Local News Peace political news

ရသေ့တောင်မြို့နယ် အောင်သာစည် တောင်ကုန်းတွင် တိုက်ပွဲ အလွန်ပြင်း ထန်နေ၊ အတွဲလိုက်ဒုံး၊ တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ဟုဆို

ရသေ့တောင်မြို့နယ် အောင်သာစည် တောင်ကုန်းတွင် တိုက်ပွဲ အလွန်ပြင်းထန်နေ၊ အတွဲလိုက်ဒုံး၊ တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ အောင်သာစည်တောင်ကုန်းတွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ AA နှင့်တပ်မတော်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး တပ်မတော်က အတွဲလိုက် ဒုံးများ၊ ဂျက် တိုက်လေယာဉ်များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း သက်ဆိုင်ရာဒေသခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများကပြောဆိုသည်။

“ အောင်သာစည်တောင်ကုန်းမှာ ဖြစ်နေတာပေါ့။ စပစ်တာက မနက် ၆နာရီလောက်က အမြှောက်စပစ်တယ်။ အပြန်အလှန်ပစ်တာက ၉နာရီခွဲလောက်မှ ပစ်ကျတာ။ ဂျက်တိုက်လေယာဉ် ၂စီးနဲ့ပေါ့။ ၉နာရီ ၄ဝ လောက်ကပေါ့။ တိုက်ပွဲကတော့ မပြီးသေးဘူး။ ပစ်ခတ်သံတွေတော့ ကြားနေရသေးတယ်” ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော ရသေ့တောင်မြို့နယ်အတွင်းရှိ နေရာများဖြစ်သော အောင်သာစည်တောင်ကုန်းနှင့် အောင်သာစည်ကျေးရွာတွင် AA ကတပ်စွဲထားပြီး ထီးစွဲကျေးရွာ၊ သမီးလှ၊ ဆောက်ခတ်ကျေးရွာနှင့် ရေဆိုးချောင်းတွင် တပ် မတော်က တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

“ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ မနက်ထဲကတော့ ဂျက်တိုက်လေယာဉ်တို့ တပ် မတော်ရေက ဇက်ရေယာဉ်တွေရယ် ရသေ့တောင်တပ်ရင်းတွေကလည်း လက် နက်ကြီးတွေပစ်တယ်။ အတွဲလိုက်ဒုံးတွေလည်း ပစ်တယ်လို့ပြောတယ်။ အဲဒီနေရာက စစ်တပ်ဘက်က သိမ်းခဲ့တဲ့ နေရာပေါ့။ အဲနေရာကို ပြန်ပြီးရဖို့အတွက် ပြန်ပြီးတိုက်တယ်ထင်ပါတယ်။ ပထမတုန်းကတော့ AA စခန်းချထားတဲ့နေရာ အဲဒါကို တပ်ဘက်က တစ်ခါသိမ်းလို့ရပြီးပြီ။ သိမ်းလို့ရတာကို AAကပြန်သိမ်းလိုက်တာပေါ့။ ဒီနေ့မနက်ကတော့ ကြီးကြီးကျယ်ကျယ် ရခိုင်ပြည်နယ်မှာ ပစ် ခတ်မှုအများဆုံးလို့ပြောလို့ရမှာပေါ့။ မနက်တည်းကနေ ၁၂နာရီလောက်ထိကို ကြီးကြီးကျယ်ကျယ် ပစ်နေတာ အခုထိတော့ ပစ်ခတ်မှုကတော့ မရပ်သေး ဘူး။ အဲဒီ ကုန်းကို သိမ်းလို့မရသေးဘူးလို့ကြားတယ်။ အဲဒီကုန်းက နည်းနည်းအရှိန်လျှော့သွားတဲ့ အနေအထားပဲရှိတယ်။ မပြီးသေးဘူး။ အခုဖြစ်နေတဲ့နေရာမှာတော့ ဒေသခံပြည်သူတွေမရှိတော့ဘူး။ အောင်သာစည်ရွာဘက်မှာတော့ စစ် တပ်ဘက်က လက်နက်ကြီးတွေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတဲ့အချိန်မှာ မီးထလောင်တာတော့တွေ့တယ်။ ဂျက်တိုက်လေယာဉ် ၂စီးကတော့ ၉နာရီကျော်လောက်နဲ့ ၁၂နာရီလောက်မှာ ၂ ကြိမ်ပေါ့။ မိနစ်ပိုင်းလောက် လာပစ်တာတွေ့ရတယ်” ဟု ရသေ့တောင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးကပြောဆိုသည်။

တိုက်ပွဲပြင်းထန်လျက်ရှိသော အောင်သာစည်တောင်ကုန်းသည် အောက်တို ဘာလ ၃ရက်နေ့က တပ်မတော်သိမ်းပိုက်ပြီးနောက် အောက်တိုဘာလ ၄ရက်နေ့တွင် AAက ပြန်လည်သိမ်းပိုက်ခဲ့သော နေရာဖြစ်ကြောင်း ဒေသခံများ၏ ပြော ဆိုချက်အရသိရသည်။

ရသေ့တောင်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသော အခြေအနေနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းလျက်ရှိသော် လည်း ယနေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အထိ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသဖြင့် အဆက် အသွယ်မရရှိသေးပေ။

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း ကိုးကန့်ဒေသတွင် MNDAA ကိုးကန့်အဖွဲ့ နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် MLRS ခေါ် Multiple Launch Rocket System အတွဲလိုက်ပစ် ဒုံးကျည်များ အသုံးပြုခဲ့ပြီး AA နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် အဆိုပါ ဒုံးကျည်များ ထပ်မံ အသုံးပြုလျက်ရှိကြောင်း တပ်မ တော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၁၉ ခုနှစ်၊ဧပြီလ ၂၉ ရက်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ဖူးသည်။

ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများ၌ AA များ ဆုတ်ခွာသွားပြီး ကျေးရွာများကို မီးရှို့လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

AA သည် ရသေ့တော်မြို့နယ် ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာများတွင် အခိုင်အမာနေရာယူ၍ လမ်းပန်း ဆက်သွယ်မှုဖြတ်တောက်ခြင်း၊ ရေယာဉ်များအား မကြာခဏပစ်ခတ်ခြင်းဖြင့် ခြိမ်းခြောက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့်သတင်းအား အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းနေ့ ညပိုင်းတွင် AA က အင်အား အလုံးအရင်းဖြင့် အဆိုပါ စိုးမိုးကုန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာရွှေ့ပြောင်း၍ ပြန်လည်စုဖွဲ့မှုများဆောင်ရွက်ခဲ့ရကြောင်း၊ AA များသည် ၎င်းစိုးမိုးကုန်းအား အခိုင်အမာနေရာယူ၍ ကားလမ်းနှင့် ရေလမ်းကြောင်းတို့အား ထပ်မံဖြတ်တောက်ပိတ်ဆို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး AAက ထိခိုက်ကျဆုံးမှုများစွာဖြင့် ကျောက်တန်းကျေးရွာ၊ အောင်သာစည်ကျေးရွာများဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA ဆုတ်ခွာသွားပြီးနောက် ညနေပိုင်းတွင် ၎င်းကျေးရွာများ မှ မီးခိုးလုံးများတက်လာသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းခဲ့ရာ ကျောက်တန်းကျေးရွာနှင့် အောင်သာစည်ကျေးရွာတို့တွင် မီးလောင်ကျွမ်းလျက်ရှိကြောင်း ၊ AA အနေဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျေးရွာများအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး တပ်မတော်က ပြုလုပ်သယောင် သတင်းမှားများလုပ်ကြံဖန်တီးဖြန့်ချိလျက်ရှိသဖြင့် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ရသေ့တောင် တိုက်ပွဲသည် တပ်မတော်က အတွဲလိုက်ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားကြသည်။

ဓာတ်ပုံ- တပ်မတော်အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (လေ့ကျင့်ခန်း – ဘုရင့်နောင်) မြင်ကွင်းတစ်ခု။ Photo Credit – cincds

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts