Local News Peace political news

ရခိုင်ပြည်နယ်တွင် မတရားမှု အမှောင်ကျရောက်နေမှု ဖယ်ရှားရေး မကောင်းဆိုးဝါးနှင်သည့် စံဂိုးခတ်လှုပ်ရှားမှု လုပ်ဆောင်

ရခိုင်ပြည်နယ်တွင် မတရားမှု အမှောင်ကျရောက်နေမှု ဖယ်ရှားရေး မကောင်းဆိုးဝါးနှင်သည့် စံဂိုးခတ်လှုပ်ရှားမှု လုပ်ဆောင်

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်အပေါ် အမှောင်ကျရောက်နေမှုကို ဖယ်ရှားရေးအတွက် မကောင်းဆိုးဝါးနှင်သည့် စံဂိုးခတ်လှုပ်ရှားမှုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်၍ ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ယမန်နေ့ညက လုပ်ဆောင်ခဲ့ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောဆိုသည်။

ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ရခိုင်ရိုးရာဓလေ့ စကောများကို ရိုက်တီး၍ မကောင်းဆိုးဝါးနှင်သည့် လှုပ်ရှားမှုကို ယမန်နေ့က လုပ်ဆောင်ခဲ့ကြောင်း၊ အဓိက အားဖြင့် ရခိုင်ပြည်အပေါ် အမှောင်ကျရောက်နေမှုနှင့် မတရားလုပ်ဆောင်မှုများ အဆုံးသတ်ရေးဖြစ်ကြောင်း၊ ရခိုင်ပြည်သူများ အားလုံးပူးပေါင်းပါဝင်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရှိရသည်။

“စံဂိုးခတ်ဆိုတာက ရခိုင်လိုဆိုရင် သူက စကောရိုက်ပြီး မကောင်းဆိုးဝါးနှင်တာပေါ့။ ရခိုင်ရိုးရာမှာ အဲဒါကို ကျနော်တို့ လုပ်ဆောင်တာပါ။ ရခိုင်တစ်ပြည်နယ်လုံး မနေ့က ပါဝင်ကြပါတယ်။ အခု တောက်လျှောက် မနေ့ညက လှုပ်ရှားမှု ကို ပါဝင်တဲ့သတင်းတွေ ဝင်လာနေပါတယ်။ သံတွဲနဲ့ ဂွကတော့ သတင်းမရသေးဘူးပေါ့။ ၁၇ မြို့နယ်မှာ ကျန်တာတွေ အားလုံးက ပါဝင်ကြတယ်။ ပြည်ပ ရောက် ရခိုင်တွေကလည်း ဒီလှုပ်ရှားမှုမှာပါဝင်ပါတယ်။ အဓိကက ကျနော်တို့ ရခိုင်တွေအပေါ်မှာ မကောင်းဆိုးဝါးကျရောက်နေတဲ့အတွက် ဒီမကောင်းဆိုးဝါးတွေကို နှင်ထုတ်တာပါ။ မနေ့ညက ရခိုင်ပြည်သူတွေက ည ၈ နာရီ ၄၀ လောက်မှာ စတယ်။ ကျနော်တို့က ည ၉ နာရီ လောက်ကနေ ၉ နာရီ ၂၀ မှာပါဝင်ပါတယ်။ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်တာပါ။ တချို့တွေကလည်း ဒီလို စကောတွေပေါ်မှာ စစ်ပွဲ ရပ်တန့်ရေး” ဟု ကိုကျော်နိုင်ဌေးက ဆိုသည်။
အချို့သော ရခိုင်ပြည်သူများက စကောများပေါ်တွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏​ကြွေးကြော်သံများကို ရေးထိုး၍ မကောင်းဆိုးဝါးနှင်ကြသည်ဟု သိရှိရသည်။

“ ရခိုင်မှာ မတရားဖမ်းဆီးနေတာတွေ၊ မတရားမီးရှို့ခံရတာတွေ၊ ဖိနှိပ်ခံနေရတာတွေ အဲဒီလိုလုပ်နေတဲ့အဖွဲ့အစည်းကို အလိုမရှိကြောင်းဆိုတဲ့ ရင်တွင်းခံစားချက်တွေနဲ့ ပြည်သူတွေက ပူးပေါင်းပါတာပါ”ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး ကပြောသည်။

စံဂိုးခတ်လှုပ်ရှားမှုကို အမျိုးသားရေးလှုပ်ရှားမှုပုံစံဖြင့် ထပ်မံ လုပ်ဆောင်သွားရန်ရှိပြီး မည်သည့်အချိန်တွင် ထပ်မံ လုပ်ဆောင်မည်ကိုမူ မသိရှိသေးကြောင်း၊ ရခိုင်ပြည်နယ်တွင် ထပ်မံ ကြုံလာရမည့် အခြေအနေများအပေါ်တွင်မူတည်ကြောင်း ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts