All News Editorial Peace

ရခိုင်တွင် တရားမျှတမှု ပျောက်ဆုံးနေခြင်းက မငြိမ်းချမ်းမှုများနှင့် အလွန်ဆိုးဝါးသော အခြေအနေဆီ တွန်းပို့နေသည်

အယ်ဒီတာ့အာဘော်

ရခိုင်တွင် တရားမျှတမှု ပျောက်ဆုံးနေခြင်းက  မငြိမ်းချမ်းမှုများနှင့် အလွန်ဆိုးဝါးသော အခြေ အနေဆီ တွန်းပို့နေသည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဖောင်းဒါးကျေးရွာတွင် မဲဆွယ်စည်းရုံးနေကြသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်NLDမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို  လက်နက်ကိုင်လူအုပ်စုတစ်စုက  အောက်တိုဘာလ ၁၄ ရက်နေ့က  အကြမ်းဖက် ဖမ်းဆီးခေါ်သွားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန် အမျိုးသမီး ၂ ဦး အပါအဝင် လွှတ်တော်ကိုယ် စားလှယ်လောင်းများကိုပင် လက်နက်ကိုင်သူတို့က ဖမ်းဆီးလိုက်မှုသည် ရခိုင်ပြည်နယ်၏ အလွန် ဆိုးဝါးလာသော အခြေအနေကို ပြသနေသည်။  လက်နက်မဲ့ အရပ်သားများကို လက်နက်ကိုင်ဆောင်သည့် အဖွဲ့၊ လူစုက ဥပဒေမဲ့ ဖမ်းဆီးခြင်းမှာ လုံး၀ ကန့်ကွက် ဆန့်ကျင် ရှုတ်ချရမည့် လုပ်ရပ်ပင်ဖြစ်သည်။ မလုပ်သင့် မလုပ်ထိုက်သော အကြမ်းဖက်လုပ်ရပ်ပင်ဖြစ်သည်။

သို့ရာတွင် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်သူတိုင်းက ဥပဒေကို အလေးထားဂရုစိုက်ခြင်းမရှိဘဲ  အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု ၊ နှိပ်စက်မှုများ ထင်တိုင်းကျဲနေသည့် စနစ်သည် ယခုမှသာ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် မွေးဖွားကြီးပြင်း အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်။

အရပ်သားပြည်သူများကို လက်နက်ကိုင်သူများက အိမ်ပေါ်တက်၍ ရိုက်နှက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ကြသည်။ ဖမ်းဆီးခေါ်သွားပြီး သတ်ဖြတ်ခဲ့ကြသည်။ လက်နက်များဖြင့် ပစ်ခတ်၍ ထင်တိုင်းကျဲသတ်ဖြတ်ခဲ့ကြသည်။ ဥပဒေမဲ့ ထင်သလို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်မှုများစွာ လုပ်ဆောင်ခဲ့ကြသည်။

လက်နက် ကိုင်မှန်သမျှကို လက်နက်မဲ့ အပြစ်မဲ့ အရပ်သားပြည်သူတိုင်းက ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်နေရသည်။ ဥပဒေစိုးမိုးမှု လုံးဝမရှိတော့ပေ။  ဥပဒေမှန်သမျှသည် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှ တားဆီးနိုင်ခြင်းမရှိသည့် အခြေအနေတွင် ပြည်သူလူထုသည် အားကိုးရာမဲ့ဖြစ်နေကြရသည်။လက်နက် ရှိသူသာလျှင် ဘုရင်ဆိုသော အခြေအနေဖြစ်လာနေသည်။

ရခိုင်ဒေသတွင် အပြစ်မဲ့ အရပ်သားပြည်သူများ နှိပ်စက်ခံ၊ ဖိနှိပ်ခံ၊ ရိုက်နှက်ခံ၊ ဒုက္ခများစွာ ခံစား သေဆုံးမှုများက တရားမျှတမှုမရရှိဘဲ လျစ်လျူရှုခံခဲ့ရသည်။ ယနေ့အချိန်အထိ  အပြစ်မဲ့ အရပ်သားပြည်သူ ၃၀၀ ကျော် တရားမျှတမှု ရရှိခြင်းမရှိဘဲ လက်နက်ရှိ အင်အားကြီးသူတို့၏ သတ်ဖြတ်နှိပ်စက်မှုများကြောင့် သေဆုံးခဲ့ရကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

နိုင်ငံအုပ်ချုပ်သော အစိုးရအနေဖြင့် ရခိုင်မှအရပ်သားပြည်သူများ ဖမ်းဆီးခံရခြင်း၊ နှိပ်စက်ခံရခြင်း ၊ သေဆုံးမှုများကို လျစ်လျူမနေသင့်ဘဲ စုံစမ်းဖော်ထုတ်အရေးယူရန် တာဝန်ရှိသည်။  တရားမျှတမှု ဖော်ဆောင်ရန် မသိကျိုးကျွံ့ မပြုသင့်ပါ။ မတရားမှုများကို ဟန့်တားရန်လည်း လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုအကြောင်းတရားများက လက်နက်ရှိသူတို့အတွက် စိတ်ကြိုက် အခြေအနေဖြစ်လာစေပြီး လက်နက်အားကိုး ထင်တိုင်းကျဲသော စနစ် ပိုမိုကြီးထွားလာခြင်းဟု ဆိုရပေမည်။ 

လက်ရှိ ရခိုင်ပြည်နယ်တွင် လက်နက်ရှိသော အင်အားကြီးသူက အနိုင်ရ ထင်တိုင်းကျဲသည့် စနစ် ရှင်သန်ကြီးထွားလာမှုကို အမြန်ဆုံးရပ်တန့်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ လက်နက်ရှိသူများ၏ ထင်တိုင်းကျဲနေမှုများကို အမြန်ဆုံးရပ်တန့်ပြီး အပြစ်မဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူ ပြည်သူတိုင်းအတွက် တရားမျှတမှု ရရှိရေး အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုသို့မလုပ်ဆောင်ခဲ့ပါလျှင် အမုန်းတရားအပေါ် အခြေခံသော အာဃာတများ ပိုမိုကြီးထွားလာပြီး  ရခိုင်ဒေသ ငြိမ်းချမ်းရေးဆိုသည်မှာ ပို၍ ပို၍ ဝေးကွာလာနိုင်သည်။ အစဉ်အမြဲ မငြိမ်းချမ်းသော လူ့ဘောင်တစ်ခုဆီသို့ ဦးတည်နေသော လားရာကို မြင်နေရသည်။  

ရခိုင်အခြေအနေနှင့် မြန်မာ့အခြေအနေကို ဖော်ပြရာတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးနှစ်ခု၏ အဆို အမိန့်ကို ကိုးကားလိုပါသည်။

“Injustice anywhere is a threat to justice everywhere.” အမေရိကန်လူမည်းခေါင်းဆောင် Martin Luther King Jrက ဆိုထားသည်။ “ဘယ်နေရာမှာမဆို မတရားမှုရှိနေခြင်းက နေရာတိုင်းမှာ တရားမျှတမှုကို ခြိမ်းခြောက်နေတယ်” ဟု Martin Luther King Jr ကဆိုထားရာ  ရခိုင်ပြည်နယ်မှ တရားမျှတမှု ပျောက်ဆုံးနေခြင်းသည်  ပြည်ထောင်စုတစ်ခုလုံး၏ တရားမျှတမှု အခြေအနေကို ခြိမ်းခြောက် မေးခွန်းထုတ်လာနေသည်ဟု ဆိုရပေမည်။

ဂျာမန်-အမေရိကန် ကဗျာဆရာ၊ ဝတ္တုရေးဆရာ Charles Bukowski က “I guess the only time most people think about injustice is when it happens to them.” ဟု ဆိုထားသည်။   “လူအများစုက သူတို့ကိုယ်တိုင် မတရားမှုတွေကို ကိုယ်တိုင်ခံစားတွေ့ကြုံလာရချိန်မှပဲ မတရားမှုတွေအကြောင်း စဉ်းစားလာကြတယ်” ဟု Charles Bukowski ကပြောဆိုထားသည်။  မြန်မာ့အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် ကိုယ်တိုင် မတွေ့ကြုံ မခံစားရသေးသည့်တိုင် ရခိုင်တွင် မတရားမှုများ ရှိနေသည်ကို နှုတ်ဆိတ်မနေဘဲ ၊ လျစ်လျူရှုမနေဘဲ  တွေ့ကြုံခံစားနေရသူများကို စာနာလျက်”မတရားမှုမှန်သမျှ အဆုံးသတ်ရေး” တောင်းဆိုရမည်ဖြစ်သည်။ 

အလွန်ဆိုးဝါးနေသော ရခိုင်ဒေသအခြေအနေ သာမက နိုင်ငံတစ်ဝန်းလုံးမှ နှစ်ပေါင်း ၇၀ ကျော်  မငြိမ်းချမ်းမှုများ၊ မတရားမှုများကို  မြန်မာလူ့အဖွဲ့အစည်း တစ်ခုလုံးက လျစ်လျူရှုမနေသင့်တော့ဘဲ မတရားမှုများအားလုံး ချက်ချင်းရပ်တန့်ရန်၊ စစ်ပွဲများအားလုံး ချက်ချင်းရပ်ဆိုင်းရန်၊  ငြိမ်းချမ်းရေး ချက်ချင်းဆွေးနွးရန် တောင်းဆိုရမည့် အရေးကြီးဆုံးသော အချိန်အခါရောက်ရှိနေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts