All News Local News Peace

ရခိုင်တွင် အရပ်သားများ သေကြေထိခိုက်မှုများအပေါ် တပ်မတော် လျစ် လျူရှုမှု ရက်စက် တုန်လှုပ်ဖွယ်ဖြစ်ပြီး လုံခြုံရေးကောင်စီအနေဖြင့် ICC တရားရုံးသို့ လွှဲပြောင်းရန် AI တိုက်တွန်း

ရခိုင်တွင် အရပ်သားများ သေကြေထိခိုက်မှုများအပေါ် တပ်မတော် လျစ်လျူရှုမှု ရက်စက် တုန်လှုပ်ဖွယ်ဖြစ်ပြီး လုံခြုံရေးကောင်စီအနေဖြင့် ICC တရားရုံးသို့ လွှဲပြောင်းရန် AI တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်တွင် အရပ်သားများ သေကြေထိခိုက်မှုများအပေါ် တပ်မတော်၏ လျစ်လျူရှုမှုသည် ရက်စက်တုန်လှုပ်ဖွယ်ရာဖြစ်ပြီးနေပြီး ရခိုင်အရေးကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရန် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တိုက်တွန်းလိုက်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နေ့စွဲဖြင့် AI က အရပ်သားများ အပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများကို ထုတ်ပြန်လိုက်ပြီး အဆိုပါ အထောက်အထားများသည် မျက်မြင်သက်သေများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ဂြိုလ်တုဓာတ်ပုံများ၊ မီဒီယာသတင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ ရရှိကြောင်းဖော်ပြထားသည်။ မျက်မြင်သက်သေများ၏ အမည်များကို ပြောင်းလဲ ထားကြောင်း သိရှိရသည်။

“မြန်မာစစ်တပ်ရဲ့ အရပ်သားတွေ သေကြေထိခိုက်ခံစားမှုတွေနဲ့ ပတ်သက်ပြီး လျစ်လျူရှုမှုတွေက ရက်စက်တုန်လှုပ်ဖွယ်ရာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒီအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးICCသို့ လွှဲပြောင်းရမယ် ” ဟု AI အဖွဲ့၏ ဒေသဆိုင်ရာ ဒုညွှန်ကြားရေးမှူး Ming Yu Hahက ပြောဆိုထားသည်။

“AA နဲ့ မြန်မာစစ်တပ်အကြားမှာ ပဋိပက္ခတွေက လျှော့နည်းသွားမယ့် အလား အလာမရှိပါဘူး။ အရပ်သားပြည်သူတွေအနေနဲ့ စစ်ဒဏ်ကို ပိုပြီးခံစားရပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် မြန်မာစစ်တပ်၏ အင်အားတိုးချဲ့လာမှုနှင့်တပ်သက်ပြီး စိုးရိမ်ကြောင်း ၊ မြေမြှုပ်မိုင်းအသုံးပြုမှုများကြောင့် ဒေသခံများ ထိခိုက်နေရပြီး မြန်မာစစ်တပ်သည် ထိခိုက်မှု ကြီးမားပြင်းထန်သော MM2 အမျိုးအစား မြေမြှုပ်မိုင်းကို အသုံးပြုနေကြောင်း၊ မြန်မာစစ်တပ်နှင့် AA အနေဖြင့်ပါ မြေမြှုပ်မိုင်းများ (antipersonnel devices) အသုံး ပြုနေကြောင်း၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းများကြောင့် အရပ်သားများ ထိခိုက်သေကြေများ ရှိနေကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာစစ်တပ်အနေဖြင့် AA နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဘူးသီးတောင်တွင် ရိုဟင်ဂျာ ကလေးငယ်များကို ပေါ်တာအဖြစ် အတင်းအကျပ် ခေါ်ယူမှုများကိုလည်း သတိပြုမိကြောင်း ဖော်ပြထားသည်။

AI အဖွဲ့၏ အစီရင်ခံစာတွင် ကျောက်တော်မြို့နယ်အတွင်းရှိ ဘုရားပေါင်းကျေးရွာ၊ တောင်ပေါက်ကျေးရွာမှ နေအိမ်များ မီးရှိုခံရမှု၊ အရပ်သား ၂ ဦး သတ်ဖြတ်ခံရမှု၊ အမ်းမြို့နယ် ညောင်ကန်ကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ်များအပါအဝင် အရပ်သားများထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ အသေးစိတ် သက်သေခံ အချက်အလက်များနှင့်တကွ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။ Photo Credit – cincds

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts