ့ဟာက ဖမ်းတယ်ပြုတယ်ဆိုတော့ ဒါက ဘာသဘောမကျလည်းဆိုတော့ ဒီနိုင်ငံမှာရှိနေတဲ့ တရားဥပဒေစိုးမိုးရေးရဲ့ အားနည်းချက်ကို လုံးဝကွင်းကွင်း ကွက်ကွက်ပေါ်သလိုဖြစ်တယ်။

ကိုယ်လုပ်ချင်တဲ့ဟာကျတော့ လုပ်ပြီးတော့ ကိုယ်တရားစွဲချင်တဲ့ဟာ တရားစွဲပြီးတော့ တရားမစွဲချင်တဲ့ဟာကျတော့ လွှတ်ထားပေးတယ်ဆိုတဲ့ ဟို ဥပဒေရဲ့ ဘက်လိုက်မှုပေါ့။ တရားဥပဒေစိုးမိုးရေးအပေါ်မှာ ကျင့်သုံးတဲ့ ဘက်မညီမျှမှု ဒါက ကွင်းကွင်းကွက်ကွက် သွားပေါ်အောင် လုပ်သလိုတော့ ဖြစ်နေတယ်လို့ ဒါကတော့ ပြောလို့ရတယ်။

မေး။ ။ ပါတီဆိုင်းဘုတ်တွေ ဖျက်စီးခံရတာတို့ စိုက်ထူခွင့်မရတာတို့ အပေါ်ကို ကော်မရှင်ဖြေရှင်းပေးမှုအပိုင်းကို ဘယ်လိုမြင်မိလဲ။

ဖြေ။ ။ ဒါကတော့ဗျာ ဒါ ကော်မရှင်ဆိုတာ ရွေးကောက်ပွဲကော်မရှင်ဆိုတာ တခြားနိုင်ငံမှာဆိုရင် အင်မတန် တကယ်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ ကော်မရှင်က ဘယ်လက်အောက်ခံမှ မဟုတ်ရဘူး။ အစိုးရလက်အောက်ခံလည်း မဟုတ်ရဘူးလေ။ ကျွန်တော်တို့နိုင်ငံက အဲဒီလို မဖြစ်နေဘူးဗျ။ နည်းစနစ်ကိုက မှားနေတယ်။

ဖွဲ့စည်းပုံအရကို ကော်မရှင်ကိုက လက်ရှိအာဏာရနေတဲ့ အစိုးရက ခန့်အပ်ရတာတို့ ဘာတို့ဆိုတော့ သူ့စကားပဲ နားထောင်တယ် ထင်မှာပေါ့။ ပြီးတော့ ဒီကော်မရှင်ထဲမှာပါတဲ့ လူတွေကိုယ်တိုင်ကိုက သူတို့ဟာ လွတ်လပ်တရားမျှတတဲ့ ကြားလူတွေဖြစ်တယ်ဆိုတဲ့ဟာကိုလည်း သဘောပေါက်ဖို့လိုတယ်။ အဲဒီလိုမျိုးက ကျွန်တော်တို့ နိုင်ငံရေး ပါတီတင်မကပါဘူး။ နိုင်ငံရေး ပါတီ တော်တော်များများကတော့ ဒီလိုမခံစားနေရဘူး။ ဒါက သမာသမတ်ရှိရှိ ခလယ်ခေါင်တည့်တည့်မှာ ရပ်နေရတယ်ဆိုတော့ သိပ်မခံစားရဘူး။

ဒါပြောဆို ဆက်ဆံမှုတွေကအစ အစည်းအဝေးတက်ပြီးတော့ မြင်နေတွေ့နေရတာ အဆုံးပေါ့။ မသိမသာကော တစ်ချို့နေရာမှာ သိသိသာသာကော ဘက်လိုက်တဲ့ပုံစံမျိုးတွေ နည်းနည်းမြင်ရတယ်။ နောက်ပြီးတော့ တစ်ချို့ကိစ္စတွေမှာ မမြင်ချင်ယောင်ဆောင်ပြီးတော့ တခြား Institution တွေပေါ့။ ခုနကလို ဆိုင်းဘုတ် ထောင်ခွင့်မရဘူး။ ဘာဘူးဆိုတာ ကျွန်တော်တို့ UNA ထဲမှာပါတဲ့ UNDP ပေါ့။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီပေါ့။ သူတို့ ကိုယ်စားလှယ်ဆိုင်းဘုတ်တွေ မပေးထောင်ဘူး။ မပေးထောင်ဘူးလို့လည်း ပြောချင်တာလည်းမဟုတ်ဘူး။

အချိန်စွဲပြီးတော့ စည်ပင်ကိုပဲ စည်ပင်ကပဲ ပေးမထောင်သလို ဘာလိုလိုနဲ့ ဟိုဘက်ဒီဘက် ဘော်လီဘောပုတ်နေသလိုဖြစ်နေတာ ဒါတွေက လုပ်သင့်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါတွေကအစ နောက်ပြီးတော့ တချို့ပါတီကြီးတွေက ဘာလုပ်လည်းဆိုတော့ ပါတီငယ်တွေက နည်းနည်း အင်အားနည်းသေးတဲ့ ပါတီတွေလုပ်ထားတဲ့ စတစ်ကာတွေကို သူတို့ရဲ့ စတစ်ကာသွားပြီး ထပ်ပြီးအုပ်တာတို့ ဘာတို့လုပ်တယ်။

သူများပါတီဆိုင်းဘုတ်ရှေ့မှာလည်း ကိုယ်အလံသွားထောင်တာတို့ဘာတို့ အဲဒီလိုမျိုးကအစပေါ့။ ဒါနိုင်ငံရေးပါတီတွေရဲ့ ဘယ်လိုခေါ်မလဲ ကိုယ်ကျင့်တရားပေါ့။ ဂုဏ်သိက္ခာရှိရှိ ကိုယ့်ဟာကို ယှဉ်ပြိုင်ရမယ်ဆိုတာမဟုတ်ဘဲနဲ့ သူများကိုထိခိုက်အောင် သူများကို အနိုင်ယူမယ်ဆိုတဲ့ အဲဒီ စိတ်ဆန္ဒစွဲတွေရှိတော့ ပါတီကြီးတွေက ပိုဆိုးတယ်။ သူတို့ Back Ground ရှိတယ်။ နောက်ခံအင်အား တောင့်တင်းတယ် ဆိုပြီးတော့ ဒါနည်းနည်း အင်းအားသေးတဲ့ပါတီတွေကို နှိပ်ကွပ်တဲ့ သဘောတွေလည်းရှိတယ်။

အဲတာ ကျွန်တော်တို့ UNA ထဲမှာလည်း လက်တွေ့ကြုံရတယ်။ ကြုံရတော့ ဒါတော့ ပြောမှဖြစ်မယ်ဆိုပြီးတော့ ကျွန်တော်တို့ကတော့ အသေးစိတ်တော့မပြောပါဘူး။ အသေးစိတ်တော့ မပြောလိုပါဘူး။ ဒါပေမယ့် တရားမဲ့ပြုကျင့်မှုနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေကို မလုပ်ဖို့နဲ့ ဒါဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်ကြဖို့ပေါ့။ အဲဒီလိုပုံစံ ပြောချင်တဲ့အတွက် ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားတာပေါ့။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ခြုံပြီးပြောရရင်တော့ ဒါက ရွေးကောက်ပွဲဆိုတာကတော့ ဒီအစိုးရရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ရမယ့်အခါ ရွေးကောက်ပွဲဆိုတော့ အဲဒါကလည်းအရေးကြီးသလို ပြည်သူ့ကျန်းမာရေးကလည်း အင်မတန်အရေးကြီးတယ်။ အဲဒီတော့ မဖြစ်မနေကျင်းပတော့မယ်လို့ တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရနဲ့ UECက ဆုံးဖြတ်တယ်ဆိုရင်လည်း ကပ်ရောဂါ အတတ်နိုင်ဆုံးမဖြစ်အောင်ပေါ့ဗျာ။

ဘယ်လိုစီမံဆောင်ရွက်ပေးမလဲဆိုတာ အရမ်းကြီးတယ်။ သမရိုးကျ တစ်နိုင်ငံလုံးတပြေးညီ သွားစဉ်စားလို့မရဘူး။ ရန်ကုန်လိုမျိုးက တစ်ရက်တစ်ရက်ကို ရာဂဏန်းဖြစ်နေတာ ရာချီနေတယ်။ တစ်ထောင်ထဲမှာ ရန်ကုန်က တစ်ဝက် တစ်ဝက်တောင်ကျော်တယ်။ တချို့ရက်တွေဆို အဲဒီလိုမျိုးပါနေတော့ ဒီရန်ကုန်ကို ဘယ်လိုစဉ်စားမလဲပေါ့။ တခါတလေ ပြည်သူတွေကတော့ ဘယ်လိုသဘောရှိမလဲပေါ့။ တကယ်လို့ ပြည်သူတွေက ဒီရောဂါကြောက်ပြီးတော့ မဲထွက်မပေးတာတို့ ဘာတို့လည်း အများကြီး ဖြစ်လာနိုင်တယ်။

ပြီးတော့ အဲဒီလိုဖြစ်ပြီဆိုရင် ဒီရွေးကောက်ပွဲအတွက် မေးခွန်းတွေအများကြီးရှိတယ်။ အဲဒါကြောင့်မို့လို့ တိုင်းပြည်မှာ တာဝန်ရှိတဲ့သူကတော့ လုပ်စရာရှိတာတော့ လုပ်ပါ။ ဒါပေမယ့် တာဝန်ယူမှု တာဝန်ခံမှုရှိရှိလုပ်ပါ။ ကောင်းကောင်းအာမခံပါ။ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း အာမခံနိုင်အောင်လုပ်ပါလို့တော့ ပြောချင်တယ်။

Photo Credit – Sai Kyaw Nyunt Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts