All News Local News Peace

ရသေ့တောင်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ၍ ကျောင်းဆရာတစ်ဦး သေဆုံးဟုဆို

ရသေ့တောင်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ၍ အသက် ၂ဝကျော် ကျောင်းဆရာတစ်ဦး သေဆုံးဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာတွင် ယနေ့ နံနက် ၁၁နာရီကျော်ခန့်က ရသေ့တောင်မြို့ပေါ်ရှိ တပ်မတော် တပ်ရင်းတစ်ခုက ပစ်ခတ်မှုကြောင့် ရွာသစ်ကေ ကျေးရွာမှ အသက် ၂ဝကျော် ကျေးရွာသား ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။

“ ဆုံးသွားပြီ အဲဒီကျောင်းဆရာလေး ဆုံးသွားတယ်။ သူ့ဒဏ်ရာက ဒဏ်ရာပြင်းထန်တဲ့အတွက် ရသေ့တောင်တိုက်နယ် ဆေးရုံကနေ စစ်တွေပို့ဖို့ လုပ်နေတာ စက်လှေပေါ်မှာ ဆုံးသွားတယ်။ ပြန်ယူလာပြီ(သေဆုံးသူအလောင်း)။ ကျောင်းဆရာ ဘယ်ကျောင်းမှာ စာသင်နေတာလဲဆိုတော့ မသိရသေးဘူး” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ သေဆုံးသူ ကျောင်းဆရာအမည်မှာ ကိုမျိုးဆက်နိုင်ဦးဖြစ်ပြီး အသက် ၂၃နှစ်အရွယ်ဖြစ်ကြောင်း ထိုလက်နက်ကြီးကျည် ထိမှန်သောကြောင့် မျက်စိတစ်လုံးထွက်သွားကြောင်း ဒဏ်ရာအခြေအနေ ပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ စက်လှေဖြင့် ပို့ဆောင်ရန် ပြုလုပ်နေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ဦးခင်မောင်လတ်ကပြောဆိုသည်။

“ သူက ကျွဲ၊ နွားတွေကို ရေတိုက်နေတာ အဲမှာထိတယ်လို့ပြောတယ်။ အဲဒီနားမှာ ဒုက္ခသည် စခန်းရှိတယ်။ အစိုးရက ဆောက်ပေးထားတာ ရွာသစ်ကေစစ်ရှောင်စခန်းရှိတယ်။ ရသေ့တောင်မြို့ပေါ်က တပ်ရင်းတစ်ခုက လှမ်းပစ်တယ်လို့ ကျေးရွာသားတွေကပြောတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်မူ ကျောက်ဖြူပညာရေးကောလိပ် DTEd (22/17)A3 တွင်ပညာ သင်ကြားခဲ့ပြီး လက်ရှိ ရသေ့တောင်မြို့နယ် မူလွန် င /စံဘော်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ ဝန်ထမ်းတစ်ဦးဖြစ်သူ မောင်မျိုးဆက်နိုင်ဦးသည် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ မျက်လုံးတစ်ဖက်ထွက်ကာ ဒဏ်ရာ ကြီးစွာ ရရှိခဲ့ကြောင်း၊ စစ်တွေ ဆေးရုံသို့ ယူဆောင်လာစဥ် ပြင်းထန်သော ဝေဒနာဖြင့် သေဆုံးသွားခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ ကွယ်လွန်သော ကျောင်းဆရာ သတင်းနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ရသေ့တောင်မြို့နယ်အတွင်းရှိ ထီးစွဲနှင့် ကျောက်တန်းကျေးရွာ တစ်ဝိုက်တွင် တပ်မတော်နှင့် AA ကြား လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအများအပြား နီးစပ်ရာကျေးရွာများနှင့် စစ်တွေမြို့နယ်သို့ စစ်ဘေးရှောင်များ အဖြစ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts